Breaking News

မောင်တူး - နွေဦးစစ်ပွဲနှင့် ဒီမိုကရေစီယဉ်ကျေးမှု

မောင်တူး - နွေဦးစစ်ပွဲနှင့် ဒီမိုကရေစီယဉ်ကျေးမှု

(မိုးမခ) မတ် ၁၀ ၊ ၂၀၂၃

နွေဦးစစ်ပွဲ၊ ခုခံနွှဲနေ

"အသည်းကြားမှ၊ မဲတပြား" တို့

တရားမဲ့စွာ၊ စစ်အာဏာအောက်

အရာမဝင် ပျောက်သောကြောင့်။ ။


စစ်ပွဲဘာကြောင့်ဖြစ်ရပါသနည်း

"စစ်ကို မလိုလားသောကြောင့် စစ်ကိုတိုက်နေရတာပါ"လို့ နိုင်ငံရေး ခေါင်းဆောင်တွေ၊ စစ်ဗိုလ်ချုပ်တွေက ပြောခဲ့ကြတာ ကြားဖူးပါရဲ့။ "စစ်ကို လိုလားသူ၊ စစ်နဲ့ အကျိုးစီးပွား ဖြစ်နေသူတွေက စစ်ဆင်စစ်တိုက်လာတာကို ရိုက်ချိုး တားဆီးဖို့ စစ်တိုက်နေရတာပါ"လို့လည်း ပြောကြပါတယ်။

အမှန်ပဲဖြစ်ပါတယ်။ စစ်ကို မတိုက်ချင်ဘဲလည်း တိုက်ကြရပါတယ်။ တိုက်ချင်လည်းပဲ တိုက်ရတာပါ။ စစ်မတိုက်ချင်ဘူးဆိုပြီး ထိုင်နေလို့မရ။ စစ်မတိုက်ချင်ဘူး ဆိုပြီး အိပ်နေလို့မရ။ စစ်သွေးဆာသူတွေက လာတိုက်ရင် ပြန်မတိုက်လို့ မရပါ။ ရပ်ကွက်ထဲက ရည်းစားလုဖက်နဲ့ ရန်မဖြစ်ချင်လို့ဆိုပြီး ဟိုဖက်ရပ်ကွက် သွားရှောင်နေတာမျိုး မရပါ။ ရရာလက်နက်၊ စွဲကိုင်လျက်ဖြင့်၊ တွဲလက်ပြည်သူ၊ ဝိုင်းကူကြပြီး ပြန်တိုက်ရတာပါပဲ။ ဒီလိုနဲ့ ကမ္ဘာစစ်ကြီးတွေလည်း ဖြစ်ခဲ့ကြပြီးပြီ။ ကရူးဆိတ်စစ်ပွဲများ။ ကိုလိုနီနယ်ချဲ့ နယ်လု စစ်ပွဲတွေ၊ ပထမကမ္ဘာစစ်၊ ဒုတိယကမ္ဘာစစ်၊ လက်ရှိ ပြည်ပက စစ်ပွဲတွေ၊ လက်ရှိ ကျနော်တို့ ပြည်တွင်းက အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီ ထိုးစစ်တွေကို ခုခံတိုက်ပွဲဝင်နေကြတဲ့ နွေဦးတော်လှန်ရေးစစ်ပွဲတွေဟာ မြင်တွေ့နေကြရတာပေါ့။

နွေဦးတော်လှန်စစ် ဘာကြောင့်ဖြစ်

မြန်မာပြည်သူတွေဟာ စစ်ကို မလိုလားကြပါဘူး။ စစ်ကို ရှောင်လွှဲကြပါတယ်။ ၁၉၅၈ ခုနှစ်က စလာခဲ့တဲ့ ဦးနေဝင်း စစ်အာဏာရှင် စစ်တပ်ဟာ ပြည်သူလူထုကို ဗိုလ်ကျစိုးမိုးခဲ့ပေမဲ့ မြန်မာပြည်သူတွေ သည်းခံခဲ့ကြတယ်။ ၂၆ နှစ်အကြာ ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာလည်း ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေးတွေကို လက်သီးဆုပ်တန်း၊ စုရုံးလမ်းလျှောက်၊ ဆန္ဒလောက်သာ သပိတ်မှောက် ပြသခဲ့ကြတယ်။ သွေးဆာနေတဲ့ ဦးနေဝင်း မဆလ စစ်တပ်ဟာ ပြည်သူတွေကို ပစ်သတ်ခဲ့ကြတယ်။ ဒါပေမဲ့ ပြန်တိုက်မယ်ဆိုပြီး တောခိုခဲ့ကြသူတွေဟာ အခုလောက် မများခဲ့ပါဘူး။ လူထုဟာ လက်သီးလက်မောင်တန်း ဆန္ဒပြခဲ့ကြသလို ၁၉၉၀ ရွေးကောက်ပွဲမှာ ကျတော့လည်း "အသည်းကြားက မဲတပြား" နဲ့ ဒီမိုကရေစီပါတီ NLD ကိုပဲ လက်သန်းမင်ပြာ ဖြစ်စေပြီး တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါပေမဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ကို အာဏာလွှဲမပေးတဲ့အခါ လူထုဒေါသ ဖြစ်ပေမဲ့ သည်းခံခဲ့တာပါပဲ။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာလည်း လူထုဟာ လက်သန်းမင်ပြာဖြစ်စေပြီး NLD ကို သောင်ပြိုကမ်းပြို မဲပေးခဲ့ကြတာပေါ့။ ၂၀၁၅ မှာ အာဏာလွှဲပေမဲ့ ၂၀၂၀ မှာ အာဏာမလွှဲပဲ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းတော့ လူထုဒေါသဟာ အထွတ်အထိပ်ရောက်သွားပြီ။ ဒါပေမဲ့ သည်းခံတယ်။ ဆန္ဒပြတောင်းဆိုကြပါသေးတယ်။ တပြည်လုံးမှာ လူပင်လယ်ကြီးတွေလေ။ ဒါပေမဲ့ မင်းအောင်လှိုင် စစ်တပ်က ဆန္ဒပြသူတွေရဲ့ ခေါင်းတွေကို ပစ်၊ သတ်၊ ရိုက်၊ ဖမ်းလာတဲ့နောက် ပြည်လူထု ရွေးစရာ တလမ်းပဲ ရှိပါတော့တယ်။ အဲ့ဒါကတော့ ပြည်သူ့အတွက် ပြည်သူရှိတဲ့ ခုခံ စစ်ပွဲပါပဲ။ ခုခံစစ်ပွဲနော်၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ တိုင်းရင်းသားတပ်တွေက စစ်ကောင်စီ ထိုးစစ်ဆင်လာရင် ခုခံတိုက်တယ်။ ပြောက်ကျား တိုက်တယ်။ ဒီလောက်ပါပဲ။ စစ်ကို ပြည်သူက စတိုက်တာမဟုတ်ပါ။ စစ်အာဏာရှင်ကသာ စတိုက်ခဲ့တာလေ။ မတိုက်ချင်ပေမဲ့ မတိုက်ရင် မြောက်ကိုရီးယားလို ဖြစ်သွားမှာစိုးလို့။ တိုက်ရင် တောင်ကိုရီးယားလို ဖြစ်လာမှာကြောင့် တိုက်ကြရပါတယ်လို့တောင် ပြောနေကြပါပြီ။ 

စစ်နဲ့ ဒီမိုကရေစီယဉ်ကျေးမှု

ဒီမိုကရေစီဆိုတာ လူထုပြည်သူတွေက သူတို့ကိုယ်တိုင် သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြီးကြပ်မှုနဲ့ အမတ်တွေကို မဲပေးရွေးချယ်တဲ့ စနစ်ပါ။ အဲ့ဒါကို ဒီမိုကရေစီ နည်းကျတယ်လို့ခေါ်သပေါ့။ ဒီမိုကရေစီယဉ်ကျေးမှုပေါ့။ ၅ နှစ်တကြိမ် မဲပေးရွေးချယ်မယ်။ နိုင်သူ အစိုးရဖွဲ့ပေါ့။ တိုင်းပြည်တိုးတက်အောင် အဲ့သည် မဲနိုင် အစိုးရက လုပ်ပေ‌တော့။ ၅ နှစ်မှာ ကောင်းအောင်လုပ်ပေးတဲ့ ပါတီကို နောက်တကြိမ် ရွေးကောက်ပွဲမှာ ထပ်ရွေးမယ်။ ကောင်းအောင်မလုပ်ရင်တော့ ဂျောင်း ပေါ့။ ဒီမိုကရေစီယဉ်ကျေးမှုပါ။ စစ် အာဏာရှင်ဟူသည်မှာတော့ မဲပေးပွဲစစ်စစ်ကို မလိုလားပါ။ မဲပေးရွေးချယ်ပြီး ဒီမိုကရေစီပါတီက နိုင်ရင် အာဏာသိမ်းမယ်ဆိုတဲ့သူတွေပါ။ စစ်တပ်ကြိုက် ဒီမိုကရေစီမဲ့တဲ့ပါတီက နိုင်ရင်တော့ စစ်အာဏာရှင် သဘောတော် ကျတာပေါ့။ ဒီမိုကရေစီ အားကောင်းရင်၊ ဒီမိုကရေစီ ရှင်သန်ရင် စစ်တို့ စစ်တပ်တို့ဆိုတာ အရာမဝင်တော့ပါဘူး။ ငြိမ်းချမ်းနေပြီ ဖြစ်မှာကိုး၊ ပြောင်းပြန် ပြောရရင် ဒီမိုကရေစီနည်းကျ လူထုအကြိုက် ရွေးချယ်လိုက်တဲ့ ဒီမိုကရေစီပါတီကို အာဏာလွှဲမပေးဘဲ စစ်တပ် အာဏာသိမ်းသောအခါ စစ်ပွဲကြီးငယ် အသွယ်သယ်ကို ဖိတ်ခေါ်လိုက်သလို ဖြစ်တော့တာပေါ့။ 

နွေဦးတော်လှန်ရေးစစ်ပွဲ

မကျေနပ်ချက်တွေ၊ ရပိုင်ခွင့်တွေ၊ ဒီမိုကရေစီတွေကို နှုတ်နဲ့ ပြောဆိုဆွေးနွေး တောင်းဆိုလို့ မရတော့တဲ့အခါ စစ်ပွဲဟာ ရှောင်လွဲလို့ မရတော့ပါ။ ချောင်ပိတ်၍ရိုက်၊ ပြန်တိုက်ခိုက်ရ၊ ဦးစိုက်တောင်းပန်လို့ မရတော့ပါပြီ။ ဒီလိုမျိုး အခြေအနေဟာ ၁၉၈၈ ကလည်း ဖြစ်ဖူးခဲ့တာပါ။ ဒါကို ဒီကဗျာကလေးက သက်သေပြနေတာပါ့။ 

“ABSDF ကို ဖြတ်သန်းခြင်း ၂ “

သွေးပလက်ဖောင်း

စာသင်ကျောင်းတို့

ရွှေ့ပြောင်းမြိုင်ရပ်နှင်သောအခါ။

သမိုင်းမီးလျှံ

မုန်တိုင်းထန်သည်

ဓား လှံ လေး မြား ပွားစီး၏။ ။

(မောင်လွမ်းဏီ)

၁၉၈၈ ခုနှစ်မှာ ABSDF ကျောင်းသားတပ်မတော် ပေါ်ပေါက်လာရတဲ့ အကြောင်း နောက်ခံကို ကဗျာဆရာ မောင်လွမ်းဏီက ရေးထားတာပါ။ အခုလည်း PDF တပ်တွေ နွေဦးတော်လှန်ရေး တပ်ဖွဲ့တွေ ပေါ်ပေါက် လာရတာဟာလည်း ဒီသဘောနှင်နှင်ပါပဲ။ ၈၈ လမ်းတွေပေါ်မှာ ဆန္ဒပြသူတွေကို အစုလိုက် အပြုံလို ပစ်သတ်ခဲ့တယ်။ ဒါကြောင့် လက်နက်ကိုင် ပြန်တိုက်ဖို့ ကျောင်းသားတွေ တောခိုခဲ့ကြတယ်။ ABSDF ပေါ်လာတယ်။ စစ်ပွဲတွေ ဖြစ်ကြတယ်။ နယ်စပ်ဒေသတွေမှာသာပါ။ ၁၉၈၈ ဆန္ဒပြပွဲတွေဟာလည်း အာဏာသိမ်းလိုက်အပြီး ရပ်ကုန်ပါတယ်။ ဒါပေမဲ့ အခုအခါ ၂၀၂၁ နွေဦးတော်လှန်ရေးမှာတော့ သပိတ်မှောက် ဆန္ဒပြပွဲတွေကလည်း ၂ နှစ်ကျော်တဲ့ အထိ ပြဆဲပါ။ ပြည်တွင်း ပြည်ပ နေ့စဉ်အပတ်စဉ် လမ်းလျှောက် ချီတက် ဆန္ဒပြ သပိတ်တွေကလည်း မရပ်ပါ။ ဒီမိုကရေစီ ယဉ်ကျေးမှုအရ အမှန်တရား ပြန်လည်ရရှိရေး ဆန္ဒပြပြီးကြေညာကြတာလေ။

မြက်ရိုင်းမာန

ပန်းအိုးထဲတွင်

စိုက်ပျိုးလျှင်မူ

မြေပြင်ကျဉ်းကြောင်းကြေညာမည်။ ။ 

(အောင်ဇင်မင်း)

ဆရာ အောင်ဇင်မင်းက စာပေကင်ပေတိုင်ကို ဦးတည်ပြီး ဒီကဗျာကို ရေးတယ်လို့ ဆိုပေမဲ့ ဒီနေ့ ကျနော်တို့ ပြည်သူတွေကတော့ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပွဲဟာ စစ်ခမောက်ထဲမှာ တိုင်းပြည်ကံကြမ္မာကို ထည့်သွင်းလိုက်တာလို့ ခံစားနေကြရပါတယ်။ ဒါကြောင့်လည်း အာဏာသိမ်း အကြမ်းဖက် မင်းအောင်လှိုင် စစ်ကောင်စီကို ဆန့်ကျင်ပြီး ၂ နှစ်ကျော်ကာလတိုင်အောင် မြန်မာပြည်မှာ တနေ့မပြတ် သပိတ်စစ်ကြောင်းတွေနဲ့ ဆန္ဒပြနေကြတုန်းပါ။ ဒါပေမဲ့ ဒီလို ဆန္ဒပြတောင်းဆိုချက်တွေက်ုလည်း မလိုက်လျောကြတဲ့အခါမှာတော့ ရရာ လက်နက်စွဲကိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ၂၀၂၁ ခုနှစ် မေလ ၅ ရက်မှာ ပေါ်ပေါက်လာခဲ့ရပါတယ်။ ၂ နှစ်ပြည့်ပါတော့မယ်။

“မမဲ့နဲ့”

လက်မဲ့ဟာ အမြဲငိုမဲ့မဲ့

အလုပ်လက်မဲ့

အိမ်ယာမဲ့

ဥစ္စာမဲ့

လက်သည်မဲ့ ပိုင်ရှင်မဲ့

စည်းမဲ့ကမ်းမဲ့ကောင်တွေက

ထီးနဲ့နန်း အဓမ္မ လုယက်ကုန်ကြပြီ။ 

လက်မဲ့ရင် အသက်မဲ့ဖို့လွယ်လွန်းတဲ့ခေတ်မှာ

အသက်ဓာတ်မြဲဖို့ လက်နက်စွဲရတာ ဓမ္မပဲညီလေး။ ။ 

ပန်းတော်ဆက်

နိဂုံး သို့မဟုတ် နွေဦးစစ်နိုင်မှ ဒီမိုကရေစီယဉ်ကျေးမှုရှင်သန်မည်

စာရေးဆရာ အကြည်တော် ပြောခဲ့သလို "ပြည်သူလူထုက နိုင်နေပါပြီ။ အရှက်မရှိ စစ်အာဏာရှင်က ထွက်မသွားသေးလို့ မောင်းထုတ်နေရတာ" ဆိုသလို။

မင်းကိုနိုင် ပြောခဲ့သလို "အမှတ်နဲ့ဆို ပြည်သူလူထုက နိုင်နေပါပြီ။ ဒိုင်တွေက စစ်အာဏာရှင်ဘက်က လိုက်နေလို့ အလဲထိုးကြရပါမယ်" ဆိုသလိုပေါ့။ 

စစ်အာဏာရှင်ကို အလဲထိုးရပါမယ်။ ၁၀၀ ရာခိုင်နှုန်းပြည့် ညီညွတ်ကြရပါမယ်။ PDF တွေချည်းမရပါ။ ဘုံရန်သူကို ဦးတည်တိုက်မယ့် တိုင်းရင်းသားတော်လှန်ရေးတပ်တွေ အားလုံးရော၊ CDM တွေ အားလုံးရော၊ ပြည်သူလူထု တရပ်လုံးပါဝင်တဲ့ ပြည်တွင်းပြည်ပ သပိတ်မှောက် ဆန္ဒပြသူတွေ အားလုံးရော၊ အားလုံးအားလုံး ညီညွတ်မှ နွေဦးစစ်ပွဲအောင်မှာပါ။ နွေဦးတော်လှန်ရေး အောင်မြင်မှသာ ရွေးကောက်ပွဲ မဲနိုင်ပါတီကို စစ်တပ်က အာဏာသိမ်းလေ့ရှိတဲ့  စစ်မီးမွှေးဝါဒတွေလည်း ပျောက်မှာပါ။ တချိန်တည်းမှာပဲ နွေဦးစစ်ပွဲအနိုင်ရပါမှ ဒီမိုကရေစီယဉ်ကျေးမှု ပြန်လည် ထွန်းကားလာရမှာပါ။ ။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar