Breaking News

ညိုထွန်းလူ - ဟေ့-သူငယ်ချင်းရေ (၂)

ဓာတ်ပုံ - လှဂုဏ်ရည် ဦးကျော်ဝင်း

ဟေ့ ... သူငယ်ချင်းရေ (၂)
ညိုထွန်းလူ
(မိုးမခ) မတ် ၁၀၊ ၂၀၂၃

သူ့အကြောင်းကို တစိမ့်စိမ့်တွေးရင်းဖြင့် အမှတ်ရစရာတွေက တခုပြီးတခုပေါ်လာခဲ့ပြီး ကျွန်တော့်မျက်နှာက စပ်ဖြဲဖြဲဖြစ်သွားရလေ၏။ တကယ်တော့ ကျွန်တော်တို့သူငယ်ချင်းတွေအားလုံး သူဒုက္ခပေးသမျှတွေကို မည်သူမျှမလွတ် အီဆောင့်နေအောင် လှိမ့်ခံခဲ့ကြရသည်ပဲ။ ခက်တာက ကျွန်တော်တို့ကလည်း အဲသည်လိုမျိုး တစ်နှစ်တစ်ကြိမ်လောက်မှ မကြုံတွေ့ရလျှင် စိတ်ထဲမှာ တခုခုလိုနေသလိုလို။ အထူးသဖြင့်သင်္ကြန်ရောက်တိုင်း သူ့ကိုသတိထားနေရ၏။
သင်္ကြန်စာ ဖတ်မထား၍ သိကြားမင်းသည်  မည်သည့်သတ္တဝါကိုစီး၍သကာလ လူ့ပြည်သို့ ဆင်းလာမည်ကို မသိရ။ သူကတော့ ကျွန်တော်တို့ သူငယ်ချင်းတွေဆီသို့ ဆိုက်ကားစီး၍ ရောက်လာမည်ဟု သေချာပေါက်ပြောရဲသည်။ သူ့အိမ်ထောင့်မှာ ဆိုက်ကားဂိတ်ထိုးထား၍ဆိုက်ကားဆရာတွေလည်း သူ့ကိုမလွန်ဆန်နိုင်။ တခါ
တရံတော့ ဆိုက်ကားဆရာကလည်း သူ့လိုပဲယမကာမှီဝဲသူဖြစ်၍ နှစ်ယောက်သားပေါင်းဖက်မိပြီး အိုကေမှာစိုပြေသွားကြလေသည်။
သင်္ကြန်တွင်းတစ်ရက် တစ်ကိုယ်လုံး ရေတွေရွှဲရွှဲစို၍ ယိုင်ထိုးယိုင်ထိုးဖြင့် အိမ်ထဲသိုဝင်လာသည့် သူ့ကိုမြင်လိုက်ရသည်နှင့် စိုးရိမ်ပူပန်မှု‌တွေက ငယ်ထိပ်ဆီသို့ ဆောင့်တက်လာ‌ခဲ့သည်။ လူကောင်ကြီးကလည်း ခပ်ထွားထွား၊ အသံကလည်း ကျယ်လိုက်ပါဘိသနဲ့။ ကျွန်တော့်မှာ သူပြောချင်ရာ ပြောနေတာတွေကိုလည်း နားထောင်‌ရ လဲကျမသွားအောင်လည်း ထိန်းပေးထားရသမို့ ကြာတော့စိတ်မရှည်ချင်။
ယင်းသမို့ကြောင့် ငွေစက္ကူအချို့ကို ဆက်ကပ်ပြီးနောက် ငါ့လက်ကလွတ် ဗြွတ်ဆိုသည့်ထုံးကို နှလုံးမူ၍ တစ်ခြားသူငယ်ချင်းတစ်ယောက်ဆီကို မြန်မြန်သွားဖို့ တိုက်တွန်းရ၏။ သိပ်မကြာခင် သူပြန်သွားသည်နှင့် အိန္ဒြေမဆောင်နိုင်တော့ဘဲ မြူးပျော်သွား၏။ တဖန်နောက်ထပ်လှည့်ကျမည့်သူ၏ ဝဋ်ဒုက္ခကိုတွေးပြီးဝမ်းသာလုံး
ဆို့သွားရလေ၏။ တစ်ခုတော့ ထူးခြားသည်။ သင်္ကြန်တွင်းမှာ ကျွန်တော့်ဆီကိုတစ်ရက်ပဲ လာလေ့ရှိသည်။ ကျန်သည့်ရက်တွေမှာ ဘယ်ဆီသို့ ခြေဦးလှည့်နေသည်မသိ။

တစ်နှစ်တော့ သင်္ကြန်ရောက်တိုင်း မလွဲမသွေရင်ဆိုင်ရမည့်သူ့ဒုက္ခကို မခံနိုင်တော့ပြီမို့ ကျွန်တော်တို့တတွေ တိုင်ပင်ပြီးသင်္ကြန်မရောက်ခင်ကတည်းကကြိုတင်၍ သတင်းထုတ်ပြန်လိုက်ကြသည်။
တစ်ယောက်က တရားစခန်းဝင်မည်။ တစ်ယောက်ကလည်း မိသားစုနှင့်အတူ ရွှေစက်တော်ဘုရားဖူးသွားမည်။ ကျွန်တော်ကလည်းမခေ ငပလီသို့ဒိုးမည်ဟူ၍။ အရေးကြီးတာသင်္ကြန်တွင်း မန္တလေးမှာကျွန်တော်တို့
မရှိ ကြောင်း သူသိစေဖို့ဖြစ်သည်။
သူက ကျွန်တော်တို့ကို အံ့အားတသင့်ကြည့်နေသည်။
ပြီးမှ ငါက ဒီသင်္ကြန်တော့ မသောက်တော့ဘဲနေမလို့ကွဟုဆိုလိုက်၍ ကျွန်တော်တို့မှာ ဘာပြောရမှန်းမသိတော့။ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရသည်။ အလိမ်တွေပေါ်သွားမည်စိုး၍ သူ့ရှေ့မှာ ရယ်လည်းမရယ်ရဲ။ တကယ်လည်းသူ့ပြောစကားအတိုင်းကတိတည်သည်။ သင်္ကြန်တွင်းမှာ လုံးဝအရက်မသောက်ခဲ့။သူ့အိမ်မှာပဲ အေးအေးဆေးဆေးနေသည်။သည်‌တော့လည်း စိတ်ချမ်းသာရပြန်သည်။ ငါ့ကောင်ကြီးကျန်းမာစေဟု မေတ္တာမိုးတွေ သွန်းဖြိုးပေးရလိုက်သည်ပေါ့။
သို့ရာတွင် သင်္ကြန်ပြီး၍ ကဆုန်လပြည့်မတိုင်ခင်ကလေးမှာထုံးစံအတိုင်း ပြန်ဖောက်သွားသည်။ သို့ဖြင့် လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ သူ့အကြောင်းကိုပြောကြရင်း သူငယ်ချင်းတစ်ယောက်က ဒီတခါတော့ ကလင်ဒါဖောက်သွားပြီ ခန့်မှန်းလို့မရတော့ဘူးဟု မှတ်ချက်ပြု၍  တဟားဟားရယ်မောလိုက်သည်။ အတူထိုင်နေကြသည့် ကျွန်တော်တို့အားလုံး မြူးထူးပျော်ရွှင်နေပြီး တဟိဟိတခွိခွိ။
သူ့ဘုန်းတန်ခိုးကလည်းကြီးမားလှသည်။ သူ့ကွယ်ရာမှာ သူ့အကြောင်းကို အတင်းတုပ်၍မရတာကို ကျွန်တော်တို့ မသိကြ။ စကားဝိုင်းဖွဲ့ပြောနေကြရင်းခပ်လှမ်းလှမ်းဆီမှ လက်ဖက်ရည်ဆိုင်ဆီသို့ လာနေသည့်သူ့ကိုတွေ့လိုက်ရသောအခါ အံ့အားသင့်သွားပြီး အားလုံးပျာယာခတ်ကုန်ကြသည်။ အကုသိုလ်က ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာတော့မည်ကော။ ရယ်သံတွေချက်ချင်းတိတ်ဆိတ်သွား၏။ တိုင်ပင်ထားစရာမလိုဘဲ ဝုန်းခနဲ ပြိုင်တူမတ်တတ်ထလိုက်ကြ၏။ ထို့နောက် လေ၏လျင်မြန်ခြင်းဖြင့် သူနှင့်ဝေးရာဆီသို့ . .။

 - - - - - 

လွန်ခဲ့သည့် ၁၅ နှစ်လောက်က လမ်း၈၀မှ မြို့သစ်ဆီသို့ ကျွန်တော်ပြောင်းရွှေ့သွားခဲ့သည်။ သူ့စက်ကွင်းထဲက လွတ်ကင်းသွားခဲ့၍ ကျေနပ်၍မဆုံး။ သို့သော်လည်း သူ့ကိုသံယောဇဉ်ကမကုန်နိုင်။ သူငယ်ချင်းတွေနှင့်ဆုံလေ
တိုင်း သူ့အကြောင်းကိုမေးရမြန်းရစမြဲ။ ဘာမျှမထူးခြား ယခင်အတိုင်းပဲတဲ့။ သုံးလေးလလောက်ဖောက်သည်။ပြီးတော့ ပြန်ကောင်းပြီး လူလိုသူလိုနေသည်။ ထို့နောက်ပြန်သောက်သည်။
နှစ်ကာလတွေ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့သည်။ သူဒုက္ခပေးခဲ့သည့် သူငယ်ချင်းတချို့ ရှေ့ခရီးသို့ ဆက်လက်ထွက်ခွာသွားကြပြီ။ ကျန်ရစ်ခဲ့သူတွေကလည်း ရောဂါတွေကိုယ်စီဖြင့်။ အသက်တွေ ကြီးလာကြတော့လည်း ခန္ဓာကိုယ်အား သောက်ဆေးထိုးဆေးတွေဖြင့် မယိုင်မလဲအောင် ကျားကန်ထားကြရသည်။ 
သည်အချိန်မှာပဲ သူ့ကောင်းသတင်းကို ကြားရသည်။ သူလုံးဝအရက်မသောက်တော့။ သူ့မိခင်ကြီးလည်း ဆုံးပါးသွား၍ သူတို့ညီအကိုမောင်နှမတစ်တွေ အမွေခွဲလိုက်ကြသည်။ သူကတော့ အမွေရသည့် မြေနေရာမှာ တစ်ထပ်တိုက်ကလေး ဆောက်ပြီး တစ်ယောက်တည်း နေသည်တဲ့။ 
ကျွန်တော်သဘောကျသွားသည်။ သူ့ဆီသို့ တစ်ရက်လောက်တော့ သွားဦးမှဟု တွေးလိုက်သော်လည်း တော်တော်နှင့် မရောက်ဖြစ်။ ပြီးတော့ သူ့ကိုစိတ်ချလက်ချ မယုံရဲသေးတာကြောင့် ပုံမတော် ငါသွားတဲ့အချိန်နှင့် သူဖောက်သွားတဲ့အချိန် တည့်တည့်တိုးလျှင် ဒုက္ခရောက်ရချည့်ဟု ကြံဖန်တွေးပြီး စိုးရိမ်နေမိခဲ့သည်။

သည်လိုဖြင့် တစ်ရက်တော့ ညနေသုံးနာရီလောက်မှာ သူ့ဆီသို့ ရောက်သွားခဲ့သည်။ ဝါးပက်လက်ကုလားထိုင်
ပေါ်မှာထိုင်ရင်း သူငယ်ချင်းနှစ်ယောက်နှင့် ‌ပွားနေကြသည့်သူ့ကို တွေ့လိုက်ရ၍ ပျော်သွားသည်။ သူကလည်း ကျွန်တော့်ကိုမမျှော်လင့်ဘဲ တွေ့လိုက်ရ၍ အံ့အားသင့်သွားပြီး ဝမ်းသာအားရဆီးကြိုသည်။ အံ့ဩစရာပါပဲ
 သူ့ရုပ်သွင်သဏ္ဍာန်က လွန်ခဲ့သည့် ငါးနှစ်တုန်းကလိုပဲဖြစ်သည်။ အပြောင်းအလဲမရှိ။ ဆေးပေါ့လိပ် လက်ကြားညှပ်ရင်း ပြုံးရွှင်လန်းဆန်းနေလျက်။
မနက်ကိုးနာရီလောက်မှာ လက်ဖက်ရည်ဆိုင်သွားဖို့ သူငယ်ချင်းတွေက မော်တော်ကားဖြင့် လာခေါ်သည်။ နေ့လည်လောက်မှာ အိမ်ပြန်ရောက်သည်။ ခဏနေတော့ သူငယ်ချင်းတွေ သူ့ဆီကိုရောက်လာကြပြန်သည်။
ညနေမှောင်တော့မှလူစုခွဲကြသည်။
သူတို့ကိုကြည့်ရင်း ကြည်နူးသွားခဲ့ရသည်။ ကျွန်တော်တို့သူငယ်ချင်းတွေက တစ်ချို့က ငယ်ပေါင်းတွေ။ တချို့ကျတော့ကြီးမှ ဆုံခဲ့ကြသူတွေ။ သို့သော်လည်း ကျွန်တော်တို့အားလုံးအရွယ်အိုလာကြသည့်တိုင် ရှေးကထက်ပို၍ချစ်နေကြဆဲ။

"သူ့ကို သူငယ်ချင်းသုံးယောက်က တစ်ယောက်ငါးသောင်းစီ လတိုင်းပေးတယ်။ သူ့တူမကလည်း တစ်လသုံးသောင်းပို့ပေးတယ်။ ဝင်ငွေက တစ်လတစ်သိန်းရှစ်သောင်းရှိတာဗျ။ ပေါ့သေးသေးမဟုတ်ဘူးရယ်။ ဆန်ဆိုင်ဖွင့်ထားတဲ့ သူငယ်ချင်းကလည်း တစ်လစာဆန်နဲ့ ဆီကို လတိုင်းပို့ပေးနေတာလေ။"

သူငယ်ချင်းတစ်ယောက်က ပြောလိုက်၍ အံ့ဩသွားသည်။ ဟန်ကျလိုက်ပုံများနှယ်။ ထမင်းအတွက်လျှပ်
စစ်ထမင်းပေါင်းအိုးဖြင့်တည်ပြီး စားချင်တဲ့ဟင်းကိုတော့ ဆိုင်က ဝယ်လိုက်သည်တဲ့။ သူ့အကြောင်းကြား
ရတာ ကျေနပ်စရာတွေချည်း။ သို့ရာတွင် တစ်ယောက်တည်းနေရ၍ သူ့ကျန်းမာရေးအတွက် စိတ်မချ။
အသက်တွေကြီးလာကြပြီး တစ်ခုခုဖြစ်သည်နှင့် အနားမှာအဖော်မရှိလျှင်ဘာမျှမတတ်နိုင်။

မင့် ဘာရောဂါတွေရှိတုန်းဟု မေးလိုက်တော့ သူခေါင်းရမ်းပြသည်။ သွေးတိုး ဆီးချို ကျောက်ကပ် ရောဂါတွေ တစ်ခုမှမရှိဘူးတဲ့။ သူ့ကိုအံ့အားတသင့် ကြည့်နေမိသည်။ ထို့နောက်ကလေးတစ်ယောက်လို ဖြစ်သွားပြီး ကျွန်တော့်ရင်ထဲမှာ မခံချင်စိတ်တွေရောက်လာခဲ့သည်။ ဘယ့်နှယ်ဗျာ ကျွန်တော်တို့မှာဖြင့် ရောဂါတွေကိုယ်စီနှင့်၊ ဘဝတလျှောက်လုံး နေချင်သလိုနေလာခဲ့သည့်သူကတော့ မည်သည့်ရောဂါမျှမကပ်ညိဒေါင်ဒေါင်မြည် ကျန်း မာနေဆဲ။ အောင့်သက်သက်ဖြစ်သွားပြီး . .နှယ်ကံကောင်းတာဟာ ဟုဆဲဆိုပြီး ရယ်‌ရယ်မောမောဖြင့် ချီးမွှမ်းလိုက်မိသည်။ သူကလည်းသဘောကျသွားပြီး တဟဲဟဲရယ်နေလျက်။

ဘဝစက်ဝန်းသဘောကို ကျွန်တော်ပြန်တွေးကြည့်လိုက်သည်။ ကျောင်းသားဘဝတုန်းက ‌လုံးထွေးပေါင်းခဲ့ကြသည့် ကျွန်တ်ေတို့တစ်တွေ။ အိမ်ထောင်တွေကျပြီးကိုယ့်လမ်းကိုယ်သွားကြ၍ အနေဝေးသွား၏။ ယခုအသက်
ကြီးအရွယ်အိုရောက်တော့မှ ပြန်ဆုံကြသည်။ ဆုံရပ်နေရာကတော့ သူ့အိမ်မှာ။လွတ်လပ်ပေါ့ပါးသည်။ နှစ်တွေကြာမြင့်လာသည်နှင့်အမျှ ကျွန်တော်တို့အဝန်းအဝိုင်းသည် တဖြည်းဖြည်းကျဉ်းမြောင်းလာခဲ့သော်လည်းအရေးမကြီးပါ။ ယခုအချိန်အထိ သူငယ်ချင်းတွေ ပျော်ပျော်ရွှင်ရွှင်ဆုံတွေ့ခွင့်ရှိနေကြ၍ ကျေနပ်စရာကောင်းလှသည်။ 
အသက်အရွယ်ကြီးလာသူတို့အတွက် အနာဂတ်သည်တိုတောင်းပြီး အတိတ်ကာလသည် ရှည်လျားလာခဲ့သည်။ သို့သော်လည်း ကျွန်တော်တို့အချင်းချင်း ပြောစရာစကားတွေကလည်း မကုန်နိုင်။

အတိတ်က အကြောင်းတွေကို ရယ်ရယ်မောမော စားမြုံ့ပြန်ကြသည်။ တစ်ယောက်ကမေ့တော့ တစ်ယောက်က အစဖော်ပေးသည်။ အဲဒီတုန်းက မင်းကတော့ဘယ်လို ဟိုကောင်ကတော့ ဘယ့်နှယ်။ ကလေးတွေလို စလိုက် နောက်လိုက်ကြ ။ တစ်ယောက်နှင့်တစ်ယောက် အထုပ်တွေ ဖြီလိုက်ကြ။ တဟိဟိရယ်လိုက်ကြ။ 
ဤသို့ဖြင့် နေ့ရက်တွေကို ပျော်ရွှင်စွာဖြင့် ကုန်ဆုံးသွားခဲ့သည်။ အနာဂတ်အကြောင်းကို မတွေးကြပါ။ တွေးစရာလည်းမလိုပါ။ အသက်တွေကြီးရင့်လာကြပြီဖြစ်၍ အနာဂတ်ကာလအ‌ကြောင်း ဘာကြောင့်များ မျှော်
တွေးစရာလိုဦးမှာလဲ။ အလိုလောဘတွေလည်း နည်းပါးသွားခဲ့ပြီ။ အနာဂတ်ကာလသည် လူငယ်တွေနှင့်သာ သက်ဆိုင်သည်။
ကျွန်တော်တို့ သူငယ်ချင်းတွေ၏ ဘဝဖြစ်တည်မှုက ရိုးရှင်းလှသည်။မနက်လင်းလာသည်နှင့် တစ်ယောက်နှင့်တစ်ယောက် မတွေ့ဘဲ မနေနိုင်ကြ။ တစ်ရက်တစ်လေလေး မဆုံဖြစ်မတွေ့ဖြစ်မိလျှင် နေမထိထိုင်မသာဖြစ်ကြရစမြဲ။
သည်မှာပင်ကျွန်တော်တို့ သူငယ်ချင်းတွေ၏ ကြီးမားလှသည့် သံယောဇဉ်နှင့်ချစ်ခြင်းကိုတွေ့လိုက်ရသည်။ ကျွန်တော်လည်းထိုနည်းတူ။ အသက်ကြီးလာသည်နှင့်အမျှ သူငယ်ချင်းတွေအပေါ် ရှိခဲ့သည့် သံယောဇဉ်ကြိုးက ခိုင်သည်ထက် ခိုင်မာစွာရစ်ချည်နေဆဲ။

ငါလည်းလာခဲ့ဦးမယ်ကွာဟု ဝမ်းသာအားရဖြင့်ပြောလိုက်သည်။သူကတော့ သူငယ်ချင်းအားလုံးကိုကြိုဆိုနေစမြဲ။။ သူ့ဆီကို သူငယ်ချင်းတွေက ချစ်ခြင်းမေတ္တာတွေ သယ်ဆောင်လာခဲ့ကြသည်။ သူနေထိုင်သည့် တစ်ထပ်တိုက်ကလေးသည်မေတ္တာကွန်ယက်လွှမ်းခြုံထား၍ စိတ်လက်ပေါ့ပါး ကြည်နူးစရာ‌ကောင်းလှသည်။ ဤသည် ပင် ကျေးလက်ဆန်သော ချစ်ခင်နွေးထွေးသော မန္တလေး၏ ချစ်စရာကောင်းသည့်ပုံရိပ်တစ်ခုဖြစ်သည်။ ဒါကလည်း အရွေ့မြန်သောမန္တလေးမှာ ရှိနေကြသည့်ကျွန်တော်တို့မျိုးဆက်မှာပဲ တွေ့နိုင်တော့သည်။

သူ့ဆီကိုသွားပြီး တစ်နေကုန်နေရင်း အေးအေးလူလူစကားပြောချင်မိသော်လည်း ယခုထိတိုင်မရောက်နိုင်သေး။ မည်သို့ပင်ဖြစ်စေ လူမရောက်သော်လည်း စိတ်ကတော့ရောက်နေခဲ့သည်။ နေ့စဉ်နေ့တိုင်းစကားပြောဖော်ပြောဖက် မျှော်နေရသောကျွန်တော်သည် တမြို့တည်းနေ သူငယ်ချင်းတွေကို ချစ်စိတ်ဖြင့်လွမ်းနေမိတော့သည်။ ထိုအခါစိတ်ကိုခရီးနှင်ရင်းဖြင့် ဟေ့ ... သူငယ်ချင်းရေဟုလွှတ်cနဲအသံထွက်၍ အော်လိုက်မိတော့သည်။ 
ဟေ့-သူငယ်ချင်းရေ . .၊ ဟေ့-သူငယ်ချင်းရေ . .။ 

အော်ခေါ်လိုက်သည့် ကျွန်တော့်အသံက နှလုံးသားချင်း ဆက်နေကြသည့် မန္တလေးတမြို့လုံးရှိကျွန်တော်တို့သူငယ်ချင်းတွေဆီသို့။ နွေဦးသစ်ပင်တို့သည် ရွက်နုဆင်၍ သစ်လွင်လန်းဆန်းနေလျက်။

ညိုထွန်းလူ
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar