Breaking News

လူသတ်လိုင်စင်ရထားတဲ့ စစ်ကောင်စီ၏ လက်နက်ကိုင်များ

မြန်မာနွေဦး ခရိုနီကယ် - မတ် ၁၀ မြင်ကွင်း

(မိုးမခ) မတ် ၁၁၊ ၂၀၂၃


လူသတ်လိုင်စင်ရထားတဲ့ စစ်ကောင်စီ၏ လက်နက်ကိုင်များ

ဒီနေ့အဖို့ နေ့စဥ်သတင်းတွေထဲက ထူးခြားတဲ့ အကြောင်းအရာလို့ဆိုရရင် မြင်းမူမြို့နယ် လက္ကပင် ကျေးရွာမှာ စစ်ကောင်စီတပ်တွေ ဝင်ရောက်ပိတ်ဆို့ပြီး တိမ်းရှောင်နေသူ အချို့ကို ဖမ်းဆီးသွားပြီး ဖမ်းဆီးခံရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်အချို့ကိုတော့ သတ်ဖြတ်ခံရတဲ့ အလောင်းအနေနဲ့ ပြန်တွေ့ရတဲ့ သတင်း၊ မြန်မာ့အရေး လှုပ်ရှားသူတွေက ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ကုလသမဂ္ဂအနေနဲ့ မြန်မာ့အရေးမှာ အရေးယူဆောင်ရွက်မှုတွေပါလာအောင် တင်ပြဖို့ တိုက်တွန်းလိုက်ကြတဲ့ သတင်း၊ စစ်ကောင်စီအနေနဲ့ နိုင်ငံခြားဝင်ငွေ ရှားပါးနေတဲ့ အနေအထား ရင်ဆိုင်နေရတာကြောင့် နိုင်ငံခြားငွေ ချွေတာရေးကို ပြောဆိုနေတာလား ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။ 

နေ့စဥ် သတင်းတွေထဲ ဖမ်းဆီးခံရတာ၊ သတ်ဖြတ်ခံရတာ၊ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးမီးရှို့ခံရတာ၊ စစ်ဘေးကြောင့် လူထောင်သောင်းချီထွက်ပြေး တိမ်းရှောင်ရတဲ့အကြောင်းတွေ ပါရှိနေကျ ဖြစ်ပြီး မထူးဆန်းဘူးလို့တောင် ဆိုရမယ့် အနေအထားဖြစ်ပါတယ်။ မြန်မာနိုင်ငံသတင်းတွေရဲ့ နေ့စဥ် သတင်းခေါင်းစဥ်တွေမှာ ပါရှိတဲ့ ကြိယာပုဒ်တွေက သတ်ဖြတ်၊ ဖမ်းဆီး၊ နှိပ်စက်ညှင်းပန်း၊ မီးရှို့၊ ဖျက်ဆီး၊ တိုက်ခိုက် နဲ့ သေဆုံးဆိုတဲ့ ကြိယာပုဒ်တွေ သာ ၈၀/ ၉၀ ရာနှုန်း ဖြစ်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ အနိဌာရုံ သတင်းတွေအကြား အချင်းချင်းကူညီယိုင်းပင်းမှု၊ ကယ်ဆယ်မှု၊ အားပေးမှု စတဲ့ သတင်းတွေက မကျော်လွန်နိုင်ပဲ ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ 

ဒီနေ့ သတင်းမှာလည်း အလားတူပဲ မြင်းမူမြို့နယ် လက္ကပင်ကျေးရွာကို စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာရာမှာ ရွာကိုပိတ်ဆို့ထားပြီး ရွာသားအားလုံးကို ဖမ်းဆီး စစ်ဆေးရာမှာ အခြားနယ်က လာရောက်ခိုလှုံနေတဲ့ ပြည်ကြီးတံခွန် ဆရာတော်နဲ့ အခြားတက်ကြွလှုပ်ရှားသူ အချို့ ဖမ်းဆီးခံ ကြရကာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တချို့ကတော့ သတ်ဖြတ်ခံရပြီး မြစ်ထဲမျှောခဲ့တယ်လို့ သတင်းတွေထဲ ပါရှိတာ ဖြစ်ပါတယ်။ 

မြင်းမူမြို့နယ်ဟာ စစ်ကိုင်းတိုင်းက PDF တွေ လှုပ်ရှားမှုအားကောင်းတဲ့ မြို့နယ်တမြို့နယ် ဖြစ်ပြီး မန္တလေး-မုံရွာလမ်းမပေါ်နဲ့ တဖက်မှာ ဧရာဝတီမြစ်ကမ်းပေါ်ရှိတဲ့ မြို့တမြို့လည်း ဖြစ်ပါတယ်။ မန္တလေးမြို့ ပြည်ကြီးတံခွန် ဆရာတော်လို့ သိရှိကြတဲ့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြို့ပေါ် ပြောက်ကျား သပိတ်တွေကို တက်ကြွစွာပါဝင်ခဲ့တဲ့ ဆရာတော်ဟာ အဆိုပါ လက္ကပင်ရွာမှာ တိမ်းရှောင်နေစဥ် အခုလို ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရကာ အလောင်းလာထုတ်ဖို့ အကြောင်းကြားမှုတွေလည်း မကြာခဏ ဆိုသလို သတင်းတွေထဲ ကြားသိနေရတာမို့လို့ လက်နက်ကိုင် အဖွဲ့ဝင် မဟုတ်သည့်တိုင် စစ်ကောင်စီတပ်တွေက စစ်မေးပြီး သတ်ဖြတ်တာတွေ ကျူးလွန်နေကျ ဖြစ်လို့ အခုလို လက္ကပင်ရွာမှာ ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ်လည်း စိုးရိမ်စရာ ရှိနေတာ ဖြစ်ပါတယ်။ 

နောက်သတင်းတပုဒ်ကတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ခန့်အပ်ထားတဲ့ စင်ကာပူနိုင်ငံသူ နိုလင်း ဟေဇာအနေနဲ့ မကြာခင်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံတင်ပြဖို့ရှိနေပြီး မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ခုထက်ပိုပြီး ဖိအားပေး၊ အရေးယူမှုတွေ တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အဆင့်ထိ NUG ပြောရေးဆိုခွင့်ရှိသူက နှိုးဆော်လိုက်တယ်လို့ သတင်းထဲ ဖေါ်ပြထားပါတယ်။ နိုလင်းဟေဇာ အနေနဲ့ ယမန်နှစ် သြဂုတ်လက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် အနေနဲ့ လာရောက်ခွင့်ရစဥ် စစ်ကောင်စီ ခေါင်းဆောင်နဲ့ အချိန်အတော်ကြာတွေ့ဆုံ ဆွေးနွေးစဥ်ခဲ့ပါတယ်။ အဆိုပါ ဆွေးနွေးမှုက ဘာ အကျိုးရလဒ်မှ မထွက်ပေါ်ခဲ့ပဲ၊ ခရီးစဥ်အပြီး ကုလကိုယ်စားလှယ်ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို စစ်ကောင်စီဘက်က မကျေနပ်တာကြောင့် ဆွေးနွေးပွဲမှာ ပြောဆိုမှုအသေးစိတ်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။ 

အဲနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်နဲ့ ထပ်မံတွေ့ဆုံခြင်း မရှိတော့သလို ကိုယ်စားလှယ်အနေနဲ့လည်း မြန်မာနိုင်ငံတွင်းကို လာရောက်ခွင့်လည်း မရတော့တဲ့ သဘောဖြစ်ပါတယ်။ 

ကုလကိုယ်စားလှယ် အနေနဲ့ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ဘာတွေ ဆက်လက် လုပ်ဆောင်ပေးနိုင်မလဲလို့ မေးမြန်းခဲ့ရင် တိတိကျကျ အဖြေပေးဖို့ခက်ခဲကောင်း ခက်ခဲမှာဖြစ်ပါတယ်။ ယခင်နှစ်ကုန်ပိုင်းက ထုတ်ပြန်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အရ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ဖို့ နဲ့ နိုင်ငံရေး အကျဥ်းသားတွေ လွှတ်ပေးဖို့ အဆိုပါ ဆုံးဖြတ်ချက်မျာ ပါရှိပေမယ့် ဘယ်အချိန်ကာလအတွင်း လုပ်ဆောင်ရမလဲ၊ မလုပ်ဆောင်ခဲ့ရင် မြန်မာနိုင်ငံအပေါ် ဘယ်လိုအရေးယူမလဲဆိုတာတွေ မပါရှိတာကြောင့် ဒီလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က ကြီးကြီးမားမား သက်ရောက်မှု မရှိသေးတာတွေ့ရမှာ ဖြစ်ပါတယ်။ အကယ်၍ အဲလို အချိန်ကန့်သတ်ချက် အရေးယူဆောင်ရွက်ချက်မျိုးကို ကုလသမဂ္ဂအနေနဲ့ ထည့်သွင်းကာ အကောင်အထည်ဖေါ်နိုင်တဲ့ အာဏာစက် ရှိ မရှိဆိုတာလည်း မေးခွန်းတခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကမ္ဘာမှာ နိုင်ငံအချို့အပေါ် ရေနံမရောင်းရ ဆိုတဲ့ ကန့်သတ်မှုမျိုး ပြစ်ဒဏ်ခတ်မှုမျိုး ချမှတ်ခဲ့ဖူးပေမယ့် မြန်မာနိုင်ငံအနေနဲ့တော့ အလားတူ ကန့်သတ်ချက် ဒဏ်ခတ်မှုမျိုး ကုလသမဂ္ဂက ချမှတ်ခဲ့တာမရှိသေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ လေယာဥ် မပျံသန်းရဇုန်ဆိုတာမျိုး သတ်မှတ်ဖို့ ကုလအနေနဲ့ လုပ်ဆောင်တာမျိုး မျှော်လင့်နိုင်ဖို့လည်း လက်ရှိအနေအထားနဲ့ အလှမ်းကွာလွန်းသေးတာ တွေ့ရမှာပါ။ 

မြန်မာစစ်တပ်က ၁၉၈၉ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ အာဏာရယူထားခဲ့တဲ့ ကာလအတွင်း  ကုလသမဂ္ဂက မြန်မာ့အရေး ဆွေးနွေးခဲ့တာ၊ တိုက်တွန်းခဲ့တာ အထူးသံတမန်ခန့်အပ်ကာ လူ့အခွင့်အရေးကိစ္စ၊ နိုင်ငံရေးကိစ္စတွေ ဆောင်ရွက်ခဲ့တာတွေ ရှိသော်လည်း ဒဏ်ခတ်မှု လုပ်ဆောင်တာမျိုး မရှိခဲ့ပါဘူး။ အခုတကြိမ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကုလသမဂ္ဂရဲ့ ဆွေးနွေး တိုက်တွန်းမှု ဆုံးဖြတ်မှုတွေက အရင် တကြိမ် စစ်အာဏာသိမ်းပြီးနောက်ကာလထက် ပိုမိုပြင်းထန်တယ်လို့ ဆိုနိုင်ပေမယ့် ထင်ရှားတဲ့ အရေးယူ ဒဏ်ခတ်မှုမျိုးတော့ လုပ်ဆောင်တာမျိုး မတွေ့ရသေးဘူးလို့ ဆိုရမယ် ဖြစ်ပါတယ်။ 

ဒီနေ့ အဖို့ အခြားသတင်းတပုဒ်က စစ်ကောင်စီ ဒုခေါင်းဆောင်ဖြစ်သူက အစည်းအဝေးတခုမှာ နိုင်ငံခြားငွေ ချွေတာရေး အတွက် လောင်စာဆီတင်သွင်းမှု လျော့ချနိုင်ဖို့ နည်းလမ်းရှာဖို့ ပြောဆိုခဲ့ပါတယ်။ တနှစ်ကို ဒေါ်လာ ဘီလျံချီတဲ့ ပမာဏရှိတဲ့ လောင်စာဆီတင်သွင်းမှု အတွက် လိုအပ်တဲ့ နိုင်ငံခြားငွေ လျော့နည်းလာတဲ့ အနေအထားကြောင့် ပြောဆိုတာလို့ ယူဆရပြီး တဖက်မှာ စစ်လက်နက် ခဲယမ်းတွေအတွက် ပြည်ပမှ တင်သွင်းရတာတွေ မြင့်တက်လာတာကြောင့်လို့လည်း ဖြစ်နိုင်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို နေ့စဥ်လိုလို လုပ်ဆောင်နေတာ၊ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အတိုက်အခံ တိုင်းရင်းသားအဖွဲ့တွေ ပြည်တွင်း လက်နက်ကိုင်အဖွဲ့တွေကို တိုက်ခိုက်ဖို့ လက်နက်ဝယ်ယူမှု စရိတ်တွေ သိသိသာသာ တိုးမြင့်လာနေတာကြောင့် စစ်ကောင်စီအနေနဲ့ အခြားသော အရပ်ဖက် စီးပွားရေး နယ်ပယ်က နိုင်ငံခြားငွေ သုံးစွဲမှုတွေကို လျော့ချဖို့ ကြိုးစားလာတာလို့ ယူဆရပါတယ်။ လောင်စာဆီ တင်သွင်းမှု လျော့ချလိုက်ရင် ပြည်တွင်းမှာ လောင်စာဆီ မလုံလောက်မှု၊ စျေးကြီးမြင့်မှုတွေ အကျိုးဆက်အနေနဲ့ ဖြစ်ပေါ်လာနိုင်ပြီး ပြောင်းပြန်အားဖြင့် မြန်မာ့စီးပွားရေးကို ထိခိုက်မှုတွေ ဖြစ်ပေါ်ကောင်း ဖြစ်ပေါ်စေနိုင်တာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar