မင်းငြိမ်းအေး - မုံရွာ (၂)
မုံရွာ (၂)
မင်းငြိမ်းအေး
(မိုးမခ) မတ် ၉၊ ၂၀၂၃
ရှေးဟောင်းနှောင်းဖြစ်တွေထဲ
ဖွံ့ ဖြိုးမှုနည်းနည်း ကျဲချလိုက်တယ်
မုံပင်တွေမရှိတဲ့ရွာ
အိပ်မက်ဆန်းနဲ့ယာမြေပေါ်
မုန့်ဆန်းတောင်လှော်စရာမရှိဘူး
မြို့ကရွာကိုသိမ်းတယ်
နာမည်နောက်မှာ
မြို့တစ်လုံးတိုးလာတာကလွဲရင်
မုံရွာကမုံရွာပဲ
မြို့အထာနဲ့ နွားကျောင်းတုန်း။
တချိန်တခါလို့ပြောရင်
အချိန်မမှန်တဲ့နာရီကြီးတွေတောင်
စင်ပေါ်မှာအခြေတကျ
အသံကျယ်တဲ့ကောင်မို့
အမှန်မပြောနိုင်တာလား
မြို့ ရဲ့သမိုင်းမှာတော့
စကတည်းက ယဉ်သကိုတွေနဲ့ ။
ခုတော့လည်း
မီးခိုးထွက်မှ သွားရေးလာရေး ပြေလည်တယ်
မိသားတစ်စု
ဆိုင်ကယ်တစ်စင်းနဲ့
သဘာဝပတ်ဝန်းကျင်ကို
ကောင်းကောင်းချစ်ခဲ့ကြတယ်
အရောင်းအဝယ်စာချုပ်အောက်မှာ
မြွေကိုက်ခံရတဲ့သူနဲ့
စွန့်စားရှာဖွေတဲ့
ရေနံတွင်းသမားနဲ့
အဆင်မပြေရင်
အထက်ကိုတက်မယ်
ဆိုတဲ့ဘဝတွေကြား
မြို့ဟာ သူ့သွေးသားတွေနဲ့
ကာလရှည်စွာခွဲရတယ်
တချို့လည်း
မိုးဦးရေဆန်နဲ့ဆယ်လ်မွန်ငါးတွေ
အိမ်ပြန်မလာနိုင်တော့ဘူး။
ပထဝီအနေအထားအရ
ချင်းတွင်းမြစ်ကို
ယိုင်ပတ်ထားတဲ့ မြို့ဆိုတော့
မြစ်ကောက်သလို
မြို့ကလည်းခပ်ကောက်ကောက်
လူတွေကလည်း
အဖြောင့်နည်းနည်းလာတယ်
လယ်တီတောရနဲ့
စာဆို ကဝိ ပညာရှိတွေ ရှိပေမယ့်
အန္တရယ်တော့ရှိတယ်
တခါသား
လူထုခေါင်းဆောင်တစ်ယောက်
ဒီမြို့ မှာကျပျောက်တော့မလို့
တရားဆွေးနွေးရင်း
ဓားလည်းသွေးနေတတ်တဲ့မြို့ပေါ့ ။
လာမဲ့ နှစ်ကျရင်
ရှေ့လျှောက် ဒီထက် ကျယ်ပြန့်လာတောမယ်
ရတက်မအေးတဲ့ ခပ်စိမ်းစိမ်းကွင်းတွေ
ရှား ထနောင်း တမာပင်ကို
တခြားမြို့မှာ ရှာပြရတော့မယ်
တစ်ခုတည်းသော ရေတံခွန်လေးတောင်
ကျောက်တွေမကာနိုင်တော့တဲ့ ရွာမှာ
စိုစိုစွတ်စွတ်ရှိသေးရဲ့လား
မြို့ရဲ့အတိတ်ကိုပြောတဲ့အခါ
ညီမျှခြင်းတစ်ကြောင်းနဲ့
အဖြေထုတ်မရနိုင်ဘူး
အဖေနဲ့အမေခေါင်းချသွားတဲ့ မြို့
ဘဝအစရဲ့ ချက်တိုင်မှာ
ငါ့ရဲ့ ကြိုးတစကို
မြေမြုပ်ထားတဲ့ မြို့
ငါ့ဇာတိမြို့လည်း
ခုချိန်လောက်ဆို
မေးတင်အိပ်စရာတောင်တန်းတွေတောင်
ရှိသေးရဲ့လားမသိ။ ။
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar