Breaking News

ညိုထွန်းလူ - ဟေ့ ... သူငယ်ချင်းရေ

ဓာတ်ပုံ-လှဂုဏ်ရည် ဦးကျော်ဝင်း
ဟေ့ ... သူငယ်ချင်းရေ
ညိုထွန်းလူ
(မိုးမခ) မတ် ၉၊ ၂၀၂၃

                         (၁)

မနက်အိပ်ရာကထတော့ ညာဘက်မျက်လုံးမှာ အနီရောင်သန်းနေ၏။ အမျိုးသမီးက တော့်မျက်လုံးက နီရဲနေတာပဲဟုဆို၏။ မဟုတ်ပါဘူးဟ ငြင်းသော်လည်းမရ။ မယုံရင်မှန်ထဲကြည့်ဟုပြောလိုက်ပြီး မျက်စိအထူးကုဆရာဝန်ဆီ ပြသဖို့စီစဉ်တော့သည်။ 
ကျွန်တော့်မျက်လုံးက နီရဲနေတာမှန်သော်လည်း နာလည်းမနာ ကိုက်လည်းမကိုက်။ အိပ်ရာထမှာတော့
မျက်ဝတ်အနည်းငယ် ထွက်တာမျိုးတော့ရှိသည်။ ငယ်စဉ်တုန်းကလည်း သည်လိုအပူအအေး ရာသီကူးပြောင်းချိန်ရောက်တိုင်း ကြုံရစမြဲ။ မည်သို့ပင်ဖြစ်စေ အသက်အရွယ် ရလာသမို့ ပေါ့ဆနေ၍မရတော့။ သို့ဖြင့်နောက်တစ်နေ့မှာ ကာတွန်းကိုဝေယံနှင့်ချိတ်ဆက်ပြီး မျက်စိအထူးကုဆရာဝန်ကြီး ဆရာဇော်ငြိမ်းချမ်း၏ဆေးခန်းဆီသို့ တိုကင်ကြိုတင်ယူ၍ အချိန်မီသွားခဲ့ရသည်။
ဆေးခန်းမှာလူနာတွေ တော်တော်များသည်။ ကိုယ့်အလှည့်ဘယ်အချိန်မှ ရောက်မည်မသိ။ ဘယ်တတ်နိုင်
မလဲစောင့်ရုံပဲပေါ့။သည်အခိုက် ဆေးခန်းထဲမှာ ညီအကိုလို ခင်မင်ရင်းနှီးသူတစ်ယောက်နှင့်တွေ့လိုက်၍ အံ့အားသင့်ပျော်ရွှင်သွား၏။ သူ့အစ်မကြီးအတွက် အဖော်လိုက်လာခံ့တာတဲ့။ 
သူနှင့်မတွေ့တာ ၇ နှစ်လောက်ရှိရော့မည်။ သူကကျွန်တော့်ထက် အသက်ငယ်သည်။သူအကိုနှစ်ယောက်က ကျွန်တော်နှင့်ခင်မင်ရင်းနှီးကြသူတွေ။ ချစ်ဖို့ကောင်းသည့် ညီအကိုတတွေဖြစ်ပြီး လူချင်းဆုံတွေ့လိုက်သည်
နှင့် တစ်ယောက်နှင့်တစ်ယောက် နောက်ကြပြောင်ကြရင်း အရွှင်အလန်းတွေက တစ်ယောက်ရင်ထဲမှ တစ်ယောက်ရင်ထဲသို့ကူးစီးနေလျက်။
ယခုလည်း သူနှင့်တွေ့လိုက်တော့ မျက်စိအထူးကုဆေးခန်းထဲ ရောက်သွားတာကိုမေ့လျော့သွားပြီး လက်ဘက်ရည်ဆိုင်ထဲမှာလို တော်လ်ကီပွားနေကြ၏။ မဆုံဖြစ်တာကြာပြီမို့ ပြောစရာစကားတွေက ကုန်,မကုန်နိုင်။
ဆရာဇော်ငြိမ်းချမ်းက အသက်လေးဆယ်ကျော်လောက်ပဲ ရှိဦးမည်။ ပညာထက်မြက်ထူးချွန်သည့် ဆရာဝန်ကြီးတစ်ယောက်ဖြစ်သည်။ 
ကာတွန်းကိုဝေယံက မိတ်ဆက်ပေး၍ ဆရာနှင့် တခဏချင်းရင်းနှီးသွားခဲ့သည်။ ဆရာက မျက်စိကိုသေချာစမ်းသပ်ပြီး ဆရာဖေ့စ်ဘွတ်ကို တစ်ပတ်လောက်မကြည့်နဲ့နော် ခဏနားထားဦးဟု ပြောသည်။ မျက်လုံးမှာ တိမ်ရှိလာနိုင်သည့် အမှတ်လက္ခဏာကိုလည်း တွေ့ရ၍ ဆီးချိုကိုလည်း ထိန်းထားဖို့မှာလိုက်သည်။ စမ်း
သပ်ခမယူ၍အားနာသွားရသည်။ 
ကျွန်တော်က ကိုယ့်ကျန်းမာရေးကို အမြဲသတိထားသည်။ ကျန်းမာရေးအတွက် ဆရာဒေါက်တာအောင်ကြီးရှိသည်။ ဆရာကျော်စွာထက်နှင့်ဆရာဂျိုဇော်လည်း ရှိသည်။ ယခုမျက်စိအတွက် ဆရာဇော်ငြိမ်းချမ်းရှိသည်။
ဆိုတော့ လေးစားချစ်ခင်အားကိုးရသည့် ဆရာဝန်တွေက ကိုယ့်အနားမှာ ရှိနေကြတော့လည်း အလိုလိုအားရှိသွားခဲ့ရစမြဲ။
ဆရာဇော်ညွှန်ကြားသည့်အတိုင်း ဖေ့စ်ဘွတ်ကိုတစ်ပတ်နားလိုက်ရသည်။ မျက်စဉ်းခပ်ပြီး မျက်လုံးကိုအနား ပေးထားရသည်။ သို့သော်လည်း မျက်စိကိုမှိတ်၍ မှေးစက်အိပ်ပျော်မသွား။ အတွေးတွေကလွင့်ပျံ့နေလျက်။ အတိတ်ကာလဆီသို့ဘက်ဂီယာထိုးစရာမလိုပါ။ ပေါ့ပါးပျော်ရွှင်ခဲ့ရသောပုံရိပ်များသည် အလွမ်းစိတ်နှင့်အတူ ရောက်လာခဲ့သည်။

- - - - -

ဟိုတုန်းက မန္တလေးပေါ့။ လမ်းပေါ်မှာ စက်ဘီးတွေ ဆိုက်ကားတွေ မြင်းလှည်းတွေ။ စစ်လက်ကျန် ဘာ့စ်ကားအိုကြီးကတအိအိမောင်းနှင်နေလျက်။ ဤသည်ပင် မန္တလေး၏နေ့စဉ်ဖြတ်သန်းနေသည့် မြင်ကွင်းများပင်ဖြစ် သည်။
မနက်လင်းသည်နှင့် ကျွန်တော်တို့ ဆုံတွေ့နေကျ လက်ဘက်ရည်ဆိုင်သို့ထွက်လာခဲ့သည်။ သွားစရာလာစရာဆို၍ စက်ဘီးသာရှိသည်။ သည်စက်ဘီးဖြင့် မန္တလေးမြို့၏ လေးပြင်လေးရပ်ဆီသို့ သွားခဲ့သည်။ မြောက်ပြင်က ဆွေမျိုးတွေနှင့်သူငယ်ချင်းတွေဆီသို့ ရောက်ခဲ့သည်။ 
နန်းရှေ့ကတော့ အမှတ်၁၇ကျောင်းမှာ နေခဲ့ရ၍ကျောင်းနေဘက်သူငယ်ချင်းတွေကလည်း များလှ၏။ အနောက်ပြင် ဒေးဝန်း စိန်ပန်းနှင့်ပွဲကုန်းဖက်မှာလည်း ဆွေမျိုးတွေနှင့် သူငယ်ချင်းတွေ ရှိနေကြပြန်သည်။ ၃၅(အေလမ်း)လမ်း တောင်ဖက်ခြမ်းကတောင်ပြင်ဆိုတာက ကိုယ့်ရပ်ဝန်းဒေသပါပဲ။
မန္တလေးသည်ချစ်စရာကောင်း၏။ဘယ်သူက ဘယ်မှာနေလဲ ဘယ်အရပ်ကလဲ မေးစရာမလို။ လက်ဖက်ရည်ဆိုင်မှာလည်း သည်မျက်နှာတွေ။ ညနေခင်းဗထူးဘောလုံးကွင်းထဲမှာလည်း သည်လူတွေ။ ကျောက်သပိတ်ဂျင်ဝိုင်းမှာလည်း တစ်ယောက်နှင့်တစ်ယောက် မသိချင်ယောင်ဆောင်နေကြသည်။ တဖန်ကြက်ဝိုင်းကို ရဲလာဖမ်းတော့လည်း ပုဆိုးလေးကို ဘယ်ညာအစုံ မ၍ ဒရောသောပါးဖြင့်အတူတကွ ထွက်ပြေးခဲ့ကြရဖူးသည်။ နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်မှာ ဆုံကြတော့ ဖြစ်ကြောင်းရယ် အကုန်အစင်ကို ပြောကြရင်း တဝါးဝါးရယ်မော ၍မဆုံး။
ထိုစဉ်က ယခုခေတ်လို ဆက်သွယ်ရေးမကောင်း။ သို့ရာတွင်တစ်ယောက်နှင့်တစ်ယောက်တွေ့ဖို့ မခဲယဉ်း။ဘယ်သူ့ကိုတွေ့ချင်လဲ။ သူထိုင်နေကျ လက်ဖက်ရည်ဆိုင်ကို သွားလိုက်ရုံသာ။ မန္တလေး၏ ကျေးလက်ဆန်သော လူ့အဖွဲ့အစည်းသည် ချစ်ခင်နွေးထွေးသည်။ ပျော်စရာကောင်းသည်။ မျိုးဆက်ကွာဟမှုလည်းမရှိခဲ့။ 
ယခုတော့ ဆက်သွယ်ရေးကလည်း လွယ်ကူသွားသည်။ သွားလာရေးကလည်း မော်တော်ကားတွေ ဆိုင်ကယ်တွေရှိသည်။
ခက်တာက ကျွန်တော်တို့အချင်းချင်း မဆုံဖြစ်ကြတော့။ တမြို့တည်းနေပြီး နီးလျက်ဖြင့် ဝေးကုန်ကြရသည်။ သည်လိုဖြင့် ကျွန်တော်တို့လည်း ခေတ်တွေနှင့်အတူ ဖြတ်သန်းရင်းအသက်အရွယ်တွေကြီးရင့်လာကြသည်။ တစ်ယောက်အကြောင်း တစ်ယောက်၏သတင်းကို နားစွင့်နေကြရသည်။ကောင်းသတင်း ကြားရလျှင်ဝမ်းသာသည်။ တချို့သူငယ်ချင်းတွေကတော့ ရှေ့ခရီးကို ထွက်ခွာသွားနှင့်ကြပြီ။

ကံကောင်းတာက သူငယ်ချင်းတချို့ကတော့ လက်ဖက်ရည်ဆိုင်မှာ နေ့စဉ်ပုံမှန်ထိုင်နေကြဆဲ။ သူငယ်ချင်းတစ်ယောက်က မနက်ကိုးနာရီလောက်မှာ မော်တော်ကားတစ်စီးဖြင့် လှည့်ပတ်ခေါ်သည်တဲ့။ မော်တော်ကား မောင်းနိုင်သူတွေကတော့လက်ဘက်ရည်ဆိုင်ကို တိုက်ရိုက်လာကြသည်။ သူတို့အားလုံး ခွန်ထိပ်စီးအရွယ်တွေ။ သူတို့၏ လက်ဘက်ရည်ဝိုင်းသည် လူစုံလျှင် ဆယ့်သုံးလေးယောက်အထိ ရှိသည်တဲ့။ 

တခါတော့ သူတို့လက်ဖက်ရည်ဝိုင်းသို့ ကျွန်တော်ရောက်သွားခဲ့သည်။ တွေ့ရမြင်ရတာ ကြည်နူးစရာကောင်းလှသည်။ ဆံပင်တွေဖြူဖွေးနေကြသည့် ဘိုးတော်အရွယ် သူတို့အားလုံး၏ မျက်နှာတွင် အပြုံးရိပ်တွေ ဖုံးလွှမ်းနေလျှက်။ မြေးမြစ်တွေရပြီး မိသားစုတာဝန်ကို ဦးဆောင်စရာမလိုတော့သည့် သူတို့အားလုံး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်။ 
သူတို့ဝိုင်းကို တခဏထိုင်ရင်း သူ့အကြောင်းကို ကြားလိုက်ရသည်။ ဒီကောင်ကြီး ပြန်ကောင်းသွားပြီတဲ့။ အရက်လုံးဝ မသောက်တော့ဘူးတဲ့။ ယုံတစ်ဝက်မယုံတစ်ဝက်ဖြင့်ပြုံးရယ်၍ နေလိုက်မိသည်။ သောက်လိုက် မူးလာလျှင်သွေးဆိုးပြီး သူငယ်ချင်းတွေကို တစ်ယောက်မကျန် ဒုက္ခပေးလိုက်။ ပြီးတော့ အရက်ဖြတ်ပြီး သုံးလေးလလောက် အေးအေးဆေးဆေးနေလိုက်။ တဖန် အရက်ပြန်သောက်လိုက်။ သည်လိုနှင့် သံသရာလည်နေခဲ့တာ နှစ်ပေါင်းလေးငါးဆယ်ခန့်ရှိခဲ့ပါပကော။
- - - - -

သူ့ကို ဒီကောင်ကြီးဟု ချစ်ခင်စွာဖြင့် ခေါ်လိုက်မိသည်။ သူသည် ရိုးသားဖြူစင်သည်။ စိတ်သဘောထားကောင်းသည်။ ကျွန်တော်တို့ သူငယ်ချင်းတွေကလည်း သူ့ကိုချစ်ကြသည်။ ခက်တာက သူမူးလာလျှင်ဖြင့် မည်သူမျှမသက်သာ။ သူငယ်ချင်းတွေ ဆွေမျိုးတွေဆီကို အိမ်တိုင်းစေ့သွားပြီး ဒုက္ခပေးသည်။ ဆဲဆိုနှင်လွှတ်လည်း သူမဖြုံ။ 

သည်လိုအချိန်မှာနဂါးခေါင်း ငါ့ဆီဘယ်တော့လှည့်လာမလဲဟု တွေးရင်း ကျွန်တော်တို့အားလုံးရင်မနေရ၏။ တခါတော့ ကျွန်တော်တို့ထိုင်နေသည့် လက်ဖက်ရည်ဝိုင်းသို့ ကိုကြီးကျော်ပူး၍ သူရောက်လာသည်။ အားလုံးမျက်စိမျက်နှာပျက်၊ လက်ဘက်ရည်ဖိုးရှင်းပြီး အမြန်လစ်ပြေးလာခဲ့ရ၏။ အရက်မသောက်ဘဲ လူကောင်းပကတိဖြစ်သွားတော့လည်း ကျွန်တော်တို့ခမျာ တဟဲဟဲရယ်ရင်း သူ့ကိုဖိထောင်းကြသည်။ သူကလည်းတဟဲ
ဟဲ ရယ်နေလျက်။

သူကဉာဏ်ထက်မြက်သည်။ အင်္ဂလိပ်စာ ဖတ်အားကောင်းသည်။ မည်သူ့ကိုမဆို တတ်နိုင်မျှကူညီသည်။ တက္ကသိုလ်ကဘွဲ့ရသော်လည်း ဘာအလုပ်မှမလုပ်။ သူ့မိဘကလည်း ချမ်းသာသည်။ သည်တော့ အရက်သောက်လိုက်။ သုံးလေးလလောက်အကြာ အရက်သောက်ခြင်းကို တခဏရပ်နားသည်။ နောက်ထပ်တစ်ချီတစ်မောင်းအတွက် အားမွေးနေသည်လားမပြောတတ်။ မိန်းမလည်းမယူ။ သူ့ကိုယူဝံ့သည့်မိန်းမလည်း ရှိဟန်မတူ။
မည်သို့ပင်ဖြစ်စေ သူကောင်းသွားလျှင်တော့ ကျွန်တော်တို့လည်း နေ့လည်ခင်းမှာ သူ့ဆီကိုသွားကြပြန်သည်။ သူ့အိမ်နောက်ဖေးရှိ မန်ကျည်းပင်အောက်က ကုတင်ကြီးပေါ်မှာ စုထိုင်ကြရင်း ရောက်တတ်ရာရာစကားပြောကြ။ချဲတွက်ကြဘောလုံးပွဲတွေအကြောင်းပြောကြစသည်ဖြင့်။ 

သို့သော်လည်း စောစောကပြောခဲ့သလို သူဖောက်သွားပြီ ဆိုသည့်သတင်းကိုကြားလိုက်ရသည်နှင့်တပြိုင်
တည်း သူ့ဆီသို့ခြေဦးမလှည့်ရဲတော့။ ထို့ပြင်တစ်ဝ သူ့ကို လမ်းမှာ မတော်တဆ တွေ့လိုက်ရလျှင် ဝေးရာသို့ရှောင်ရှားရလေ၏။ တည့်တည့်တိုးလျှင်ဖြင့် မသက်သာ။ မော်တော်ကားတခါး ဆွဲဖွင့်ပြီးထိုင်သည်။ ဂျစ်တိုက်သည်။ ဟိုဟိုဒီဒီလိုက်ပို့ခိုင်းသည်။ သူ့ကိုစိတ်ဆိုးဒေါသထွက်လည်း သူကဂရုမစိုက်။ အတော်ခွကျ
သည့်အဖြစ်။
ကျွန်တော်လည်း သူ့အာဏာစက်အောက်မှ မလွတ်ကင်းပါ။ ပလိပ်စာပေ ဟောပြောပွဲတုန်းကဖြစ်သည်။ ပလိပ်မြို့မှာ သူ့ဆွေမျိုးတွေရှိပြီး သူငယ်ချင်းတွေကို အားရအောင်ဒုက္ခပေးပြီးနောက် ပလိပ်မြို့ဆီသို့ကြွမြန်းတော်မူ‌
လေ့ရှိသည်ကို ကျွန်တော်မေ့လျော့နေ၏။ 
စာပေဟောပြောပွဲက ဘောလုံးကွင်းထဲမှာကျင်းပသည်။ 

အခမ်းအနား မစသေး၍ ထိုင်ခုံပေါ်မှာ အေးအေးလူလူထိုင်နေ၏။ မကြာခင်မှာ ဂြိုဟ်ဆိုးက မပင့်မဖိတ်ဘဲရောက်လာတော့မည်ဆိုသည်ကို ယောင်လို့မျှ မတွေးမိခဲ့။ သိုဖြင့် ဟိုဟိုသည်သည်ငေးမောနေစဉ် လျှပ်စီးမီးရောင်အောက်မှာ ယိုင်ထိုးယိုင်ထိုးဖြင့် ကျွန်တော့်ဆီသို့ တန်းတန်းမတ်မတ် လာနေသည့်သူ့ကိုတွေ့လိုက်ရ၍ မျက်လုံးပြူးသွားရင်း ဟယ်ခနဲ။

ကိုယ်ကျိုးနည်းတော့မည်ထင်သည်။ စာပေဟောပြောပွဲ ကျင်းပရေးအဖွဲ့ဝင်တွေကသူ့ကို တားဆီးကြသည်။ ညိုထွန်းလူက ငါ့သူငယ်ချင်း။ သူ့ဆီကိုငါသွားမလို့။ သူ့အသံကြီးကဟိန်းထွက်လာသည်။
ကျွန်တော်မနေသာတော့၊ ထိုင်ခုံပေါ်မှအမြန်မတ်တတ်ရပ်လိုက်ပြီးဒင်းကို သကြားရည်တွေ ပုံအော၍ လောင်းထားသည့် မျက်နှာမျိုးဖြင့်ဆီးကြိုလိုက်ရ၏။ ဖြစ်နိုင်လျှင်တော့ သည်အချိန်မှာ ဝိဇ္ဇာဇော်ဂျီတွေလို ကိုယ်
ယောင်ဖျောက်၍ မြေလျှိုးမိုးပျံ ထွက်ပြေးချင်စိတ်တွေပေါက်သွားရပါဘိသည်။
အနားသို့ရောက်လာသည့် သူ့မျက်ခွက်နှင့် သူ့အမူအယာကို ကြည့်၍သကာလ ရင်ထိတ်နေမိသည်။ ကျေး
ဇူးရှင်က ကျွန်တော့်နဘေးရှိ ဆက်တီခုံတစ်လုံးပေါ်သို့ ခပ်တည်တည်ဖြင့်ဝင်ထိုင်၏။ 
မင့်စာပေဟောပြောပွဲကို အားပေးဖို့လာတာဟု မူးသံကြီးနဲ့ပြော၏။ ဘာတွေဟောပြောမလဲဟုမေး၏။ ထို့နောက်သေချာဟောဟု မိန့်ပြန်၏။ ကျွန်တော့်မှာသူပြောသမျှကို ခေါင်းငြိမ့်ရင်း အေးပါကွာ ဟုတ်ပါတယ်ကွာဟု ‌အဆက်မပြတ်ပြော၍နာခံသမှုပြုနေရ၏။
ဆီးရွက်ခန့်ဖြစ်သွားသော ကျွန်တော့်မျက်နှာပေါ်တွင် ချွေးတွေစို့တက်လာ၏။ သူ့ကိုသွားဖြဲပြီး တဟဲဟဲရယ် မောပြနေရသော်လည်း ဝမ်းထဲမှာတော့ ဆဲနည်းပေါင်းစုံဖြင့် မေတ္တာတွေ ဒလဟောပို့သနေလျက်။ ကြုံရသည့်
အဖြစ်က အဲသည်လို။
နာရီဝက်လောက်ကြာမှ စာပေဟောပြောပွဲကို လာရောက်အားပေး၍ ကျေးဇူးတင်ရပါကြောင်း။ လူချင်းမတွေ့ရသော်လည်း သူငယ်ချင်းကိုသတိရပါကြောင်း။ သူငယ်ချင်းရဲ့အိမ်နောက်ဖေးက မန်ကျီးပင်ကြီးအောက်မှာ ဆုံကြတာကိုလည်းလွမ်းမိပါကြောင်း။ သို့ကလို ချစ်စရာ လွမ်းစရာတွေကို ရေပက်မဝင်အောင်ပြောပြီးအိပ်ကပ်ထဲမှ ဆင်ဖြူတော်တစ်ရွက်ကို အမြန်ထုတ်ပေးလိုက်ရသည်။ ဆင်ဖြူတော်တန်ခိုးက ကြီးမားလှပေစွ။
သူ့လေသံက ချက်ချင်းပြောင်းသွား၏။ မင်းဟောပြောတာကို အပြင်ဖက်ကနေပြီး သေချာနားထောင်မယ်နော်ဟုပြောပြီး ကျောခိုင်းထွက်ခွာသွား၍ ကျွန်တော့်မှာဝမ်းသာ၍ မဆုံးပြီ။ အံမယ်လေး တော်ပါသေးရဲ့ဟု ရေရွတ်လိုက်ပြီး ဖူးခနဲ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်မိသည်။

(ဆက်ရန်)
ညိုထွန်းလူ
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar