Breaking News

သျှင်မျိုးငယ် - ရောင်နီဦးကို မော်ဖူးချင်ပြီ

ရောင်နီဦးကို မော်ဖူးချင်ပြီ
သျှင်မျိုးငယ်
(မိုးမခ) မတ် ၁၀၊ ၂၀၂၃

အမှောင်မိုက်ဆုံးညတွေထဲ
နာကျင်မှုကို မျက်ရည်နဲ့ စတင်ခဲ့ရတယ်
စကားလုံးတွေ ခမ်းခြောက်အက်ကွဲ
အသွေးထဲ အသားထဲက ရုန်းထလာတဲ့
နှလုံးသားနဲ့ ချစ်ခြင်းမေတ္တာဟာ
အမှန်တရားကို ဦးတည်
ခြေလှမ်းတွေကို ရွက်လွှင့်
အရုဏ်ဦးအလင်းသစ်ဆီ ချီတက်
တရားတဲ့ဘက်မှာ တည်စေခဲ့တယ်။

တည်ဆောက်ခဲ့သမျှ
ဖြိုချခံလိုက်ရတဲ့အခါ
ဘဝတွေဟာ ဗလာနတ္ထိ။

ဘယ်လိုအဘိဓမ္မာနဲ့ 
ဘုရားတွေ ပွင့်ခဲ့ပါသလဲ မေးကြ
အဖြေဟာ ပဲ့တင်သံတောင်ပြန်မလာတဲ့အခါ
ကိုယ့်တရား ကိုယ်ပြန်ရှာခဲ့ကြရတယ်။

လွတ်မြောက်ခြင်းဟာ ဘယ်မှာလဲ။

အမှောင်ဟာ ပိန်းပိတ်လွန်းတဲ့အခါ
ကြယ်တွေဟာ ကိုယ့်ကိုယ်ကို ထွန်းညှိ
သူ့တို့အလင်းတွေနဲ့ လမ်းပြ
လျှောက်တဲ့ခရီး နီးပါစေ
ပွင့်တဲ့ပန်းတွေ လှပါစေ
သာယာလှပမနက်ခင်းအလှ တွေ့ပါစေ
အရုဏ်ကျင်းအလင်းဆီ 
သူတို့ဘဝကိုရင်းလို့ လမ်းညွှန်ကြ။

လမ်းခုလတ်မှာ
တချို့လည်း မထင်မှတ်ဘဲ ကြွေကြရ။

အခမ်းနားဆုံး အလှတွေပေါ့။

လောကရဲ့တရားမှာ
အမှောင်ကို အလင်းဟာ အနိုင်ရစမြဲ မဟုတ်လား။

ဒီလိုတရားကို နာကြားချင်ပါရဲ့။
အနိုင် အရှုံး အလင်း အမှောင် အမှန် အမှား
လောကဓံတရားဟာ အလှည့်ကျပေါ့။
မငြင်းဆန်ခဲ့ပါဘူး။
အလိုက်သင့် လွင့်မျောခဲ့ရတယ်။

လမ်းခုလတ်မှာ
ကြယ်တွေ ကြွေသတဲ့လား။
မကြွေပါဘူး ကြယ်တွေဟာ လင်းမြဲ လင်းဆဲပါပဲ။

ကြယ်တွေဟာ ကြွေပြီးသွားတဲ့အခါ
သူတို့အလင်းဟာ အလင်းနှစ်သန်းပေါင်းများစွာ
တည်ရှိနေကြတာပဲလေ။

အို ချစ်သော ကြယ်များ
သင်တို့အလင်းတွေ ထာဝရတည်ပါစေ။
အမှောင်ထုကို ထိုးခွဲပစ်လိုက်ဖို့
နှလုံးသားမှာ စိုက်ပျိုးခဲ့တဲ့ကြယ်ပန်းတွေ
တတောလုံးဝေနေပြီ။

တလှမ်းချင်း လှမ်းရင်း ခရီးတွေ နှင်ရ
သွားမယ့်လမ်း ဖြောင့်တန်းပါစေ
လာမယ့်ဘေး အဝေးရောက်ပါစေ
ချစ်ခြင်းမေတ္တာတရားနဲ့ ခရီးတွေပေါ့။

ဒါဟာ စာသင်ကျောင်း
ဒါဟာ ဆေးရုံ
ဒါဟာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
ဒါဟာ ဘာသာရေးအဆောက်အဦ
ဒါဟာ ပရဟိတ
ဒါဟာ မိန်းမနဲ့ကလေး
ဒါဟာ ငါတို့ မနက်ဖြန်လတ်လတ်ဆတ်ဆတ်တွေ
ဒါဟာ ငါတို့အဘိဓမ္မာ
ဒါဟာ ငါတို့တရား
လမ်းမတွေဟာ အမှောင်ထဲမှာ 
ငါတို့ တွေးခေါ်မြော်မြင်ရတာပါပဲ။

အမှောင်ဆုံးညတွေ ဖြတ်ကျော်သွားဖို့
ညလင်းမီးအိမ်လည်း မရှိ
သံလိုက်အိမ်မြောင်လည်းမပါ
နှလုံးသားနဲ့ ချစ်ခြင်းမေတ္တာကိုသာ
သယ်ဆောင်ခဲ့ပါရဲ့လေ။

အမှောင်ကို ကျော်ဖြတ်ရင်း
လင်းအရုဏ်ရောင်နီသန်းသည်အထိ
ကြယ်စင်တွေရဲ့အလင်းနဲ့ အပြင်းချီတက်ခဲ့ကြရ
အို အရုဏ်ကျင်းအလင်းသစ်မနက်ခင်းဆီချီတက်ရင်း
ရောင်နီဦးကို မော်ဖူးချင်စမ်းလှပြီလေ။      
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar