Breaking News

KNU နဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးရဲ့ အကျိုးသက်ရောက်မှု၊ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း Doxing


မြန်မာနွေဦး ခရိုနီကယ် - မတ် ၉ မြင်ကွင်း

(မိုးမခ) မတ် ၁၀၊ ၂၀၂၃


KNU နဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ဆက်ဆံရေးရဲ့ အကျိုးသက်ရောက်မှု၊ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်း Doxing 

ဒီနေ့ မွန်းလွဲပိုင်း သတင်းတပုဒ်ခ ကရင်ပြည်နယ် လှိုင်းဘွဲ မြို့နဲ့ ပိုင်ကျုံကျေးရွာအကြား ကားလမ်းမှာ ကေအန်ယူ ခေါင်းဆောင်တွေ စီးနင်းလာတဲ့ ယာဥ်တန်း မိုင်းဆွဲခံရပြီး တဦးဒဏ်ရာရတယ် ဆိုတဲ့ သတင်းကို သတင်းဌာနတချို့က ဖေါ်ပြခဲ့ကြပြီး နောက်နာရီအနည်းငယ် အကြာမှာတော့ အခြားသတင်းဌာနတွေက ကေအန်ယူ ခေါင်းဆောင်တချို့ စီးနင်းလာတဲ့ ယာဥ်တန်းမဟုတ်ပဲ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်က ဗိုလ်တယောက်ရဲ့ သားဖြစ်သူ စီးနင်းလာတဲ့ ကားမိုင်းဆွဲခံရတာသာ ဖြစ်တယ်လို့ နောက်ဆက်တွဲ သတင်းတွေကို ဖော်ပြကြတာ တွေ့ရပါတယ်။ 

လှိုင်းဘွဲမြို့နဲ့ ပိုင်ကျုံကျေးရွာက မိုင်အနည်းငယ်သာ ကွာဝေးတဲ့ ကျေးရွာဖြစ်ပါတယ်။ ကေအန်ယူ ခေါင်းဆောင် တချို့စီးနင်းလာတဲ့ ကားကို တိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းမှား ထွက်ပေါ်လာခြင်းက တစုံတရာ ရည်ရွယ်ချက်နဲ့ သတင်းမှားကို သတင်းဌာနတွေဆီ ထုတ်ပြန်ပေးတဲ့ သဘောမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပြီး လတ်တလော အင်အားအကြီးဆုံး ကရင်လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KNU နဲ့ အခြားသော ကရင်လက်နက်ကိုင် အဖွဲ့တွေအကြား မယုံသင်္ကာဖြစ်အောင် ၊ ရည်ရွယ်ပြီး သတင်းထုတ်ပြန်တဲ့ သဘောလားလို့ လည်း စဥ်းစားစရာ ရှိနေတာ ဖြစ်ပါတယ်။ 

မကြာသေးခင် ရက်အနည်းနယ်က ပြည်ပရောက် ကရင်လူမှုအဖွဲ့အစည်းတွေက ကေအန်ယူ ခေါင်းဆောင်ပိုင်းကို နုတ်ထွက်ပေးဖို့ ကြေညာချက်တစောင်လည်း ထွက်ပေါ်ခဲ့တာဖြစ်ပြီး ကေအန်ယူ ရဲ့ နိုင်ငံရေး ဦးဆောင်မှုကို နိုင်ငံရေးလမ်းစဥ်ကို မေးခွန်းထုတ်လာတဲ့ သဘောမျိုးလည်း တွေ့နေရတာ ဖြစ်ပါတယ်။ 

ကရင်ပြည်နယ်၊ မွန်ပြည်နယ်ရဲ့ ဒေသအချို့၊ ပဲခူးတိုင်း အရှေ့ပိုင်းဒေသတချို့နဲ့ တနင်္သာရီတိုင်းတို့မှာ ကေအန်ယူတပ်တွေ နေရာယူတည်ရှိကြပြီး NUG လို့ အတိုကောက်ခေါ်ဝေါ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရကို လက်ခံ ကာကွယ်ပေးထားတာလည်း ကေအန်ယူ အဖွဲ့ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ကေအန်ယူအဖွဲ့အနေနဲ့ အဖွဲ့ရဲ့ မူဝါဒလမ်းစဥ် ပြန်လည်သုံးသပ်တာနဲ့ ခေါင်းဆောင်တွေ ပြန်လည်ရွေးချယ် တာဝန်ပေးတဲ့ ကွန်ဂရက်ကျင်းပဖို့ ရည်ရွယ်ထားပေမယ့် စစ်အာဏာသိမ်းမှု ကြောင့် ရွှေ့ဆိုင်းထားတာ ဖြစ်ပြီး ခုနှစ်မှာ ကျင်းပကောင်း ကျင်းပနိုင်ပါတယ်။

ဒီလို အခြေအနေတွေအကြားမှာ အခုလို ကေအန်ယူ ခေါင်းဆောင်တချို့ စီးနင်းလာတဲ့ ယာဥ်တန်း မိုင်းခွဲတိုက်ခိုက်ခံရတယ်ဆိုတဲ့ သတင်းက ကရင်အမျိုးသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား သံသယနဲ့ မယုံသင်္ကာမှုတွေ ပိုမိုကြီးထွားလာနိုင်ပြီး ကရင်လက်နက်ကိုင် အဖွဲ့တွေအကြား တစုံတရာ ပဋိပက္ခဖြစ်ပွားခဲ့ရင် NUG အစိုးရ အနေနဲ့လည်း ခိုလှုံရာ  မဟာမိတ် အဖွဲ့အစည်းတခု ကို အမြန်ရှာဖွေရမယ့် သဘောမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ကေအန်ယူအဖွဲ့ နဲ့ ကရင်လက်နက်ကိုင်တွေအကြား စည်းလုံးညီညွတ်မှုအနေအထား ပြောင်းလဲခဲ့ရင် NUG အနေနဲ့လည်း နယ်မြေအခြေခံရှိတဲ့ မဟာမိတ်အဖွဲ့ကို ရှာဖွေရတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ 

ကေအန်ယူရဲ့ မူဝါဒ၊ ခေါင်းဆောင်ပိုင်း အပြောင်းအလဲတွေက ကေအန်ယူ တခုတည်းပေါ်မှာသာ သက်ရောက်တာမဟုတ်ဘဲ မဟာမိတ် အဖွဲ့အစည်းတွေ၊ စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုတွေ အပေါ်မှာပါ သက်ရောက်မှု ရှိလာမယ့် သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတပုဒ်ကတော့ NUG ရဲ့ ထောက်ပံ့ရေး အလှူငွေကောက်ခံသူ အဖြစ်လူသိများသူ ပန်ဆယ်လိုရဲ့ မြန်မာနိုင်ငံထုတ်စားသောက်ကုန် အရောင်းဆိုင် နဲ့ ဆက်စပ်ပြီး ပြည်တွင်းက မြန်မာစားသောက်ကုန် ထုတ်လုပ်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်မေးနေတဲ့ သတင်းဖြစ်ပါတယ်။ ဇလုံကြီး အပါအဝင် အခြားသော စားသောက်ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်အချို့ ဖမ်းဆီးစစ်မေးခံနေရတယ်လို့ ယနေ့သတင်းတွေထဲ ဖော်ပြထားကြပါတယ်။ ပန်ဆယ်လိုရဲ့ ကိုယ်ပိုင် လုပ်ငန်းဖြစ်တဲ့ မြန်မာ စားသောက်ကုန် စတိုးမှာ တင်ထားတဲ့ ပစ္စည်းတွေကို အကြွေးစနစ်နဲ့ ပေးတာဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရှင်းလင်းရာကနေ စစ်ကောင်စီဘက်က ပြည်ပရောက်ပန်ဆယ်လို နဲ့ ပြည်တွင်းက စားသောက်ကုန်ထုတ်လုပ်သူတွေ အကြား ဆက်ဆံရေးကို စစ်ဆေးမေးမြန်းဖို့ စစ်ကောင်စီ ဝါဒဖြန့်ချိရေး ယန္တရားအစိတ်အပိုင်းတခုဖြစ်တဲ့ ဟန်ငြိမ်းဦး နဲ့အခြားသော တယ်လီဂရမ်တွေက ရေးသားရာက အခုလို ဖမ်းဆီးစစ်မေးမှုတွေ ဖြစ်လာတဲ့ သဘောဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့်ယန္တရားထဲက တယ်လီဂရမ် ပလက်ဖောင်းပေါ်က ဒါဇင်နဲ့ချီတဲ့ ချယ်နယ်တွေဟာ  ပြည်တွင်းက NUG, PDF, NLD, CRPH ထောက်ခံသူတွေရဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေ၊ သတင်းဌာနတွေက သတင်းတွေကို စောင့်ကြည့်ပြီး ဘယ်သူကတော့ဖြင့် စစ်ကောင်စီဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံသူ ပို့စ်တင်သူ ၊ ဘယ်လုပ်ငန်း၊ ဘယ်အဖွဲ့အစည်းကတော့ဖြင့် စစ်ကောင်စီဆန့်ကျင်ရေးကို ထောက်ခံသူပါ ဆိုတဲ့ doxing လို့ ခေတ်ပေါ် အသုံးအနှုန်းနဲ့ ခေါ်ဆိုကြတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လိပ်စာ၊ ဓာတ်ပုံ အချက်အလက်တွေနဲ့တွဲပြီး ဖမ်းဆီးဖို့ လှုံ့ဆော်ကြတာမျိုး လုပ်လာတာ ၂၀၂၂ ခုနှစ်အတွင်း ပိုမိုကျယ်ပြန့်လာနေတာ ဖြစ်ပါတယ်။

 ဒီဝါဒဖြန့်ယန္တရားထဲက သတင်းပေးတဲ့ အချက်အလက်တွေနဲ့ ဖော်ပြခံရသူတွေထံက ငွေညှစ်ပြီး ပြန်လွှတ်တာမျိုးလည်း တလက်စထည်း ဖြစ်ပွားနေတာပါ။ ဖော်ပြခံရမှုတွေကတဆင့် ဖမ်းဆီးစစ်ဆေးခံရသူတွေ အနေနဲ့  နိုင်ငံရေးအရ ဘယ်လောက် ပါဝင်ပတ်သက်မှု ရှိ၊ မရှိဆိုတာ သိရပြီးနောက် ရဲနဲ့ စစ်ထောက်လှမ်းရေးတို့က ၄င်းတို့ လုပ်ပိုင်ခွင့်ထဲက လျော်ပေးလို့ရသူတွေကို ငွေသိန်း ဆယ်ဂဏန်းကနေ ရာဂဏန်းထိ တောင်းခံကာ လွှတ်ပေးတာမျိုးလည်း လုပ်နေကြတဲ့ ဖြစ်စဥ်တွေရှိပြီး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်သူတွေကတော့ စစ်ကောင်စီက ဆက်လက်ဖမ်းဆီး ထောင်ချတာမျိုး ခံရတာ ဖြစ်ပါတယ်။ ဒီလို doxing လုပ်တဲ့ နည်းလမ်းကနေ စစ်ကောင်စီ အနေနဲ့ ၄င်းကိုဆန့်ကျင်သူတွေကို စောင့်ကြည့်ပြီး ဖမ်းဆီးဖို့ သတင်းပေးသူတွေနဲ့ ခြိမ်းခြောက်သူတွေ၊ အဲဒီအချက်အလက်တွေအပေါ်က နေ ငွေညှစ်သူ၊ လာဘ်စားသူတွေ ပေါ်ထွက်လာအောင် မွေးထုတ်လိုက်တာ ဖြစ်ပြီး ဆိုရှယ်မီဒီယာ ရဲ့ သဘောသဘာဝကို သေချာစွာ နားမလည်တဲ့ သုံးစွဲသူတွေအတွက် အန္တရာယ်ကျရောက်နိုင်တဲ့ အခြေအနေမျိုးလည်း ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar