Breaking News

ဒီတပတ် ဘာထူးသလဲ - နိုင်ငံတကာသာဂိ (အမေရိကန်က ငွေလွယ်လွယ်ရတဲ့ခေတ် ကုန်ပြီ ဆိုပါကလား)


ဒီတပတ် ဘာထူးသလဲ - နိုင်ငံတကာသာဂိ

(မိုးမခ) မတ် ၂၁၊ ၂၀၂၃

အမေရိကန်က ငွေလွယ်လွယ်ရတဲ့ခေတ် ကုန်ပြီ ဆိုပါကလား



PBS ဆိုတဲ့ Public Broadcasting Service ဆိုတဲ့ အမေရိကန်က ပုဂ္ဂလိကမဟုတ်တဲ့ သတင်းဌာနကနေ The Age of Easy Money ဆိုတဲ့ သတင်းမှတ်တမ်းကို YouTube ကနေ ကြည့်ရတယ်။ အချိန် ၂ နာရီကြာတယ်။ လက်ရှိ အမေရိကန်ဘဏ်စနစ်တွေ ပြိုလဲတော့မလား ရင်မနေချိန် ကမ္ဘာကြီးတခုလုံး လှုပ်လှုပ်ရှားရှားဖြစ်နေချိန်မှာ သည်သတင်းမှတ်တမ်းက အမေရိကန်ပြည်က ကမောက်ကမ စျေးကွက်စီးပွားရး အရင်းရှင်စနစ်ကို မိးမောင်းထိုးပြတယ်လို့ ဆိုရမယ်။

Easy Money ဆိုတာက အမေရိကန်ဗဟိုဘဏ် FED လို့အတိုကောက်ခေါ်တဲ့ ငွေကြေးနဲ့ဘဏ်လုပ်ငန်းထိန်းကြာင်းတဲ့ အဖွဲ့အစည်းက စျေးကွက်တွင်းကို အတိုးနှုန်း သုညနဲ့ ငွေထုတ်ချေးပြီး Wall Street လို့ခေါ်တဲ့ စတော့၊ ငွေချေးစာချုပ်၊ ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်ကြသူ အရင်းရှင်တွေ၏ အရှုံးမှန်သမျှ နောက်ကနေ ကျားကန်ပေးနေတဲ့ ပေါ်လစီခေတ် Easy Money Age ခေတ်ကုန်ပြီလို့ PBS က ဆိုလိုက်တာပါ။ တကယ် ခေတ်ကုန်ပါ့မလားတော့ ဆက်လက် စောင့်ကြည့်ရပါမယ်။

အ ေမရိကန်တွေက အလုပ်မလုပ်တဲ့သူတွေ ၊ဆင်းရဲသားတွေ ၊ မိသားစုမှာ ကလေးတွေ ၂ ဦးထက်ပိုမွေးထားသူတွေ နဲ့ ဆင်းရဲတဲ့အခြေခံလူတန်းစားတွေက အစိုးရထောက်ပံ့စာ လက်ဖြန့်စားနေကြတယ်ဆိုပြီး အကြီးအကျယ် နိုင်ငံရေးလုပ်ပြီး ဝေဖန်တိုက်ခိုက်ကြတယ်။ တကယ်တန်းက ၂၀၀၈ စီးပွားပျက်ကပ်ကျကတည်းက ဗဟိုဘဏ်ကနေ အရှုံးပြနေတဲ့ ဘဏ်နဲ့ ငွေကြေးလုပ်ငန်းစနစ်ကို ငွေကြေးတွေ အတိုးမဲ့ ထုတ်ချေးပေးတာ၊ အရှုံးပြနေတဲ့ စာချုပ်စာတမ်း ရှယ်ယာတွေနဲ့ အစိုးရငွေချေးစာချုပ်တွေကို ပြန်ဝယ်ပြီး စျေးကို ကျားကန်ပေးတာတွေ ငွေပေါင်း ထရီလျံနဲ့ ချီပြီးလုပ်ပေးနေတာ အခုဆို ၂၀၀၈ - ၂၀၂၃ နှစ် အစိတ် ရှိသွားပါပြီ။ ဒါကိုတော့ လူပြိန်းအများစုက ဝေဖန် ပြစ်တင်ရမှန်းမသိကြပဲ အမြင်ကန်းနေကြတယ်လို့ သတင်းဌာနက ထောက်ပြချင်တာပါ။

အဲသည်လို အရှုံးပြထားတဲ့ စျေးကွက်နဲ့ စတော့လုပ်ငန်းတွေကစာရင်းတွေကို အစိုးရက ငွေစိုက်ပြီး ပြန်ဝယ်တာကို quantative easing (QE) လို့ ခေါ်ပါတယ်။ Zero Interest ဆိုတာက အစိုးရ သူငွေထုတ်ချေးတာမှန်သမျှကို အတိုးနှုန်းမယူဘဲ ချေးပေးနေတာ ဖြစ်ပါတယ်။ ၂၀၀၈ စီးပွားပျက်ကပ်မှာ အဲသည်လို Fed က အရင်းရှင်တွေကို ကျားကန် ငွေစိုက်ပေးတော့ ပထမဆုံး ထိခိုက်သူတွေက အလုပ်သမားလူတန်းစားတွေ အလယ်အလတ်လူတန်းစားတွေဖြစ်ပါတယ်။ သူတို့ကို တိုက်ရိုက် မကယ်တင်ဘဲ သေဌေးတွေကို သမ္မတကြီး အိုဘားမားက ကယ်တယ်ဆိုပြီး ပြစ်တင်ကြပါတယ်။ အိုဘားမားလက်ထက်မှာ လူတွေကို ကူငွေတွေ ပေးတာ၊ ပြည်တွင်းက လမ်းတံတား စက်ရုံ အလုပ်ရုံတွေမှာ ပြန်ရင်းနှီးတာ လုပ်ဖို့ကို အရင်းရှင်တွေနဲ့ နိုင်ငံရေးသမားတွေ ကန့်ကွက်ကြပါတယ်။ ငပျင်းတွေ အားပေးတဲ့ ပေါ်လစီကို အားမပေးနဲ့လို့ ကြွေးကြော်ကြပါတယ်။ သည်လိုနဲ့ အိုဘားမား ၈ နှစ် သက်တမ်းလုံးလုံး လက်ကြောမတင်းတဲ့ အရင်းရှင်တွေကို ငွေလွယ်လွယ်ပေးတဲ့ ပေါ်လစီနဲ့ ဖြတ်သန်းခဲ့တယ် ဆိုကြတယ်။

အဲသည်အတွက် အရင်းရှင်တွေက ငွေကြေး စတော့ ကစားတဲ့ အထဲမှာပဲ လည်ပတ်နေကြတော့ ငွေဖေါင်းပွနှုန်းကလည်း ၂% မှာပဲ ရှိခဲ့တယ်။ အကြောင်းက လူတွေမှာ ပိုက်ဆံမရှိ အလုပ်ရှားပါးတော့ ဝယ်မစားနိုင်ကြတော့ စျေးကလဲ မတက်နိုင်ဘူးပေါ့။ သို့သော် စတော့စျေးတွေကတော့ တရိပ်ရိပ် ထိုးတက်ကြတော့တာပဲ မဟုတ်လား။ ဆီနိတ်တာ ဘာနီးဆင်းဒါး အမြဲပြောသလို အမေရိကန်မှာ လူတန်းစား မညီမျှမှုဖြစ်နေပြီ၊ Inquality ။ ပြီးတော့ လူ့မလိုင် ၃%မှာပဲ ငွေကြေး အရင်းအနှီးတွေ စုပြုံနေပြီလို့ သူက သံချောင်းခေါက်ပြီး သတိပေးခဲ့တာ ဖြစ်ပါတယ်။ ငွေရှင်ကြေးရှင်တွေ ရှေ့တန်းရောက်လာပြီး FED ကပဲ ငွေချေးပြီး ငွေစိုက်ပြီး နိင်ငံပြသနာကို ဖြေရှင်းနေရတာလဲ။ ဒီမေးခွန်းကို ဖြေရရင် နိုင်ငံရေးသမားတွေက အလုပ်မလုပ်ဘဲ သူများကို အပြစ်တင်တာပဲ လုပ်နေကြလို့ပါ။ အမေရိကန်နိုင်ငံရေးမှာ လက်ဝဲ လက်ယာ အစွန်းရောက်တွေ နိုင်ငံရေးအငြင်းအခုန်တွေချည်း လုပ်နေကြတော့ လွှတ်တော်နဲ့ အစိုးရက စီးပွားရေး ပြသနာကို မရှင်းနိုင်ကြတာကြောင့် ဖြစ်တယ်လို့ သတင်းဌာနက ထောက်ပြပါတယ်။ (အခုလည်း သည်လိုပဲလေ၊ ပရိသတ်ကလည်း ဗိုက်ဟောင်းလောင်းနဲ့ နတ်ကရာ ကျီးမော)

ဒီလိုနဲ့ ဗဟိုဘဏ်က စီးပွားရေး မကျတော့ဘူး ကောင်းလာပြီ၊ စတော့တွေလည်း စျေးမြင့်ကုန်ပြီ ၊ ငါတို့ အတိုးတွေ ပြန်တောင်းမယ်၊ ငါတို့ဝယ်ထားတယ် ငွေကြေးစာချုပ် စတော့တွေ ပြန်ထုတ်ရောင်းမယ်လို့ ပြောလိုက်တိုင်း (၂၀၁၆-၂၀၁၇) မှာ စတော့ရှယ်ယာစျေးကွက်က တခါတည်း ပြုတ်ကျ၊ ကယောင်းကတမ်းတွေ ဖြစ်၊ စျေးကွက်တွေ ပျက်မတတ်ဖြစ်ပြီး အရင်းရှင်တွေက တုန့်ပြန်ကြပါတယ်။ သူတို့ ရထားတဲ့ easy money ကို အလျော့မပေးနိုင်လို့ ဆန္ဒပြကြတဲ့သဘောပေါ့။ စတော့စျေးကွက် ပြုတ်ကျတိုင်း Fed ကလည်း ဘွာတေး ဘွာတေးပါ။ အတိုးတွေ ပြန်မတက်ပါဘူး၊ ငွေကြေး စာချုပ်တွေ ပြန်ထုတ်မရောင်းတော့ပါဘူးလို့ မျက်နှာချိုသွေး အောက်ကျရတဲ့ အဖြစ်ကို ရောက်ရပါတယ်။

သည်လိုနဲ့ ထရန့်ကြီး သမတ ဖြစ်တဲ့ခေတ်၊ အရင်းရှင်တွေ ပြည်တော်သာတဲ့ခေတ်၊ အိမ်စျေးတွေ တဖြေးဖြေး ခေါင်းထောင်လာတဲ့ ခေတ်ကို ရောက်လာပါတယ်။ သေဌေးတွေကလဲ ကုန်ထုတ်လုပ်ငန်း စက်ရုံအလုပ်ရုံလုပ်ငန်း၊ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေမှာ မမြုပ်နှံဘဲ ငွေလွယ်လွယ်ဖြစ်တဲ့ ဝယ်ရောင်း အလုပ်တွေချည်း လုပ်ကြပါတယ်။ အိမ်ဝယ်ရောင်း ၊ ကုမ္မဏီတွေဝယ်ရောင်း၊ စတော့-ငွေကြေးဝယ်ရောင်းနဲ့သာ အချိန်ကုန်ကြပါတယ်။ ထရန့်ကိုယ်တိုင်က လွှတ်တော်ဘတ်ဂျက်နဲ့ လမ်းတံတားတည်ဆောက်ပြုပြင်လုပ်ပါမယ်ဆိုတာကိုတောင် အမတ်တွေ အရင်းရှင်တွေက အိုဘားမားတုန်းက ကန့်ကွက်ခံရသလိုမျိူး ကန့်ကွက်တားဆီးခဲ့ကြပါတယ်။

ဒါကြောင့် ကိုဗစ်မတိုင်ခင်မှာ တက်လာတဲ့ စတော့စျေးတွေနဲ့ လူတွေ ချမ်းသာလာကြတယ်။ အိမ်ခြံမြေတွေ ဝယ်လာကြတယ်။ ကိုဗစ်ဖြစ်တော့ အမေရိကန်အစိုးရက အလုပ်လက်မဲ့ပြည်သူတွေကို ငွေကြေး ဘီလျံထုတ်ပြီး ငွေထောက်ပံ့ပြန်တော့ အရင်းရှင်တွေကလည်း လက်ခမောင်း ထခတ် ကြပြန်တယ်။ ငါတို့ခေတ် မကုန်သေးပါကလားပေါ့။ (သူတို့ရင်းနှီးမြုပ်နှံထားတာတွေ အရှုံးပြတာကို အစိုးရက စိုက်ပြီး ကူပြန်ပြီကိုး)။ လူတွေ အလုပ်မဲ့ နှုန်းတွေ ၁၀% ကျော် မြင့်လာချိန်၊ ငွေဖောင်းပွမှုက အနည်းဆုံးအချိန်မှာလည်း အရင်းရှင်တွေက ပန်းပန်လျက်။ ဒါတောင် သူတို့အရင်းရှင်တွေရတဲ့ easy money ခြေဖျားတောင် မမီတဲ့ ထောက်ပံ့ကြေး အရိုးအရင်းကိုက်ရတဲ့ အခြေခံပြည်သူလူထု၏ အလုပ်လက်မဲ့ကြေး ရှားပါးစာရိတ် ၈ လ ၁ နှစ် ကျော် အလကားရတာကို နိုင်ငံရေးသမားတွေက မလိုမုန်းထား တွန့်တိုစကား အမုန်းပွားကြပါသေးတယ်။

၂၀၂၀ ကိုဗစ်ကနေ ၂၀၂၂ အထိမှာ အမေရိကန်စျေးကွက်ထဲမှာ FED က စိုက်ပေးထားတဲ့ အလကား လွယ်လွယ်ရတဲ့ ငွေကြေးတွေ ရေလျံလာချိန်ဖြစ်ပါတယ်။ အရင်းရှင်တွေက သူတို့အရင်းတွေကို တိုးပွားအောင် တွန်းပို့ရင်းကနေ ငွေကြေးဖောင်းပွမှု ဖြစ်လာပါတယ်။ ဥပမာ လွယ်လွယ်တခုကတော့ Tesla stock က နေ့ချင်းညချင်း ၅၀၀ ကျော် ၁၀၀၀ ကျော် ခုန်တက်သွားတာ၊ Air BnB လို လုပ်ငန်းက စတော့တွေ ခုန်တက်လို့ သူ့လုပ်ငန်း၏ ရှယ်ယာတွေ စုပေါင်းလိုက်ရင် အမေရိကန်စီးပွားရေး၏ ၂၅%လောက် ကြီးမား ဖောင်းပွလာတာ။ Amazon က လုပ်ငန်းရှင်သေဌေးကြီးက ထိုင်နေရင်း ရှယ်ယာစျေးတွေ တက်လို့ အချမ်းသာဆုံးဖြစ်လာတာမျိုးတွေ သတင်းတွေမှာ မြင်ကြရပါတယ်။ အဆောက်အအုံတွေ မြေကွက်တွေ လုပ်ငန်းကြီးတွေ လက်ပြောင်းလက်လွှဲ စျေးကစားကြတော့ အချို့ ပုံမှန်လည်ပတ်နေတဲ့ retail markets တွေ ပြုတ်ကုန်ကြတယ်။ အလုပ်က ရှုံးလို့မဟုတ်၊ သေဌေးလက်ပြောင်းပြီး စျေးချရောင်းချင် ရောင်းပစ်လို့။ သည်တော့ စားသုံးသူတွေဆီမှာ စားသောက်ကုန်တွေ အဆမတန် စျေးကြီးတာ နဲ့ ကြုံကြရပါတယ်။

ငွေဖောင်းပွတာ ၁၃%အထိ တက်လာလို့ နောက်ဆုံး ဘိုင်ဒင်လက်ထက်မှာ FED က အတိုးနှုန်းတွေ တမတ်ဖိုး သုံးမတ်ဖိုး တလချင်း ပြန်တိုးပြီး ထိန်းရပါတော့တယ်။ ၂ လ ၃ လအတွင်း ဗဟိုဘဏ်က ငွေချေးအတိုးနှုန်းကို တွန်းတင်လိုက်တာ ၄.၅ % ၄.၇၅ % အထိ ပြန်တက်ပြီး ထိန်းညှိရပါတယ်။ ဒါတောင် အရင်းရှင်တွေက ကက်ကက်လန် စိတ်ဆိုးပြီး စတော့တွေ ထိုးကျအောင် ထုတ်ရောင်းပြီး အမြတ်ထုတ်ကြည့်သေးတယ်။ (၂၀၂၃ ဇန်)။ သို့သော် ဒီတခါတော့ easy money က အမေရိကန်ငွေကြေးစနစ်ကို ခြစားနေပြီမို့ လွယ်လွယ်နဲ့တော့ FED က အရှုံးမပေးတော့ပါ။ အခု inflation က ၆.၅% လောက် ကျလာပါတယ်။

အခုလို တည်ငြိမ်လာချိန်မှာ အိမ်စျေးတွေလည်း ပြန်ဆင်းလာမယ့် အရိပ်အယောင်တွေ့ရပါတယ်။ Market correction ရှိလာပြီလို့ ဆိုကြပါတယ်။ ကဲ ဒီတခါမှာ ထကြွလာပြန်တာကတော့ ဘဏ်စနစ်တွေပဲ ဖြစ်ပါတော့တယ်။ အခု SVB နဲ့ အခြား ဘဏ်အချို့ စတင်ပြိုလဲတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။ တကယ်တန်းကတော့ FED က ငွေအတိုးနှုန်း တိုးမြှင့်ကတည်းက ဘဏ်လုပ်ငန်းတွေက သူတို့၏ ပရမ်းပတာ အမြတ်ကြီးစား ရင်းနှီးမြုတ်နှံမှု ငွေကြေးလုပ်ငန်းတွေကို လျော့ချရမှာ ဖြစ်ပါတယ်။ အဲသည်လို ဘဏ်နဲ့ ငွေကြေးလုပ်ငန်းတွေ၏ နောက်ကွယ်က အဲသည်လို လုပ်တာကို Shadow banking လို့ ခေါ်ပါတယ်။ မြန်မာပြည်က ပြည်တွင်းစီးပွားရေးလုပ်ငန်း စကားနဲ့ ပြောရရင် စျေးထဲမှာ နေ့ပြန်တိုး နဲ့ ငွေတိုးချေးစားတဲ့ မှောင်ခိုအလုပ်တွေလိုပေါ့ခင်ဗျာ။ ဘဏ်တွေက လူတွေ၏ အပ်ငွေကို ယူပြီး စွန့်စားမှုများတဲ့ အတိုးချေးစား ငွေချေးစာချုပ် ရင်းနှီးမြုတ်နှံမှုတွေ ဖန်တီးပြီး ငွေရှင်တွေဆီ လှည့်ရောင်းတာမျိုးပါ။ တဖက်က အစိုးငွေချေးစာချုပ်က အရင်တုန်းက ငွေလွယ်လွယ်ရတဲ့ခေတ်လို အတိုးမျိုး မရတော့ဘဲ ငွေတိုးရငွေ ကျဆင်းလာတာနဲ့ မချိန်ဆမိကြတာလည်းပါတယ်။ ဒါကြောင့် SVB ဘဏ်တွေကို လူတွေက စိတ်မချတော့လို့ ငွေတွေ ပြန်ထုတ်တော့ သူတို့တွေ ပြိုလဲကုန်ကြတာဖြစ်ပါတယ်။

အခုကတော့ အစိုးရက ဘဏ်တွေကို စနစ်တကျ ကူညီမှု ပေးထားပါတယ်။ အယင်တုန်းကလို မျက်စိမှိတ် ငွေစိုက်ထုတ် ကယ်ဆယ်ဖို့ မလုပ်လောက်ဘူးလို့ အကဲခတ်တွေက ဆိုပါတယ်။ အခုက ငွေအပ်ထားသူတွေကို အာမခံပေးပါတယ်။ အမြတ်ကြီးစားလိုတဲ့ ရှယ်ယာရှင် အရင်းရှင်တွေကို ပြန်မလျော်ပေးသေးပါဘူး။ တာဝန်မကျေပွန်တဲ့ ဘဏ်လုပ်ငန်းက ခေါင်းဆောင်တွေ ဝန်ထမ်းတွေကို အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲသည်လို အလုပ်သေချာမလုပ်တဲ့ ငွေလွယ်လွယ်ရ လွယ်လွယ် ဖြုံးတီးတဲ့ ဘဏ်လုပ်ငန်းတွေကို စနစ်တကျ ကယ်ဆယ်တာ အရေးယူတာ လုပ်ရင်တော့ ၂၀၂၃ မှာ စီးပွားမပျက်လောက်ဘူးလို့ ပြောနေကြပါတယ်။

သည်တပတ်မှာ FED က အစိုးရငွေချေးနှုန်းကို ဆက်ပြီး တိုးမလား၊ သို့မဟုတ် ခေတ္တ ရပ်ဆိုင်းမလား စောင့်ကြည့်ရပါမယ်။ အရင်းရှင်တွေက သူတို့စီးပွားမပျက်စေချင်ရင် အစိုးရငွေတိုးနှုန်းတွေ ဆက်မတိုးပါနဲ့လို့ တောင်းဆိုသံတွေ ကြားနေရပါတယ်။ အခု နောက်ထပ် စောင့်ကြည့်ရမှာက ငွေကြေးတွေ ဖောင်းကားနေတဲ့ facebook apple google tesla amazon microsoft တို့လို ကုမ္မဏီ အကြီးကြီးတွေ အများအပြားက ငွေပေါပေါသုံးပြီး ဝန်ထမ်းတွေ ပိုလျံစွာ ခန့်ထားကြတာတွေကနေ စိစစ် ဝိတ်လျော့ကြတာတွေ ဘယ်လောက် တိုးပွားလာဦးမလဲ ဆိုတာ ဖြစ်ပါတယ်။ အရင်းရှင်ကြီးတွေ၏ လက်ရှိတလွဲ စီမံခန့်ခွဲမှုတွေ အမှားအယွင်းတွေ၏ သက်ရောက်မှုတွေကို စောင့်ကြည့်ရပါမယ်။ လက်ရှိ ဘိုင်ဒင်အစိုးရက နိုင်ငံရေးသမား ပီသစွာနဲ့ ငွေကြေးလုပ်ငန်းမှာ မရင်းနှီးဘဲ စီးပွားရေးလုပ်ငန်း ၊ တည်ဆောက်ရေးလုပ်ငန်း ၊ ကုန်ထုတ်လုပ်ငန်း၊ တီထွင်ဖန်တီးမှု လုပ်ငန်း ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို အားပေး ရင်းနှီး မြုပ်နှံကြဖို့ ဆက်လက်အားပေးကြမလားဆိုတာ စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ် ခင်ဗျား။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar