Breaking News

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၂)

ကိုအောင်မှိုင်း - စစ်နိုင်ရေးတရားများကို ချဥ်းကပ်ခြင်း (အပိုင်း ၂)

(မိုးမခ) မတ် ၂၁ ၊ ၂၀၂၃


ပြောက်ကျားစစ်သေနင်္ဂဗျူဟာနဲ့ သမားရိုးကျစစ်တို့ရဲ့ အပြန်အလှန်ဆက်ဆံရေး

ပြီးခဲ့တဲ့အပိုင်းမှာ ကျနော်တို့ ပြောက်ကျားစစ်နဲ့ ပြောက်ကျားစစ်ရဲ့ အတွင်းသဘောတွေကို ချဥ်းကပ် လေ့လာသင်ယူခဲ့ကြပါတယ်။ အရေးကြီးတာက စစ်ပွဲကြီးတွေမှာ ပြောက်ကျားစစ်ဟာ အလွန်အရေးကြီးတာလည်း အမှန်ပါပဲ။ ဒါပေမဲ့ စစ်ပညာသဘောတရားအရ ပြောက်ကျားစစ်သေနင်္ဂဗျူဟာ ကလည်း တိုးတက်ဖြစ်ပေါ် ပြောင်းလဲရတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ ပြောက်ကျားတပ်ဖွဲ့တွေကို တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း၊ တပ်မ၊ တပ်မဟာ စသဖြင့် အမြဲတမ်းတပ်ပုံသဏ္ဌာန် ဖြစ်ပေါ်တိုးတက်လာရမှာကလည်း တိုက်ပွဲလိုအပ်ချက် ဖြစ်ပါတယ်။ 

ဒါကြောင့် ကျနော်တို့ဟာ စည်းစနစ်တကျ တပ်တွေကို ဖွဲ့စည်းတည်ထောင်ကြရပါတော့တယ်။

ဒီနေရာမှာ ကျနော်တို့ လေ့လာမိသလောက်ပြောရရင် ပြောက်ကျားတပ်ဖွဲ့များမှာ ခေါင်းဆောင် ကောင်းများ လိုအပ်ပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာဖို့၊ တော်လှန်ရေးအပေါ် သစ္စာရှိဖို့၊ ရိုးသားဖြောင့်မတ်ဖို့၊ ကျန်းမာသန်စွမ်းဖို့နဲ့ တော်လှန်ရေးဆိုင်ရာ မူဝါဒ စည်းကမ်းများအပေါ် စံပြလိုက်နာကြတဲ့သူများ ဖြစ်ဖို့ လိုပါတယ်။ အရေးအကြီးဆုံးကတော့ လူထုဆန့်ကျင်ရေးသဘောထားများ လုံးဝမရှိဖို့ လိုအပ်ပါတယ်။ 

ဆိုလိုတာက ကျနော်တို့ဟာ စစ်ဘုရင်အငယ်စားတွေ၊ လူထုဆန့်ကျင်ရေးသမားတွေ၊ ဖောက်ပြန်ရေးအတွေးအခေါ်ရှိသူတွေကို စုဖွဲ့မှုများ ဆောင်ရွက်ရာမှာ အထူးဂရုစိုက်ရမှာ ဖြစ်ပါတယ်။ 

ပြောက်ကျားစစ်ရဲ့ မဟာဗျူဟာနဲ့ သမားရိုးကျစစ်တွေမှာ ကျင့်သုံးတဲ့ မဟာဗျူဟာ ကွာခြားပါတယ်။ ဆိုလိုတာက သမားရိုးကျစစ်တွေမှာ များသောအားဖြင့် ပုံသေလှုပ်ရှားမှုများ (မှန်တမ်းကျတဲ့ လှုပ်ရှားမှုများ ) ဖြစ်ကြလေ့ရှိပါတယ်။

ပြောက်ကျားတပ်ဖွဲ့တွေဟာ များသောအားဖြင့် တစုံတ ရာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ကြတယ်။ အမြဲတမ်းတပ်တွေနဲ့ ပေါင်းစပ်ပြီး ချေမှုန်းရေးတွေ လုပ်နိုင်သလို ပြောက်ကျားအခြေခံဒေသတွေ အခြေခံဒေသတွေ တည်ဆောက်နိုင်ပေမဲ့ အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများကိုမူ သမားရိုးကျစစ်ဖြင့်သာ ကျနော်တို့ အောင်မြင်အောင် စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ 

ဒါဟာ အင်မတန် အရေးကြီးတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

ချုပ်ပြောရရင် ကျနော်တို့ဟာ ပြောက်ကျားစစ်ကနေ အဆုံးအဖြတ် တိုက်ပွဲကြီးတွေအတွက် အမြဲတမ်းတပ်တွေ ဖွဲ့စည်းပြီး သမားရိုးကျစစ်ဆင်ရေးတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ မဟာဗျူဟာဆိုင်ရာ အခင်းအကျင်းတွေမှာ အရန်အင်အားစုတွေအဖြစ် ပေါင်းစပ်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ အမှန်တကယ်လည်း ပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ မဟာဗျူဟာမြောက်ထိုးစစ်ကြီးတွေမှာ အရန်အဖြစ်သာ ပူးပေါင်းပါဝင်သင့်ပါတယ်။ 

ဆိုလိုတာက မဟာဗျူဟာအရ ထိုးစစ်ကြီးတွေ စတင်တဲ့အခါ နေရာဒေသအနှံ့ ထိုးစစ်များမှာ လှုပ်ရှားစစ်များ၊ နေရာယူစစ်များ ဆောင်ရွက်ကြရပါတယ်။ ဒီလိုနေရာမျိုးမှာ ပြောက်ကျားတပ်ဖွဲ့များကို တာဝန်ပေး တိုက်ခိုက်ခိုင်းတာမျိုး မလုပ်သင့်ပါဘူး။ အမြဲတမ်းတပ်များနဲ့ ပူးတွဲပြီး ပြောက်ကျားစစ်ဗျူဟာ အခင်းအကျင်းတွေအတိုင်း ပူးပေါင်းတိုက်ခိုက်ဖို့ တောင်းဆိုရမှာဖြစ်ကြောင်း စစ်ဦးစီးညွှန်ကြားသူများ သတိချပ်ရမှာ ဖြစ်ပါတယ်။

ကျနော်တို့ဟာ ပြောက်ကျားစစ်နဲ့ တော်လှန်ရေးကို အစချီရတယ်။ အင်အားအရ တစုံတရာ ရှိလာတဲ့အခါ တပ်စိပ် တပ်စု တပ်ခွဲ စသဖြင့် စုဖွဲ့ကြတယ်။ သင်တန်းပေးတယ်။ လက်နက်တပ်ဆင်တယ်။ ဒီအခါမှာ တစုံတရာ ချေမှုန်းရေး လုပ်လာနိုင်တယ်။ တစုံတရာ မိမိဒေသရှိ လူထုကို ကာကွယ်လာနိုင်တယ်။ တပ်ရင်းတွေ၊ တပ်မတွေ တပ်မဟာတွေအဖြစ် စနစ်တကျ စုစည်းလာနိုင်ပြီဆိုတာနဲ့ သမားရိုးကျ စစ်ဗျူဟာအခင်းအကျင်းကို စကြရပါမယ်။ မိမိဒေသက အပြင်ထွက်ပြီး တနိုင်ငံလုံးဆိုင်ရာ စစ်ရေးရည်မှန်းချက်တွေကို အောင်မြင်အောင် ချီတက်တိုက်ခိုက်ကြရပါတော့မယ်။ 

ဒီအခါ ပြောက်ကျားတပ်ဖွဲ့တွေဟာ ဒေသတပ်တွေအဖြစ် ဒေသလုံခြုံရေးအပါအဝင် အမြဲတမ်းတပ်တွေအတွက် ရိက္ခာ ဆေးဝါးကအစ တပ်သားသစ် စုဆောင်းသင်တန်းပေးတာတွေကို အစီအစဥ်ရှိရှိ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ 

ဒါက ပြောက်ကျားစစ်သေနင်္ဂဗျူဟာနဲ့ သမားရိုးကျစစ်တွေရဲ့ အပြန်အလှန် အကျိူးပြုမှုဖြစ်သလို အပြန်အလှန်ဆက်စပ်မှုလည်း ဖြစ်လို့ အင်မတန်အရေးကြီးပါတယ်။

ဒီနေရာမှာ ပြောက်ကျားစစ်ပါရဂူတဦး ဖြစ်တဲ့ ချေဂွေဗားရားက “ပြောက်ကျားစစ်ပွဲဟာ အဆင့်တခုမျှသာ ဖြစ်ပြီး သူကိုယ်တိုင်ကတော့ လုံးဝအောင်ပွဲရတဲ့အထိ မစွမ်းဆောင်နိုင်ဘူးဆိုတာ ထင်ရှားပါတယ်။ စစ်ပွဲတခုရဲ့ ရှေ့ပြေးအဆင့်မျှသာဖြစ်တဲ့ ပြောက်ကျားစစ်ဟာ တဖြည်းဖြည်းနဲ့ တိုးတက်ကြီးထွားလာပြီး ပြောက်ကျားတပ်မတော်အဆင့်ကနေ အမြဲတမ်းတပ်မတော်ကြီးတခုရဲ့ အသွင်လက္ခဏာ ရရှိလာတဲ့အထိ တိုးတက်လာမှာ ဖြစ်တယ်။ 

အဲဒီအချိန်မှာ ရန်သူကို အဆုံးသတ်ထိုးစစ်တွေ ဆင်နွှဲပြီး အောင်ပွဲခံနိုင်မှာ ဖြစ်တယ်။ အဆုံးသတ်အောင်ပွဲဟာ အမြဲတမ်း တပ်မတော်တခုရဲ့ တိုက်ပွဲရလဒ် ဖြစ်တယ်။ ဒါပေမဲ့ သူရဲ့ မူလဇာစ်မြစ်ဟာ ပြောက်ကျားတပ်မတော်ကို အခြေခံပါတယ်။”

ဒါဟာ ပြောက်ကျားစစ်ကို လက်တွေ့ဆင်နွှဲနေကြဆဲ ကျနော်တို့ရဲဘော်တွေအနေနဲ့ လေ့လာသင်ယူသင့်တဲ့ သင်ခန်းစာတွေဖြစ်တယ်လို့ ယူဆမိပါတယ်။

တန်ပြန်ပြောက်ကျားစစ် Counter Guerrilla War တန်ပြန်ပြောက်ကျားစစ် ဆိုတာကတော့ ရှင်းပါတယ်။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေကို နည်းမျိုးစုံနဲ့ ချေမှုန်းဖို့ တန်ပြန်ဆောင်ရွက်တဲ့စစ်လို့ ပြောရမှာ ဖြစ်ပါတယ်။ 

ဒီနေရာမှာ တန်ပြန် ပြောက်ကျားစစ်တွေဟာ မတူတဲ့ ပြောက်ကျားလှုပ်ရှားစစ်တွေပေါ် မူတည်ပြီး အသွင်သဏ္ဌာန်တွေလည်း အမျိုးမျိုး ကွဲပြားကြသလို တန်ပြန်ပြောက်ကျားစစ်ဆင်ရေး အယူအဆတွေလည်း အမျိုးမျိုး ရှိတာ တွေ့ရပါတယ်။ ပြောက်ကျားစစ် ဆင်နွှဲနေသော တော်လှန်ရေးများဟာ များသောအားဖြင့် နိုင်ငံရေးနှင့် စစ်ရေး ပေါင်းစပ်ပြီး လူထုရဲ့ စွမ်းအားကို အခြေပြုထားသည့် စစ်မဟာဗျူဟာဖြစ်တဲ့အတွက် စစ်ရေးနည်းလမ်းသက်သက်ဖြင့်ဖြစ်စေ၊ နိုင်ငံရေးနည်းလမ်းသက်သက်ဖြင့်ဖြစ်စေ ချေမှုန်းတိုက်ခိုက်ရန် မလွယ်ကူကြောင်း စစ်ရေးပါရဂူများမှ မိန့်ကြားခဲ့ပါတယ်။

နောက်အပိုင်းမှာ တန်ပြန်ပြောက်ကျားစစ် ဆိုတာကို ကျနော်တို့ လေ့လာကြည့်ကြရအောင်ပါ။

ကိုအောင်မှိုင်း

(ကိုးကား - ပြောက်ကျားစစ် မော်စီတုံး၊ ပြောက်ကျားစစ် လီနင် ၊ ပြောက်ကျားစစ် ချေဂွေဗားရား၊ ပြောက်ကျားစစ် On War Carl von Clausewitz စစ်ပညာဂျာနယ်၊ ပြည်သူ့အာဏာဂျာနယ် )



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar