Breaking News

အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )


အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၂၄ )

(မိုးမခ) မတ် ၁၁၊ ၂၀၂၃

10/3/23

Diary in the darkness


မနက် ၄း၀၀ နာရီထတယ်။

ညက အားဆေးသောက်အိပ်တော့ ကောင်းကောင်းအိပ်ပျော်တယ်။

အသိတရားရှိသူတို့ရဲ့ သဘောထား ဆိုတဲ့ တရားကို yoytube က နာဖြစ်တယ်။ https://youtu.be/sUjm7J_WbUQ ပါချုပ်ဆရာတော် အရှင် ဘဒ္ဒ န္တ ဒေါက်တာ နန္တမာလာဘိဝံသ ဟောကြားထားတာပါ။

အသိတရားဆိုတာ ဘာကို ခေါ်တာလဲ၊ အသိတရားမရှိခင်နဲ့ ရှိပြီးနောက် ဘာတွေ ကွာခြားသလဲ။

အခြေခံလူမှုအသိတရားဆိုတာ ကိုယ်ချင်းစာတရားဖြစ်တယ်။ ကိုယ်ချင်းစာတရားဆိုတာရော ဘာကို ခေါ်ပါသလဲ။ 

မိမိက မတောင့်မတ မကြောင့်မကြ နေရတဲ့ ဘဝကို ပိုင်ဆိုင်ချင်တယ် ဆိုရင် အခြားတပါးသူလည်း မိမိနည်းတူ လိုချင်မှာပဲလို့ ဆင်ခြင် တာမျိုးကိုဆိုတာဖြစ်တယ်လို့ ကျနော်နားလည်ပါတယ်။ အဲဒါကြောင့် မိမိဟာ တပါးသူကိုမိမိနည်းတူ မတောင်း မတ ကြောင့်မကျ နေစေလိုတဲ့ အသိတရားနဲ့ လုပ်ရပ်တွေကို လုပ်သင့်တယ်လို့ နားလည်ပါတယ်။ အဲဒီအသိတရားနဲ့ လုပ်ရပ်ဟာ ကျင့်ယူရတယ်။ အဲဒီအကျင့်ကို သီလ စောင့်ထိမ်းခြင်းဖြင့် စတင်ရတယ်။ ကုသိုလ်ကောင်းမှုတွေပြုရတယ်။ ကုသိုလ်ကောင်းမှုတွေကို ပြုကျင့်ရာမှာ ကိုယ်ကျင့်တရား ဖြူစင်မှုနဲ့ ဖြောင့်မှန်တဲ့ အမြင်တွေ ရှိရမယ်လို့ဆိုတယ်။ 

သင် ကောင်းလျှင် ကျွန်ုပ်မဆိုးပါ ဆိုတဲ့ အတွေးမျိုး မတွေးရ။ သူ တော်အောင် ကိုယ် ကောင်းရမယ်လို့ ဆိုပါတယ်။ သူက ဆဲရင် မဖြေရှင်းနဲ့၊ သူက စွပ်စွဲရင်တော့ ပြန်ဖြေရှင်းသင့်တယ်လို့ ဆိုတယ်။

ဗုဒ္ဓဘာသာ သံဃာတော်တွေ ကို ပြည်သူတွေက အားမလို အားမရဖြစ်နေချိန်မှာ ပါချုပ်ဆရာတော်ရဲ့ တရားတွေဟာ မြန်မာပညာတတ်လူတန်းစားအတွက် အလင်းတပွင့်လို ဖြစ်နေပါတယ်။ 

တရားနာပြီးတော့ သတင်းတွေ နားထောင်တယ်။

မြန်မာပြည် နိုင်ငံရေးသတင်းတွေ၊ ယူကရိန်းစစ်ပွဲသတင်းတွေနဲ့ တူရကီ ငလျင်နောက်ဆက်တွဲသတင်းတွေပါ။

မြန်မာပြည် နွေဦးတော်လှန်ရေးကတော့ ကြာဦးမယ်ထင်ပါတယ်။ အာဏာရှင် စစ်တပ်နဲ့ ပြည်သူ့တော်လှန်ရေးတပ်တွေဟာ တဖက်ကိုတဖက် ပြတ်ပြတ်သားသားအနိုင်မရကြသေးဘူးလို့ အမေရိကန် ထောက်လှမ်းရေးသတင်းတွေက ဆိုနေပါတယ်။ အာဆီယံမှာ အင်ဒိုနီးရှားနဲ့ မလေးရှားတို့က မြန်မာ့အရေးကို ပြည်သူတွေဘက်က တက်တက်ကြွကြွ ရပ်တည်နေပေမယ့် အခြားနိုင်ငံတွေကတော့ မလွှဲမရှောင်သာမှသာ ပြည်သူတွေဘက်က ရပ်တည်တယောင်ယောင် လုပ်ရပ်တွေကို ဟန်ပြလုပ်ပြနေကြပါတယ်။

NUG အနေနဲ့ အချိန်တိုအတွင်း သံတမန်စစ်မျက်နှာမှာ အောင်ပွဲ အများအပြားရရှိနေ‌ပေမယ့် လက်နက်ကိုင်စစ်မျက်နှာမှာ ပြတ်ပြတ်သားသား အောင်ပွဲမဆင်နိုင်သေးပါဘူး။ 

NLD ပါတီတွင်းမှာလည်း ပြည်တွင်းမှာရပ်တည်ပြီး လက်နက်မဲ့အောင်ပွဲခံရေး လမ်းစဥ်ကို ကိုင်စွဲလိုသူတွေနဲ့ လွတ်မြောက်နယ်မြေ ထူထောင်ပြီး လက်နက်ကိုင် လမ်းစဉ်ကို ချမှတ်အကောင်အထည်ဖော်နေသူတွေ ဆိုပြီး နှစ်ပိုင်းကွဲနေပါတယ်။ လူထုကတော့ ဒေါ်စန္ဒာမင်းအပါအဝင် လက်နက်မဲ့ အောင်နိုင်ရေး လမ်းစဥ်လိုက်သူတွေကို စစ်တပ်လိုလားသူတွေအဖြစ် စွပ်စွဲနေတာကို တွေ့ရပါတယ်။ ၁၉၉၀ လောက်က စစ်တပ်အလိုကျ NLD ကို တည်ဆောက်ဖို့ကြိုး စားခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း ဦးအောင်ရွှေရဲ့ လုပ်ရပ်တွေကို ပြန်လည်သတိရစေပါတယ်။ 

လက်နက်မဲ့လမ်းစဥ်ကို ကိုင်စွဲနေသူလို့ ယူဆခံရတဲ့ ဒေါ်စန္ဒာမင်းနဲ့ ဘီဘီစီအင်တာဗျူးကို နားထောင်ကြည့်တဲ့အခါ ဒေါ်စန္ဒာမင်းက ‌ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ ၊ ပြ့ည်တွင်းက NLD ဆိုင်းဘုတ်ကို ကာကွယ်ဖို့ အဓိက ထားစဥ်းစားနေတာ တွေ့ရပါတယ်။ လက်နက်ကိုင်လမ်းစဥ်ကို မလွှဲသာ မရှောင်သာ လက်ခံလိုက်ရတဲ့ NUG ခေါင်းဆောင်ပိုင်းကတော့ ပြည်သူကို မျက်နှာမူစဥ်းစားနေပုံရပါတယ်။ ဒီလမ်းကြောင်းဟာ အလွန်ခက်ခဲတဲ့ လမ်းကြောင်းမို့ အခက်အခဲတွေ အများကြီးရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ပေးဆပ်မှုတွေလည်း အလွန်များမှာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကျွန်ဘဝမှာ မနေလိုတဲ့ ပြည်သူတွေကတော့ စစ်ကျွန်ဖြစ်ရတာထက် သေသော်မှတည့် ‌ဪ ကောင်း၏ လို့ခံယူကြပါတယ်။ အခုလိုဖြစ်နေတဲ့ အခြေအနေဟာ စစ်အာဏာရှင်တွေ ဖန်တည်းလိုက်တဲ့ အခြေအနေဖြစ်တယ်ဆိုတာ အလွန်ရှင်းပါတယ်။ 

ကျားကိုက်တဲ့ ဒဏ်ရာကို ကျားလျှာ နဲ့ ပွတ်မှ ပျောက်မယ်လို့ယုံကြည်နေသူတွေက စစ်တပ်ချပေးတဲ့ လမ်းကြောင်းအတိုင်းလျှောက်နေကြတယ်လို့ နိုင်ငံရေးစိတ်ဝင်စားသူတွေက ဝေဖန်ကြပါတယ်။

နိုင်ငံရေးမျက်နှာစာမှာ အပြန်အလှန် ပြောဆိုငြင်းခုံနေကြချိန်မှာ လူထုဘဝမြေပြင်မှာတော့  ရာဇဝတ်မှုတွေ၊ ကုန်ဈေးနှုန်းတက်မှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ၊ တဟုန်ထိုး မြင့်တက်နေပါတယ်။ ကျွန်တော့်  မျက်စောင်းထိုးအိမ်က လူကြီးကတော့ တဖက်ရပ်ကွက်မှာနေတဲ့ သူ့အမအိမ်ကို သွားရာလမ်းမှာ တယ်လီဖုန်း အလုခံလိုက်ရတဲ့ အကြောင်းကိုလာပြောပါတယ်။ သူပြောပုံက သူအလွန်ကံကောင်းကြောင်း အခြားသူတွေဆို ဓားနဲ့ ထိုး တုတ်နဲ့ရိုက်ခံရပြီးမှ တယ်လီဖုန်းလုယူတာကိုခံရကြောင်း သူကတော့ ဘုရား တရားဂုဏ်တော်ကြောင့် တယ်လီဖုန်းသာ အလုခံလိုက်ရကြောင်း မြို့ထဲရှိ တယ်လီဖုန်းရုံးကိုသွားပြီး တယ်လီဖုန်းကဒ်အသစ် ပြန်မှတ်ပုံတင်ရာမှာလည်း နေ့ချင်းပြီးခဲ့လို့ သူ ဝမ်းသာနေရပါကြောင်း ပြောပါတယ်။ 

ကမ္ဘာ့ အရက်စက်ဆုံး စစ်အစိုးရလက်ထက်မှာ ကျွန်တော် အခုလို အသက်ရှင်နေသေးတာဟာ ဘုရားတရားဂုဏ်တော်ကြောင့်လို့ စဥ်းစားမိ လိုက်တော့ မိမိဘဝ မိမိ ဂုဏ်ယူကာ ကျေနပ် နေမိတာပေါ့ ။ ကမ္ဘာကျော် ပေါ်လီယာနာ လို ဇာတ်ကောင်မျိုး ငါတို့မြန်မာပြည်မှာ များမှ များပါတကား။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar