ထန်တလန် မြို့အနီးက ကျေးရွာဗုံးကြဲခံရပြီး အရပ်သား ၈ ဦးထက်မနည်း သေဆုံး
ထန်တလန် မြို့အနီးက ကျေးရွာဗုံးကြဲခံရပြီး အရပ်သား ၈ ဦးထက်မနည်း သေဆုံး
မြန်မာနွေဦး ခရိုနီကယ် - မတ် ၃၀ မြင်ကွင်း(မိုးမခ) မတ် ၃၁၊ ၂၀၂၃
မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီ တိုက်လေယာဥ်တွေက ချင်းပြည်နယ် ထန်တလန်မြို့ အနီးက ခွာဖိုဆိုတဲ့ ကျေးရွာတရွာက နေအိမ်တွေကို ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျေးရွာက အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ချင်းသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ကလေးငယ် တဦး နဲ့ အမျိုးသမီးတွေလည်း သေဆုံးကြရတဲ့ အထဲမှာပါဝင်တာ ဖြစ်ပါတယ်။ ချင်းသတင်းဌာနတွေမှာ ဖေါ်ပြနေတဲ့ သတင်းဓာတ်ပုံတွေအရ သေဆုံးတဲ့အထဲ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် တဦးလည်းပါဝင်တာတွေ့ရပါတယ်။ ခွာဖိုရွာဟာ အိမ်ခြေ ၇၀ လောက်ရှိတဲ့ တောင်ပေါ်ကျေးရွာ တရွာဖြစ်ပြီး ထန်တလန်မြို့နဲ့ ၅ မိုင်ခန့်အကွာမှာ တည်ရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်စရာ အကြောင်းမရှိတဲ့ ကျေးရွာလည်း ဖြစ်တယ်လို့ ဆိုကြပါတယ်။ ချင်းကာကွယ်ရေး တပ်ဖွဲ့ သို့မဟုတ် ချင်းအမျိုးသားတပ်ဦး CNF တွေ စခန်းချတဲ့ ကျေးရွာလည်း မဟုတ်တာကြောင့် စစ်ကောင်စီလေယာဥ်တွေက ဘာအကြောင်းကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဆိုတာ စဥ်းစားလို့မရဘူးလို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
သက်တမ်းကြာမြင့်စွာကတည်းက ဖွဲ့စည်းတည်ထောင်ထားတဲ့ CNF ချင်းအမျိုးသားတပ်ဦး လက်နက်ကိုင်အဖွဲ့ဟာ ထန်တလန်မြို့နယ်ထဲက အိန္ဒိယနယ်စပ်အနီး အခြေစိုက်ပြီး အရင်လတွေတုန်းက တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးတာလည်း ဖြစ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ မိန့်ခွန်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က PDF တွေနဲ့ ၄င်းတို့ကို အထောက်အပံ့ပေး ကူညီနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပြတ်ပြတ်သားသား ကိုင်တွယ်မယ်လို့ သတိပေးခဲ့ပြီးနောက် ရက်အနည်းငယ်အတွင်း အခုလို ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲက ကျေးရွာတရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ CNF လက်နက်ကိုင် အဖွဲ့အနေနဲ့ ပြည်နယ်တခုလုံးကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်တာ မဟုတ်သလို၊ ဒေသအလိုက် ကာကွယ်ရေး လက်နက်ကိုင် အဖွဲ့တွေ ပြီးခဲ့တဲ့ ၂ ၂နှစ် ဝန်းကျင်အတွင်း ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ၄င်းတို့အနက် မင်းတပ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က အစောဆုံး ထွက်ပေါ်လာပြီး စစ်ကောင်စီတပ်တွေကို အတော်လေး တိုက်ခိုက်တားဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းပြည်နယ်ဟာ ပထဝီအနေအထားအရ တောင်တန်းတွေက ပေ ၄၀၀၀ ကျော်ကနေ ၆၀၀၀ ကျော် အထိ ယေဘုယျအားဖြင့် မြင့်မားကြပြီး ကားလမ်းကိုသာ အဓိကအားကိုးကာ စားနပ်ရိက္ခာ ကုန်ပစ္စည်းနဲ့ သွားလာရေး တို့လုပ်ဆောင်ကြတဲ့ ဒေသဖြစ်ပြီး စစ်ကောင်စီတပ်တွေအနေနဲ့ ချင်းပြည်နယ် တနေရာကနေ တနေရာကို တပ်၊ လက်နက်ပစ္စည်း၊ ရိက္ခာတို့ သယ်ယူရာမှာ အဝေးကနေ လှမ်းမြင်နေရပြီး ကားလမ်းကလည်း တလမ်းထဲ ရှိတာကြောင့် အလွယ်တကူ ကြားဖြတ်တိုက်ခိုက်တာမျိုး လုပ်နိုင်တဲ့ ဒေသဖြစ်ပါတယ်။ စစ်အာဏာသိမ်းအပြီး စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှု၊ PDF တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ စစ်ဆင်ရေး ချီတက်တဲ့အခါ မိုင် ၆၀ ကနေ မိုင် ၈၀၊ ၁၀၀ ခရီးအကွာအဝေးကို သီတင်းပတ်အတန်ကြာ၊ သို့မဟုတ် လနဲ့ချီ သွားရောက်ရတဲ့ သာဓကတွေ ရှိပြီး အဆိုပါ ချီတက်နေစဥ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်လေ့ရှိတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်တာ၊ ကားလမ်းနဘေးက နေအိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့နည်းနဲ့ တုံ့ပြန်လေ့ရှိတာလည်း ဖြစ်ပါတယ်။ ဟားခါးနဲ့ဖလမ်းအကြားက ကျေးရွာတွေ၊ ကလေးနဲ့တီးတိန်အကြားက ကျေးရွာတွေမှ နေအိမ်အများအပြားလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။
မကြာသေးခင် ချင်းပြည်နယ်က မြို့နယ် ၇ ခုကိုလည်း စစ်အုပ်ချုပ်ရေးကြေညာလိုက်ပြီးနောက်မှာ တနှစ်နီးပါးကာလအတွင်း စစ်ကောင်စီဘက်က ချင်းပြည်နယ်မြို့တော် ဟားခါး နဲ့ မင်းတပ်၊ မတူပီ မြို့တွေဆီလည်း စစ်ယာဥ်တန်းတွေ နဲ့ ထပ်မံသွားရောက်တာမျိုးတွေ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
အခု လို အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ တိုက်ခိုက်တာဟာ ဘာရည်ရွယ်ချက်လဲလို့တွေးကြည့်တဲ့အခါ အရပ်သားတွေ၊ ဒေသက ကျေးရွာတွေဟာ CNF, CDF စတဲ့ လက် နက်ကိုင်အဖွဲ့တွေကို ထောက်ခံနေတဲ့သူတွေပဲလို့ သိမ်းကျုံးကောက်ချက်ချပြီး လက်နက်ကိုင်အဖွဲ့တွေအစားအရပ် သားတွေကို ဓါးစာခံ အဖြစ်နဲ့ အပြစ်ပေးဖို့ ရည်ရွယ်လုပ်ဆောင်တာသာ ဖြစ်နိုင်တယ်ဆိုတဲ့ အဖြေတခုသာ တွေးလို့ ရတာ ဖြစ်ပါတယ်။
အရပ်သားတွေကို ဓားစာခံအဖြစ်နဲ့ တိုက်ခိုက်တဲ့ လုပ်ရပ်တခုအဖြစ်သာ ကောက်ချက်ချရမယ့်သဘောဖြစ်ပါတော့တယ်။
(Photo - ချင်းပြည်နယ် ထန်တလန်မြို့ အနီးက ခွာဖိုဆိုတဲ့ ကျေးရွာတရွာက ဗုံးဒဏ်ခံထားရတဲ့နေအိမ်တွေ )
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar