Breaking News

အောင်ဝေး - တိုက်ပွဲထံမှ အောင်ပွဲဆီသို့



အောင်ဝေး - တိုက်ပွဲထံမှ အောင်ပွဲဆီသို့

(မိုးမခ) မတ် ၃၁၊ ၂၀၂၃

၁။
တိုက်ပွဲရှိရင် အောင်ပွဲရှိတယ်။ အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက်ပဲဖြစ်တယ်။
၂။
ဆရာဇော်ဇော်အောင် ပြောခဲဖူးတယ်။ သူ့ရဲ့ "ဝေဝေရီရီ"ဝတ္ထုထဲမှာရေးခဲ့တဲ့ အရေးအသားတွေပါ။
"နိုင်ငံဟာဖျားနာနေတယ်။ နာတာရှည်ပေါ့။ ရောဂါရနေတယ်။ အဲဒါ စာပေအနုပညာက ပျောက်ကင်းအောင်ကုသကယ်တင်ရမယ်။ အဲဒီတော့ စာပေအနုပညာက လုပ်ငန်းတာဝန် (၃)ခုကိုယူရလိမ့်မယ်။ တစ်ခုက နှစ်သက်ကြည်နူးမှုရသပေးဖို့။ ဒုတိယက အမှားအမှန်ခွဲခြားပြသညွှန်ကြားဖို့။ နောက်ဆုံးတစ်ခုကတော့ လူတွေရဲ့ဝိညာဉ်ကိုကယ်တင်ဖို့နဲ့ နိုင်ငံတော်ကိုကုစားဖို့ပါပဲ"တဲ့။
ဆရာဇော်ဇော်အောင် ဆက်ပြောပါတယ်။
"ရုပ်ပစ္စည်းချမ်းသာဖို့၊ ကြွယ်ဝဖို့၊ ပြည့်စုံဖို့ဆိုတာသိပ်မခက်ဘူး။ တကယ်ခက်တာကစိတ်။ စိတ်ဓာတ်အရေးအရာမှာ အားနည်းနေတာ၊ အောက်တန်းကျနေတာ၊ ချွတ်ခြုံကျနေတာတွေကိုဖြည့်ဆည်းဖို့ကသိပ်ခက်တယ်။ သိပ္ပံနဲ့နည်းပညာကလည်း ထိထိရောက်ရောက်မကယ်နိုင်ဘူး။ စိတ်ဓာတ်မှာစွဲကပ်နေတဲ့ နာတာရှည်ရောဂါမျိုးကို ကယ်တင်နိုင်တာ စာပေအနုပညာပဲရှိတယ်"တဲ့။
၃။
အခု ကျနော်တို့တိုင်းပြည်ဟာ နာမကျန်းဖြစ်နေတယ်။ တော်လှန်ရေးဖြစ်နေတယ်။ စစ်ဖြစ်နေတယ်။ နာမကျန်းဖြစ်နေတာကိုကုစားဖို့၊ တော်လှန်ရေးကိုမောင်းနှင်ဖို့၊ စစ်ကိုနိုင်အောင်တိုက်ဖို့၊ စာပေနဲ့အနုပညာရဲ့အခန်းကဏ္ဍက ဘယ်လိုအရေးပါပါသလဲ။
၄။
ဗိုလ်ချုပ်အောင်ဆန်းရဲ့အယူအဆ။
"အနုပညာဆိုတာရှိတာပဲ။ လင်မယားဘဝမှာလည်းအနုပညာမဲ့ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန်ရေးမှာလည်းအနုပညာရှိတာပဲ။ အနုပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့်တော်လှန်ရေးအစစ်ပဲ"(၁၉၄၃)
၅။
နွေဦးဟာ တကယ့်တော်လှန်ရေးအစစ်။ အခုနွေဦးလောက်စစ်တဲ့တော်လှန်ရေး မြန်မာမှာမပြောနဲ့၊ ကမ္ဘာမှာတောင်မရှိသေးဘူး။ ဒါကျနော်ပြောတာမဟုတ်ဘူး။ ကမ္ဘာကျော် The Economist မဂ္ဂဇင်းကြီးကပြောတာ။ စစ်တိုက်ဖို့ လူထုကပိုက်ဆံကို တရားတဲ့နည်းနဲ့ မရရအောင်ရှာတယ်။ အခုနွေဦးမှာ ကျနော်တို့ ဖက်ဆစ်တပ်ကိုတိုက်နေတာ လူထုရဲ့ချွေးနှဲစာနဲ့တိုက်နေတာပဲ။ အဲဒီချွေးနှဲစာ ဘယ်ကလာသလဲ။ အဲဒီချွေးနှဲစာတွေ ကိုယ်ချင်းစာတရားကစုဝေးရောက်ရှိလာတာပဲ။ ကိုယ်ချင်းစာတရားဘယ်ကလာတာလဲ။ ကိုယ်ချင်းစာတရားဟာ စာပေအနုပညာကလာပါတယ်။ စာပေနဲ့အနုပညာဟာ စာနာနားလည်နိုင်စွမ်းနဲ့ဖေးကူမျှဝေနိုင်စွမ်းကိုပေးပါတယ်။
၆။
စစ်ဆိုတာ နိုင်ငံရေးရဲ့အဆက်ဖြစ်ပါတယ်။ နိုင်ငံရေးနည်းနဲ့ဖြေရှင်းလို့မရတော့တဲ့အခါ စစ်ရေးနည်းနဲ့ဖြေရှင်းရတာပါပဲ။ စစ်ရေးနည်းနဲ့ဖြေရှင်းတဲ့အခါ နိုင်ငံရေးအမြင်မှန်ဖို့ အင်မတန်အရေးကြီးတယ်။ စစ်တိုက်တယ်ဆိုတာ နိုင်ငံရေးကို ကျည်ဆန်ထဲထည့်တိုက်တာပဲ။ နိုင်ငံရေးဦးဆောင်မှုမှန်မှ စစ်ရေးမှန်မယ်။ နိုင်ငံရေးဦးဆောင်မှုမဟန်ရင် စစ်ရေးမဟန်ပါဘူး။ စစ်နဲ့တော်လှန်ရေးကာလမှာ နိုင်ငံရေးနဲ့ စာပေအနုပညာတို့ဟာ ခွဲခြားလို့မရ။ တစ်သားတည်းပါပဲ။
၇။
ဒီနေ့ ကျနော်တို့ စစ်အာဏာရှင်(စနစ်)ကိုတော်လှန်နေတယ်။ ဒီနေ့ ကျနော်တို့ စစ်တိုက်နေတယ်။ တိုက်ပွဲဝင်နေတဲ့ကျနော်တို့အားလုံးရဲ့နှလုံးသားတွေဟာ ဘဝအရ၊ လက်တွေ့အခြေအနေအရ ကျန်းခက်မာကြောနေတယ်။ ကျွတ်ဆတ်ကြမ်းရှနေတယ်။ အဲဒီ ကျန်းခက်ကြမ်းရှနေတဲ့နှလုံးသားတွေ နူးညံ့လာအောင်ဖြေသိမ့်ပေးဖို့လိုတယ်။ ဒီတာဝန်ကိုယူနိုင်တာ စာပေအနုပညာပဲ။ တော်လှန်ရေးမှာ ကျနော်တို့ဟာ မိုးမခပင်လိုကျင့်ရမယ်။ မိုးမခပင်တွေဟာ လေပြင်းရဲ့ဒဏ်ကိုညွှတ်ကွေးခံနိုင်တယ်။ ဘယ်တော့မှကျိုးပဲ့မသွားဘူး။ မုန်တိုင်းကိုအန်တုရင်ဆိုင်နိုင်တယ်။ မိုးမခပင်တွေကပျော့ပျောင်းတယ်။ ပျော့ပျောင်းခြင်းသည် သန်စွမ်းခြင်းဖြစ်တယ်လို့ ဒဂုန်တာရာဆိုတယ်။ ကျနော်တို့ဟာ ခေတ်စကားနဲ့ပြောရရင် Flexible ဖြစ်ရမယ်။ Mobile ဖြစ်ရမယ်။ ပြောင်းနိုင်ပြင်နိုင်ရမယ်။ ရွှေ့လွယ်လျားလွယ်ရမယ်။ ဒါတွေကို စာပေအနုပညာကသင်ကြားပေးနိုင်တယ်။
၈။
ဒီနေ့ နွေဦးတော်လှန်ရေးထမ်းပိုးတစ်တုံးတည်းမှာ အတူရုန်းနေတဲ့ ပခုံးသားနှစ်စုံ။ တစ်ခုက နိုင်ငံရေးပခုံးသား။ တစ်ခုက စစ်ရေးပခုံးသား။ စာပေအနုပညာဟာ နိုင်ငံရေးပခုံးသားမှာ ဝိညာဉ်တွယ်တယ်။ အဲဒီနိုင်ငံရေးပခုံးသားမှာ ဝိညာဉ်တွယ်ငင်နေတဲ့ စာပေအနုပညာထဲမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍဟာလည်း ကြီးကြီးမားမားပါဝင်နေပါတယ်။ ဒီအထဲမှာ ကတုတ်ကျင်းတွေထဲက၊ ဗုံးခိုကျင်းတွေထဲက၊ လွတ်မြောက်နာ်မြေထဲက စာစဥ်တွေ၊ စာစောင်တွေ၊ ဂျာနယ်တွေ၊ Website တွေ တာဝန်ကျေကြပေရဲ့။
၉။
မီဒီယာမှန်ရင် တန်ဖိုးနှစ်ခုရှိစမြဲ။ သမိုင်းတန်ဖိုးနဲ့ အလွမ်းတန်ဖိုး။ အလွမ်းတန်ဖိုးဆိုတာက အနာဂတ်ကိုယုံကြည်မျှော်လင့်တဲ့အလှတရားတန်ဖိုး။ အလှတရားကသာလျှင် အမှန်တရားကိုမွေးဖွားပေးနိုင်တာဖြစ်တယ်။ ။
အောင်ဝေး
(မတ် ၂၅၊ ၂၀၂၃)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar