Breaking News

ရဲစခန်းတွေ တိုက်ခိုက်ခံရတာ ပိုများလာ၊ စစ်ရေးတိုက်ခိုက်မှုတွေပိုများလာတဲ့ ပွင့်လင်းရာသီ

မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၄ မြင်ကွင်း

(မိုးမခ) ဧပြီ  ၅၊ ၂၀၂၃


ရဲစခန်းတွေ တိုက်ခိုက်ခံရတာ ပိုများလာ၊ စစ်ရေးတိုက်ခိုက်မှုတွေ ပိုများလာတဲ့ ပွင့်လင်းရာသီ 

ခုရက်ပိုင်း တိုက်ပွဲ သတင်းတွေထဲမှာ PDF တပ်ဖွဲ့တွေက စစ်ကောင်စီ ရဲစခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ သတင်းတွေ ခပ်စိပ်စိပ်တွေ့လာရပါတယ်။ ခုရက်ပိုင်းမှာ ရေစကြို မြို့နယ်က မအူရဲစခန်း၊ ဂန့်ဂေါမြို့နယ်က ကန်ရဲရွာ ရဲစခန်း၊ မကြာသေးခင် ရက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်ထဲက ဆားတောင်ရွာရဲစခန်းတွေကို ဒေသအလိုက် ဖွဲ့စည်းထားကြတဲ့ PDF တွေက တိုက်ခိုက်ခဲ့ကြတဲ့ သတင်းတွေ တွေ့ရှိရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်က အုပ်ချုပ်ရေး နဲ့ နယ်မြေစိုးမိုးရေးအတွက် စစ်တပ်ကင်းစခန်း နဲ့ ရဲစခန်းတွေ ဒေသအလိုက်ဖြန့်ချထားရာမှာ နယ်မြို့တွေရဲ့ ရဲစခန်းအချို့လည်း တိုက်ခိုက်ခံရတာရှိပြီး ကျေးရွာအုပ်စုတွေ ကျေးရွာတွေက ရဲစခန်းတွေ အနေနဲ့တော့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်ရေး အင်အားနဲ့ အကာအကွယ် ပေးနိုင်တာမျိုး မရှိတာကြောင့် PDF တွေက ကျေးရွာတွေ ကျေးရွာအုပ်စုတွေက စစ်ကောင်စီရဲစခန်းတွေ ကိုပစ်မှတ်ထား တိုက်ခိုက်လာကြတဲ့ သဘောလို့ ယူဆရပါတယ်။ ရဲစခန်းကို တိုက်ခိုက်ခြင်းအားဖြင့် ဝင်ရောက်နိုင်ခဲ့ရင် သို့မဟုတ် သိမ်းနိုင်ခဲ့ရင် လက်နက်နဲ့ ခဲယမ်းတွေ ရနိုင်တာကြောင့်လည်း စစ်တပ်အထိုင်၊ ကင်းစခန်း၊ အခြေစိုက်စစ်စခန်းတွေလိုမဟုတ်ပဲ စစ်ရေး ပြင်ဆင်မှုအားနည်းတဲ့ ရဲစခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်လာကြတဲ့ သဘောလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

အချို့သော ရဲစခန်းတွေကို သွားရောက်တိုက်ခိုက်ရာမှာ လက်နက်သိမ်းယူနိုင်တဲ့ အနေအထားအထိ မရောက်ရှိတဲ့ အဖြစ်အပျက်မျိုးလည်း တွေ့ရပြီး အချို့သော တိုက်ခိုက်မှုတွေက စခန်းကို ကာကွယ်တဲ့ ရဲနဲ့ စစ်ကောင်စီတပ်သားတွေကို အနိုင်ယူ တိုက်ခိုက်နိုင်ပြီး လက်နက် ခဲယမ်းအချို့ ရရှိခဲ့ကြတဲ့ သတင်းတွေ ဖေါ်ပြထားကြတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ မြို့နယ်တွေ တိုက်နယ်မြို့ အဆင့်၊ ကျေးရွာအုပ်စုတွေ အဆင့်တွေမှာ ရဲစခန်းတွေ ထားရှိကြပြီး အခုလို တိုက်ပွဲတွေ အနှံ့အပြားဖြစ်ပွားနေချိန် ၊ PDF တွေက ဒေသတိုင်းနီးပါးမှာ ဖွဲ့စည်းလာကြပြီး တိုက်ခိုက်ကြတဲ့အခါ ရဲစခန်းတွေကို စစ်ကောင်စီဘက်က ပူးပေါင်း တိုက်ခိုက်တာ ၊ စစ်ကောင်စီတပ်တွေရဲ့ အကူအညီကိုလည်း ရဲစခန်းက တောင်းခံရတာတွေ တွေ့လာရပြီး အရင်တုန်းက မရှိခဲ့ဖူးသေးတဲ့ အစဥ်အလာတွေမျိုး ဖြစ်ပွားလာတာ တွေ့ရပါတယ်။ PDF တပ်ဖွဲ့တွေ အနေနဲ့လည်း ဖွဲ့စည်းထားပြီး တပ်ဖွဲ့ဝင်ရောက်လာသူ အားလုံး လက်နက် တပ်ဆင်နိုင်ဖို့အတွက် ငွေကြေး အလှူခံစုဆောင်းပြီးဝယ်ယူတာ၊ အခုလို ရဲစခန်းတွေကို တိုက်ခိုက်ခြင်းအားဖြင့် အောင်နိုင်တဲ့အခါ လက်နက်တွေ သိမ်းယူရရှိနိုင်တာကြောင့်လည်း ရဲစခန်းတွေကို ပိုပစ်မှတ်ထား တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြားသတင်းတွေထဲမှာတော့ စစ်ကိုင်းတိုင်း ကလေးမြို့ ရဲ့ မြောက်ဘက် ချင်းပြည်နယ် နယ်စပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေလည်း ဖေါ်ပြထားကြတာတွေ့ရပါတယ်။ ကလေးမြို့ကို အခြေတည်ပြီး ကလေးနဲ့ ဂန့်ဂေါအကြား ကျေးရွာတွေ ၊ ကလေးနဲ့ ချင်းပြည်နယ် အလယ်ပိုင်းနဲ့ မြောက်ပိုင်းကို ဆက်သွယ်ထားတဲ့ လမ်းတွေက လက်နက်ကိုင် အဖွဲ့တွေအတွက်လည်း အရေးကြီးသလို စစ်ကောင်စီအနေနဲ့လည်း ချင်းပြည်နယ်ကို ကုန်းလမ်းကနေ ဝင်ရောက်ဖို့ ကလေးက အဝင်ဝ လိုဖြစ်နေတာကြောင့် ဒီဒေသကို စိုးမိုးဖို့ ကြိုးစားတာလို့ ယူဆရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ အစောဆုံးက မင်းတပ် ၊ ကလေးတို့ဖြစ်ပြီး သဘာဝ နယ်မြေအနေအထားအရ ဒေသကျွမ်းကျင်သူ နယ်ခံတွေဘက်က အသာစီးရတဲ့ ချင်းပြည်နယ်တောင်တန်းဒေသတွေကို စစ်ကောင်စီအနေနဲ့ ကောင်းကောင်း မထိန်းချုပ်ထားနိုင်တာလည်း တွေ့ရမှာဖြစ်ပါတယ်။ 

ဒီနေ့အဖို့ အခြား တိုက်ပွဲသတင်းတွေအနေနဲ့တော့ ထီးချိုင့်မြို့နယ်ဘက်မှာ စစ်ကြောင်းထိုးပြီး ကျေးရွာသားတချို့ အသတ်ခံရတဲ့ သတင်း၊ ကော့ကရိတ်မြို့နယ် က ကျေးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နေအိမ် ၁၀ လုံးခန့်မီးရှို့ဖျက်ဆီးခံရတဲ့ သတင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တွေကတည်းက ကရင်ပြည်နယ် အာရှလမ်း၊ သင်္ဃန်းညီနောင်၊ ကော့ကရိတ် မြို့နယ်၊ ကျုံဒိုးမြို့နယ်တွေမှာ ကော်သူးလေတပ်၊ ကလိုထူးဘောတပ် နဲ့ ပီဒိအက်ဖ်တွေ ပေါင်းပြီး စစ်ကောင်စီ အခြေစိုက်ထားတဲ့ စခန်းတွေ၊ ကုန်သွယ်ရေးဇုန်တွေကို တိုက်ခိုက်ပြီး သိမ်းယူဖျက်ဆီး ခဲ့တာဖြစ်ပါတယ်။ 

ပွင့်လင်းရာသီမှာ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ပိုမိုကျယ်ပြန့်လာနေတာ ဖြစ်ပြီး လာမယ့် ၂ လလောက် မိုးရာသီမဝင်ခင်အထိ ဆက်လက် ပြင်းထန်နိုင်သေးတယ်လို့ မှန်းဆရပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar