ကိုအောင်မှိုင်း - သမိုင်းမှန်ကူကွက် ( သို့မဟုတ် ) ပန်းပိတောက်
ကိုအောင်မှိုင်း - သမိုင်းမှန်ကူကွက် ( သို့မဟုတ် ) ပန်းပိတောက်
(မိုးမခ) ဧပြီ ၅ ၊ ၂၀၂၃
ပန်းပိတောက်သည် မြန်မာ့သမိုင်း၏ အထင်ကရပန်းဟုပင် ဆိုအပ်ပါသည်။
ခေတ်အဆက်ဆက် စာဆိုကြီးများသည် မိမိခေတ်၏သမိုင်းမှန်ကူကွက်များအတွင်း ပန်းပိတောက်ကို အသွင်အမျိုးမျိုး၊ သဏ္ဌာန်အသွယ်သွယ်ဖြင့် ရေးစပ်သီကုံးခဲ့ကြသည်မှာ အထင်အရှားပင် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။
ရှေးဦးစွာ စာဆိုကြီးဦးကျော့၏ “ပိတောက်ရွှေဝါလေးချိူး” ကို မိတ်ဆက်ပေးလိုပါသည်။
ပိတောက်ရွှေဝါ ( လေးချိုး )
လတန်ခူးပေမို့၊
အလှထူးပါဘိ၊
မြမြဖူးရယ်တဲ့ ခိုင်ရွှေဝါ။
တကယ်တန်းသာဖြင့်၊
ဘယ်ပန်းသော်စံမတူဘူ့၊
နန္ဒမူ ဖန်ကူထိပ်မှာလ၊
ပစ္စေကာချွေးတော်သိပ်ရတယ်၊
ဧရိပ်ဆာယာ။
တနှစ်တွင် သည်တလပေပ၊
တလတွင် တရက်ထဲ၊
ခက်ခဲတဲ့ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြစုံမြိုင်တွင်း။
မြူမင်းလွန်ထန်၊
ကြူသင်းတာချိန်ယံမတော့၊
ရွှေဝတ်ဆံငုံတံညှောင့်ကယ်နှင့်၊
ခါသင်္ကြန်ဂိမှန် ရောက်ပြန်တော့၊
သိန်သရေထိန်ဝေလို့ တောက်တဲ့ပြင်၊
လမ်းတလျှောက်သင်းပါဘိ၊
ဆန်းသလောက်မလင်းနိုင်ဘူး၊
ပန်းပိတောက်မင်း။ ။
ဦးကြော့သည် စုံနံ့သာမြိုင်ရှာပုံတော်ကြီး သီချင်းကို ရေးသားခဲ့သူ ဖြစ်သည်။ ဦးကြော့မှာ တောင်တွင်းကြီးဦးကြော့၊ နတ်မောက်ဦးကြော့၊ စာတော်ဖတ်ဦးကြော့၊ စာရေးတော်ကြီးဦးကြော့၊ ဝန်စာရေး ဦးကြော့၊ စုံနံ့သာမြိုင်ဦးကြော့ ဟူ၍ နာမည်အမျိုးမျိုးဖြင့် ထင်ရှားလေသည်။ ထိုစာဆိုသည် တောင်တွင်းကြီးနယ်၊ နတ်မောက်မြို့တောင်ဘက် ၂ မိုင်ခန့်အကွာ ကိုင်းရွာတွင် သက္ကရာဇ် ၁၂ဝ၁ ခုနှစ်တွင် ဖွားမြင်လေသည်။
နောက်စာဆိုကြီးတဦးဖြစ်တဲ့ ဆရာဇော်ဂျီ ရေးခဲ့တဲ့ “ပိတောက်ပန်းကဗျာ”ကို မိတ်ဆက်ပေးလိုပါသည်။
ပိတောက်ပန်းကဗျာ
မခူးချင်စမ်းပါနဲ့
နှစ်ဆန်းခါတော်မီမို့
ဇမ္ဗော်ရည် ပြေပြေလိမ်းကာပါ့
ခပ်သိမ်းနယ်စုံစုံသို့
ပွင့်ငုံကို လင့်ကုန်ကြတော့လို့
ခေါင်းကြွကာ ဆာဝေဝေနဲ့
သူလည်းလေ လောကီသားလိုပါ့
ကြွားချင်လှပေလိမ့်မယ်။
တသိန်တင့်ပါဘိ
တိမ်မြင့်ရီပြာပြာက
ကြည်သာသာ ပွင့်လေအဖြူးတွင်ဖြင့်
တီတာတာ ပွင့်ရွှေဖူးငယ်တို့
လည်ယှက်ကာ ဘယ်ညာလူးလေတော့
သူတို့လို ဘယ်သူမြူးနိုင်ပါ့
ထူးပါဘိတယ်။
တဝါဝါ ဆင်သင်္ကန်းရယ်က
ကမ္ဘာမှာ ဘဝင်ချမ်းစေတဲ့
သာသနာ ရွှင်ရွှင်လန်းအောင်လို့
တမင်မှန်းကာပါ့ သတိဆွယ်
ရည်ရွယ်တော့သလား။
ခူးပါနဲ့ကွယ်
ပွင့်ဖူးမှာ အဝါခြယ်၍
မာလာအလယ်မှာ နွှဲချင်တဲ့ နှလုံးရယ်ကြောင့်
နှစ်ဆုံးကုန် အတာဝင်သို့
မာန်အင်ကို ဉာဏ်ဆင်မွေးကာပါ့
အရေးအခါသာမှ
ခမျာမှာ တဂုဏ်ဆန်းရတယ်
ပန်းပိတောက်များ။
( မောင်သိန်းဟန် )
အမျိုးသားစာဆို ဆရာ ဇော်ဂျီ ရေးဖွဲ့ခဲ့ပြီး ၁၉၂၈ ခုနှစ် တက္ကသိုလ် နှစ်လည်မဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်ဖော်ပြခံခဲ့ရသည်။
ဇော်ဂျီ ( ၁၂.၄.၁၉၀၇ - ၂၆.၈.၁၉၉ဝ) သည် စာရေးဆရာ၊ ကဗျာဆရာ၊ ဂုဏ်ထူးဆောင် မြန်မာစာ ပါမောက္ခတဦး ဖြစ်သည်။ မြန်မာစာပေ၏ ထင်ရှားသော စာပေလှုပ်ရှားမှုတရပ် ဖြစ်သည့် ခေတ်စမ်း စာပေလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူတဦးလည်း ဖြစ်သည်။ ဆရာဇော်ဂျီသည် ကဗျာ၊ ဝတ္ထု၊ ပြဇာတ်၊ ရသစာတမ်း၊ ယဉ်ကျေးမှု၊ အနုပညာနှင့် စာပေဆိုင်ရာ ဆောင်းပါးများ၊ ဘာသာပြန်စသောစာပေများကို ရေးသားခဲ့သည်။
မြန်မာစာပေသမိုင်းတွင် စာဆိုကြီးအတော်များများမှာ ပိတောက်ပန်းအပေါ် အလွန်အယူသီးခဲ့ကြသူများ ဖြစ်သည်ကို တွေ့ရလေ့ရှိပါသည်။ ထို့အတူ နောက်ပိုင်း ကဗျာဆရာအတော်များများမှာလည်း မိမိခေတ်အလိုက် သင်္ကြန်နှင့် ပိတောက်ကို တွဲဘက်၍ ကဗျာများ ရေးသားလေ့ရှိပါသည်။
ပိတောက်ပွင့်ချိန်နွေဦးတန်ခူးလသည်ကား ဥဩတို့သံချိုနှောသည့်အချိန် ရော်ရွက်ဝါတို့လေရှုးမှာ မြူးကြသည့် အချိန် သာယာလှပတင့်တယ်လှစွာသော ပန်းပိတောက်တို့ သင်္ကြန်ကာလ၏ ကျက်သရေကို ဆောင်ကြဥ်းသယ်ဆောင်သည့်အချိန် မြန်မာပြည်သူတို့၏ စိတ်နှစ်လုံးကို သိမ်းကျုံးပွေ့ဖက် လှုပ်ခါယမ်းလိုက်သည့် အချိန်ပင် မဟုတ်ပါလား။
ကနေ့ မြန်မာနိုင်ငံ၏ သမိုင်းမှန်ကူကွက်ကား တဆစ်ချိုးခဲ့ချေပြီ။ ကဗျာတို့ သံစဥ်ပျက်ခဲ့ချေပြီ။ ပန်းပိတောက်တို့ အညှာအတာကင်းမဲ့စွာ ငိုကြွေးခဲ့ကြပေပြီ။
မြန်မာနိုင်ငံသားတို့၏ စိတ်နှစ်လုံးကား ညှိုးနွမ်းခဲ့ကြရပေတော့သည်။ ရက်စက်ယုတ်မာရိုင်းစိုင်းမှု၊ လိမ်ညာကောက်ကျစ်မှု၊ သူရဲဘောကြောင်မှု လောဘရမ္မက်ကြီးလွန်းမှု စသည့် အဓမ္မတရားတို့သည် လူများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း ရွာများစွာကို မီးရှို့ဖျက်ဆီးခြင်း မုဒိမ်းကျင့်ခြင်း၊ ဓားပြတိုက်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်း စသော အကုသိုလ်တရားတို့ကို ဖွံ့ဖြိုးစေလျက် ရှိပေတော့သည်။
ဤတန်ခူးလတွင်ကား ဥဩတို့ တေးမဆိုကြတော့။ နွေဦးသည် ပူပြင်းသော ရင်များစွာအတွက် ကြေကွဲလွမ်းဆွတ်ဖွယ်များသာ ဖြစ်ခဲ့ပေတော့သည်။
ကျနော်သည် ကျော်ကြားသော ကဗျာဆရာ မဟုတ်ပါ။ သို့သော် ပြင်းထန်စွာ ခံစားရသောရင်မှ ကဗျာ တပုဒ် မဟုတ်သော ကဗျာတပုဒ်ကို သီကုံးမိသည်။
ပန်းပိတောက်
အကြွေစောသူတွေတွက်
အမျှမဝေနိုင်သေးသ၍
ပန်းပိတောက်တွေ
တန်ဖိုးမဲ့နေလိမ့်မယ်။
ပန်းပိတောက်သည် သမိုင်းမှန်ကူကွက်တွင်းမှ ရုန်းထွက်ကာ ဤနွေဦး၌ တေးသီချင်းသစ်များစွာကို သီဆိုနေပေလိမ့်မည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar