အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၁ )
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၃၁ )
(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၃
3/4/23
Diary in the darkness
မီးပျက်၊ ခြင်ကိုက်။ တညလုံး အိပ်မပျော် ။ အပူချိန်က ပိုမိုပြင်းထန်လာ။ ၈၄ ဖာရင်ဟိုက် ထိရှိလာ။
ရေမလာလို့ ရပ်ကွက်ထဲမှာ ဆူ့ညံ။ ရေပုံးကိုယ်စီ နဲ့ ဟိုသွား ဒီသွား။ ကျွန်တော်တို့အိမ်လည်း မီးမလာလို့ ရေမတင်နိုင်။
ထမင်းမချက်နိုင်သေး။
ဓါတ်ဆီဆိုင် တွေမှာလည်း ကားတွေတန်းစီနေ။ မနေ့က လျှပ်စစ်မီးပေးတဲ့ ကုမဏီတခု မြန်မာနိုင်ငံက ထွက်ခွာသွားကြောင်း သတင်းတွေနဲ့ ဆက်စပ်နေမလားမသိ။
အိမ်နားက အငှားယာဥ်မောင်းက ပြောတယ် မနေ့ညက အငှားယာဥ်မောင်းတစ်ယောက် ကန်တော်ကြီး နတ်မောက်လမ်းနားမှာ အသတ်ခံ ရတယ်တဲ့။ ည ၁၀ နာရီကျော်လောက်အထိ အိမ်ပြန်လာတော့မယ်လို့ မိသားစုကို ဆက်သွယ်သေးတယ်၊ ဒါပေမယ့် ၁၀ နာရီခွဲလောက်မှာ ဆက်သွယ်လို့ မရတော့ဘူးလို့ မိသားစုကပြောတယ်တဲ့ ။ ခုတလော အငှားယာဥ်မောင်း က ခရီးသည်ကိုသတ်တဲ့ သတင်းနဲ့ ခရီးသည်က အငှားယာဥ်မောင်းကို သတ်ပြီး ပစ္စည်းလု လူသတ်တဲ့ သတင်းတွေ မကြာခဏ ကြားနေရတယ်။
နောက်ထပ် လူပြောအများဆုံးသတင်းကတော့ တရုတ်စစ်တပ် မြန်မာပိုင် ကိုကိုးကျွန်းမှာ ရောက်နေလို့ အိန္ဒိယနဲ့ အမေရိကန်က စိုးရိမ်နေတယ် ဆိုတဲ့ သတင်းဖြစ်ပါတယ်။
လူတွေက အလုပ်အကိုင်မရှိတော့ စိုးရိမ်ကြောက်လန့်မှုတွေကို ပြောတဲ့ အလုပ်ကိုပဲ အားစိုက်ပြောနေကြပုံရတယ်။
နိုင်ငံခြားက လာဖွင့်တဲ့ စက်ရုံအများစုလည်း ပိတ်သိမ်းသွားကြပြီ။ အထည်ချုပ်စက်ရုံအလုပ်သမား တွေကလည်း တသုတ်ပြီး တသုတ်အလုပ်ပြုတ်ကုန်တယ်။ စစ်ပွဲသတင်းတွေကလည်း အဆက်မပြတ်ကြားနေရတယ်။ တနေ့တခြားပိုမိုပြင်းထန်လာတယ်။
စစ်ကောင်စီတပ်က အထိနာတဲ့ သတင်းတွေ၊ စစ်ကောင်စီတပ်က ရွာကိုမီးရှို့ ရွားသားတွေကို သတ်တဲ့ သတင်းတွေ လွှမ်းနေတယ်။ လူတွေလည်း အလုပ်အကိုင် မယ်မယ်ရရမရှိ။ အထူးသဖြင့် လူငယ်တွေ ဆောင်တည်ရာမရ။ ဦးတည်ရာမရှိ ဖြစ်နေတယ်။ ကျွန်တော်တို့ ဘာလုပ်ကြရင်ကောင်းမလဲ။ လူငယ်တွေ ဘယ်လို အတတ်ပညာတွေ သင်ယူထားရင်ကောင်းမလဲ။ လူတွေ မတတ်မဖြစ်တတ်ရမယ့် သိရမယ့် အတတ်ပညာ အသိပညာတွေဟာဘာတွေလဲ ။ သိချင်စိတ်နဲ့ ရှာဖွေမိတယ်။
လူတိုင်းဟာ နားထောင်တတ်၊ ပြောတတ်၊ ဖတ်တတ်၊ ရေးတတ်ဖို့ လိုတယ်တဲ့။ အဲဒီကတဆင့် မဖြစ်မနေ သိရ တတ်ရမှာတွေက
၁။ ဒစ်ဂျစ်တယ် အခြေခံတတ်သိရမယ်သိရမယ်
၂။ ယာဥ်ကျေးမှုဆိုင်ရာတွေကို အခြေခံတတ် သိရမယ်
၃။ ငွေကြေးဆိုင်ရာတွေကို အခြေခံတတ်သိ ရမယ်
၄။ ကျန်းမာရေးဆိုင်ရာတွေကို အခြေခံ တတ်သိရမယ်
၅။ လူမှု ဆက်ဆံရေးဆိုင်ရာတွေကို အခြေခံ တတ်သိရမယ်
၆။ ဥပဒေရေးရာတွေကို အခြေခံတတ်မြောက်ရမယ်
၇။ သိပ္ပံ ဆိုင်ရာပညာများကို အခြေခံတတ်သိရမယ်
၈။ မီဒီယာ ဆိုင်ရာပညာများကို အခြေခံတတ်သိရမယ်
၉။ သတင်းအချက်အလက်ဆိုင်ရာများကို အခြေခံတတ်သိရမယ်
၁၀။ ဝေဖန်ပိုင်းခြားခြင်းဆိုင်ရာများကို အခြေခံတတ်သိရမယ်
စသဖြင့် ခေါင်းစဥ် တော်တော်များများကို တွေ့လိုက်ရပါတယ်။
အခြေခံတတ်သိရမယ် ပညာတွေကလည်းများလိုက်တာ။ ဘာပဲဖြစ်ဖြစ် ဘာမှ မလုပ်နိုင်သေးခင်ကာလမှာ အခြေခံတတ်သိရမယ့် အရာတွေကို နည်းနည်းပါးပါး မြည်းစမ်းကြည့် ရင်ကောင်းမှာပဲ လို့စိတ်ကူးမိပါတယ်။
ဒုက္ခတွေကြားမှာ ငုတ်တုတ်မေ့ နေရမယ့် အတူတူ တခုခုကိုလေ့လာရင်း အချိန်ကုန်တာကောင်းပါတယ်လေ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar