နိုင်ငံရေး စုစည်းမှုနဲ့ စစ်ရေးစုစည်းမှု (အမိန့်ပေးစနစ်) အရေးကြီးမှု
မြန်မာနွေဦး ခရိုနီကယ် - ဧပြီလ ၃ မြင်ကွင်း
(မိုးမခ) ဧပြီ ၄ ၊ ၂၀၂၃
နိုင်ငံရေး စုစည်းမှုနဲ့ စစ်ရေးစုစည်းမှု (အမိန့်ပေးစနစ်) အရေးကြီးမှု
စစ်အာဏာရှင် မင်းအောင်လှိုင်ကို ပြုတ်ကျအောင်၊ စစ်တပ်ကို အနိုင်တိုက်မယ့် ဆန္ဒက ဒီနေ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသူ အများစုမှာ ရှိကြတယ်ဆိုတာ အငြင်းပွားဖွယ်ရာ ကိစ္စတရပ်မဟုတ်ပါဘူး။ စစ်အာဏာသိမ်းတဲ့ စစ်တပ်ကို၊ အဲဒီစစ်တပ်ကို ခေါင်းဆောင်တဲ့ မင်းအောင်လှိုင်ကို မုန်းတီးကြတာ၊ ပြုတ်ကျစေချင်တာဟာ အခြေခံတူညီတဲ့ အချက်တချက် တနည်းအားဖြင့် ဘုံသဘောတူညီမှုလို့ဆိုရင် မှားမယ်မထင်ပါဘူး။
ဒီဆန္ဒနဲ့ ဒီခံစားမှုနဲ့ ဒီမုန်းတီးမှု၊ နာကြည်းမှုနဲ့ လက်နက်ကိုင် တိုက်ခိုက်နေကြသူတွေ၊ လက်နက်ကိုင် လှုပ်ရှားမှုကို ငွေအား၊ လူအားထောက်ခံအားပေးနေကြသူတွေ မြန်မာနိုင်ငံမှာ အများအပြားရှိနေတာ ဖြစ်ပါတယ်။ မြို့ကြီးတွေမှာ၊ နယ်မြို့တွေမှာ၊ ကျေးရွာတွေမှာ၊ မိမိကိုယ်ပိုင်လုပ်ငန်းနဲ့ စီးပွားရှာ လုပ်ကိုင်သူတွေအထဲမှာ၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေထဲမှာ စသဖြင့် အများအပြားရှိနေကြတာ တွေ့ရမှာပါ။
ပြည်သူတရပ်လုံး တနည်းအားဖြင့် လူများစုကြီးက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြပြီး အာဏာသိမ်းခံရတဲ့ အရပ်သား အစိုးရ အန်အယ်လ်ဒီပါတီကို ထောက်ခံကြ၊ စာနာကြလျှက်သားနဲ့ ဘာကြောင့် စစ်အာဏာရှင် ဖြုတ်ချရေး မအောင်မြင်သေးတာလဲ၊ ၂နှစ်ကြာသည်အထိ ဘာကြောင့် စစ်ရေး နိုင်ငံရေး ရည်မှန်းချက်တွေ သိသိသာသာ အကောင်အထည် မပေါ်သေးတာလဲ စတဲ့ မေးခွန်းတွေ ရှိနေမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်ရေး တရပ်အနေနဲ့ တနှစ် နှစ်နှစ်နဲ့ မအောင်မြင်နိုင်တာ သေချာပါတယ်၊ ဒါဆိုရင် ၃ နှစ်လား ၅ နှစ်လား သို့မဟုတ် ဒိထက်ပိုပြီးအချိန်လိုအပ်တာလား ဆိုတာလည်း စဥ်းစားစရာအချက် အရေးကြီးတဲ့ မေးခွန်းတရပ် ဖြစ်ပါတယ်။ သို့ပေမဲ့ ဒီမေးခွန်းကို တိတိပပ ဖြေကြားဖို့ကတော့ မလွယ်ကူပါဘူး။ မြန်မာ့နိုင်ငံရေး သမိုင်းနှိုင်းယှဥ်စရာ ဖြစ်ရပ်တွေ အကျိုးအကြောင်းဆက်နွှယ်မှုတွေ ပြန်ငဲ့ကြည့်ပြီး လက်ရှိရောက်နေတဲ့နေရာက အစလား၊ အလယ်လား၊ အဆုံးရလဒ် ထွက်ခါနီးပြီလားဆိုတာ မှန်းဆကြည့်မိပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး အရှိန်နဲ့ တောက်လောင်ခဲ့တာ ၁၉၄၉ ခုနှစ်များကနေ ၁၉၅၂ ခုနှစ်ဝန်းကျင်အထိ အဲဒီခေတ် အခြေအနေသာလျင် အခု ၂၀၂၁ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံအခြေအနေနဲ့ နှိုင်းယှဥ်ပြောဆိုစရာ သမိုင်းအဖြစ်အပျက်တခု ဖြစ်ပါတယ်။
တဖန် ၁၉၈၈ နောက်ပိုင်း ကေအန်ယူရဲ့ ခြေကုပ်စခန်းတွေကို တိုက်ခိုက်သိမ်းယူခဲ့တာတွေ အဲနောက်ပိုင်း ပိုနေမြဲကျားနေမြဲ အနေအထားနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ နဲ့ စစ်အစိုးရတပ်တွေအကြား နေလာကြတာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး လအနည်းငယ်အကြာမှာတော့ လက်နက်ကိုင် အဖွဲ့သစ်တွေ ပေါ်ထွက်လာသလို လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်ရေး လမ်းကြောင်းက မြန်မာ့နိုင်ငံရေးမှာ လူကြိုက်များတဲ့ လမ်းကြောင်းတရပ် ဖြစ်လာခဲ့တာပါ။
ခုရက်ပိုင်း မှာ မန္တလေးက သပိတ်ခေါင်းဆောင်၊ နွေဦးတော်လှန်ရေးရဲ့ ထင်ရှားတဲ့ ခေါင်းဆောင် တဦးဖြစ်သူ ဒေါက်တာတေဇာဆန်းက အရေအတွက်မှ အရည်အချင်းသို့လို့ အဓိပ္ပာယ်ရတဲ့ နှိုးဆော်ချက် တစောင်ရေးပြီး ၄င်းရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားနှိုးဆော်ထားပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ အနေအထားမှာ ပီဒီအက်တွေ အနေနဲ့ လူအင်အားအရေအတွက်အားဖြင့် စစ်ကောင်စီတွေထက် အပြတ်အသတ် သာလွန်နေတဲ့ အချက်အလက်ကို ထောက်ပြထားပြီး အားနည်းချက်အနေနဲ့ အမိန့်တခုတည်းအောက်မှာ စုစည်းလှုပ်ရှားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ မဖြစ်သေးတာကို မီးမောင်းထိုးပြထားပါတယ်။
သူ့အဆိုအရ အမျိုးသားညီညွတ်ရေး အစိုးရ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေကို အမျိုးအစား ၂ မျိုးခွဲခြားပြီး တမျိုးက PDF လို့ ပြည့်ပြည့်ဝဝ သုံးနှုန်းထားပြီး အချိန်ပြည့်စစ်သား ဆိုတဲ့ သဘောမျိုး ဆိုလိုချင်တဲ့သောလို့ နားလည်ပါတယ်။ နောက်တမျိုးကတော့ ဒေသအလိုက် ဖွဲ့စည်းတဲ့ ပြည်သူ့စစ်သဘောမျိုးဆောင်တဲ့ ပကဖ လို့ အတိုကောက်ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေလို့ ဆိုပါတယ်။
ဒီနှစ်မျိုးစလုံးက အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ သာရှိပေမယ့် တခုတည်းသော အမိန့်ပေးစနစ် မရှိသေးဘူးလို့ ဆိုလိုထားတာ ဖြစ်ပါတယ်။ စနစ်ကျသော တခုတည်းသော Change of Command မရှိနေသေးတာကို တည်ဆောက်ဖို့ ဒေါက်တာတေဇာဆန်းက နှိုးဆော်ထားပါတယ်။
တခုတည်းသော အမိန့်ပေးစနစ် မတည်ဆောက်နိုင်သေးတာ ဘယ်အချက်တွေကြောင့်လည်းဆိုတာလည်း ပြန်လည်သုံးသပ်အဖြေရှာသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ လက်အောက်ခံ လက်နက်ကိုင် အဖွဲ့အစည်းတိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ ရိက္ခာ၊ လက်နက်၊ စရိတ်စက လုံလောက်စွာ မထောက်ပံ့နိုင်တဲ့ အချက်လား၊ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တခုထည်းသော နိုင်ငံရေးယုံကြည်မှု၊ တခုတည်းသောမူဝါဒ၊ တခုတည်းသောတူညီတဲ့ ရည်မှန်းချက်တွေ အားနည်းတာကြောင့်လား၊ နိုင်ငံရေး အသိအမြင်ခံယူချက် အားနည်းပြီး စစ်ကောင်စီ စစ်တပ်ကို လက်စားချေ တုံ့ပြန် တိုက်ခိုက်ချင်တဲ့ ဆန္ဒသာ တူညီပြီး ကျန်တဲ့ နိုင်ငံရေး ရည်မှန်းချက်၊ မူဝါဒတွေ လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်တွေ၊ စည်းမျဥ်းစည်းကမ်းတွေက အရေးမကြီးဘူးလို့ ယူဆနေကြတာကြောင့်လား စတာတွေလည်း ဆွေးနွေး စရာဖြစ်လာနေပါတယ်။
နောက်တချက်ကတော့ အရေးကြီးတဲ့ တိုင်းရင်းသား ဖက်ဒရယ်အရေးနဲ့ပတ်သက်တဲ့ ရည်မှန်းချက်၊ မူဝါဒ၊ ကတိကဝတ်၊ အာမခံမှုတွေ ဖြစ်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ တိုက်ပွဲဧရိယာတွေနဲ့ မဖြစ်ပွားပေမယ့်လည်း ပိုနေမြဲကျားနေမြဲ တိုင်းရင်းသား လက်နက်ကိုင် နယ်မြေတွေက မြန်မာနိုင်ငံ မြေပုံရဲ့ နယ်နိမိတ်ဒေသတွေ အားလုံးနီးပါးမှာ ရှိနေတာ ဖြစ်ပါတယ်။ စစ်ရေး မဟာမိတ်ဖြစ်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိသလို စစ်ရေး မဟာမိတ် မဖြစ်သေးဘဲ ဖက်ဒရယ်နဲ့ပတ်သက်လို့ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးအာမခံချက် လက်တွေ့ပိုင်းဖြတ်မှုအပေါ် သံသယရှိကြလို့ ပိုနေမြဲ ကျားနေမြဲ နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို စည်းရုံးနိုင်ဖို့ အချက်ကလည်း အရေးကြီးတဲ့ အချက်တချက်ဖြစ်နေတာကို သတိပြုမိကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar