Breaking News

လင်းငယ် - သေဖို့တန်သလား၊ တန်လို့သေသလား

Photo - Credit
သေဖို့တန်သလား၊ တန်လို့သေသလား
လင်းငယ်
(မိုးမခ) ဧပြီ ၅၊ ၂၀၂၃

“ဖြစ်မယ် . . . ပျက်မယ် . . . သေခြင်းတရား
တနေ့ကျ အားလုံး ကြုံမှာ သိလည်း .  . . သိလည်းပဲ”

ဘယ်တော့ သေမှာလဲ။ ဘယ်လို သေမှာလဲ။ မသိနိုင်တဲ့ မေးခွန်းတွေဆိုတာ လူတိုင်း သိပြီးသား။ ဒီမေးခွန်းတွေ မေးနေတော့ “တရားသံတွေ ပေါက်နေပြီလား” လို့လည်း အငေါ်တူးချင်လည်း တူးပါစေတော့။ ခဏခဏ တွေးမိနေတာကတော့ သေချာတယ်။ ကိုယ့်ဘာသာလည်း ငါလူငယ် စိတ်အို ဖြစ်နေပြီလားလည်း တွေးမိပြန်ပါတယ်။ တကယ်တော့လည်း ငယ်တော့တဲ့ အရွယ်လည်း မဟုတ်ပြန်ပါဘူး။ လူငယ်ဆိုတာကို ကျော်လွန်လာတဲ့ အရွယ်ရောက်နေပြီပဲ။ ကိုယ့်ထက်ငယ်တဲ့ လူငယ်တွေ သေဆုံးနေရတာတွေ နေ့စဉ်ကြားမြင်နေရတဲ့ အခိုက် အတန့် ပစ္စက္ခကြီး၊ သေခြင်းတရားဟာ လူတိုင်းအတွက် သတင်ထူးမဟုတ်တော့တဲ့သတင်းဖြစ်နေခဲ့ပြီ မဟုတ်လား။ ဒီတော့ သေခြင်းတရားဟာ သိသိကြီးနဲ့ မသိနေတဲ့ အရာလိုလို ဖြစ်နေကြပေမယ့် ကိုယ့်နားမှာပဲ ရစ်သီ ရစ်သီ ရှိနေတာပဲလေ။ ဒီရစ်သီရစ်သီလုပ်နေတဲ့အရာကြီးက ခေါင်းထဲရောက်လာတာ သိပ်တော့လည်း မထူးဆန်ပြန်ပါဘူး။
………

မဆုံတာကြာပြီ ဖြစ်တဲ့ သူငယ်ချင်း နှစ်ယောက်၊ တမြို့တရွာစီမှာ ကိုယ့်ဝမ်းကိုယ် ရုန်းကန်ထိန်းကျောင်းနေရသူ နှစ်ယောက်၊ ဆုံတုန်းကြုံခိုက် စကားတွေ အများကြီး ပြောဖြစ်ကြတယ်။ သူနဲ့ လမ်းခွဲလာခဲ့ချိန်မှာ ကိုယ့်ခေါင်းထဲ ကျန်ခဲ့တဲ့ အကြောင်းအရာဟာ “သေခြင်းတရား” အကြောင်းပဲ ဖြစ်နေခဲ့တော့တယ်။ သေခြင်းတရားဟာ လွှမ်းမိုးလွန်းချည့်ရဲ့။ လူလတ်ပိုင်း နှစ်ယောက်ရဲ့စကားဝိုင်းထဲက သေခြင်းတရားတွေအကြောင်းဟာ မထူးဆန်းပေမယ့် ထူးဆန်းတာပါပဲ။ ပုံမှန်ဆိုရင် လူမှုရေး စီးပွားရေးတွေ ပြောကြတဲ့လူတွေကို သေခြင်းတရားကိုသာ သတိရစေဖို့ ဘာတွေကများ လှုံ့ဆော်ထားပါလိမ့်။

ခေတ်ဆိုးကြီးအောက်မှာ လူတိုင်း သေခြင်းနဲ့ နီးနီးနားနားမှာ ရှင်သန်ရပ်တည်ကြရတာပါပဲ။ ဒီသူငယ်ချင်းဟာ ကိုယ့်လိုပဲ ကိုဗစ်ကူးစက်ခံရတယ်။ အသည်းအသန်ဆိုတဲ့အနေအထားထိ ရောက်ခဲ့ရတယ်။ စစ်အာဏာသိမ်းတဲ့ကာလမှာ ဆေးဝါးမပြည့်မစုံနဲ့ အိမ်ထဲမှာပဲနေထိုင်ရင်း ဖြတ်ကျော်ခဲ့ရတယ်။ ဒီလိုတွေ ကြုံတွေ့ပြီးရတဲ့နောက် သူခန္ဓာဟာ အရင်လို မဟုတ်တော့ဘူးလို့ ပြောတော့ ကိုယ်လည်း ဒီအရွယ်မှာ အရင်လိုမဟုတ်တော့တဲ့ ကိုယ်ခန္ဓာအကြောင်း ဥပုပ်စောင့်ဇရပ်ထဲက အဘိုးကြီးတွေ လေသံနဲ့ ပြန်ပြောမိပါတယ်။ သဘာဝအရ ဇရာဟာ ညာလို့မရဘူးဆိုပေမယ့် ကိုဗစ်ကတော့ ဇရာတွေ အိုတာနာတာတွေ ကျော်လွန်ပြီး သေခြင်းတရား အဆင့်ကို တန်းကျော်ရောက်အောင် ပို့ပေးလိုက်ပါတယ်။ ငါမသေနိုင်ပါဘူး ဆိုသူတွေကို အညွှန့်ချိုးပြသွားတာ နည်းမှမနည်းပဲလေ။ ကိုယ့်အသိတွေထဲ အရွယ်တူတွေ၊ ပိုငယ်သူတွေတောင် လွင့်ပါးသွားတာ မြင်ခဲ့ရတာပဲ။ သိတဲ့သူတွေရော မသိပေမယ့်လို့ သတင်းထဲ မြင်ရကြားလိုက်ရ သူတွေရော ဒုနဲ့ဒေး။
………

“ အဲ့ဒီလိုတွေကြုံပြီးတဲ့နောက်မှာ ဘာကိုမှ တပ်တပ်မက်မက်မလုပ်ချင်တော့ဘူးကွာ။ သေရင် ထားခဲ့ရမှာ တွေးမိပြီး ဘာမှလုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အချိန်မရွေး သေသွားနိုင်တာပဲဆိုတဲ့အသိက အမြဲခေါင်းထဲ ရောက်နေတယ်”

သူက ဒီလိုပြောတော့ ဒီကောင် စိတ်ကျရောဂါရနေတာလားမသိဘူးလို့ ကိုယ်က တွေးမိနေတယ်။ “ခေတ်လူ ငယ်ခြေကျတွေ” ဆိုတဲ့ စာသားကိုတောင် ဖွဖွလေး ရွတ်လိုက်မိသေး ထင်ပါရဲ့။ သူလည်း ရိပ်မိသလားမသိ။ counselling ယူဖို့ စီစဉ်နေကြောင်းလည်း ပြောပါရဲ့။ 

“ငါ့ကိုယ်ငါ ဘာဖြစ်နေသလဲသိနေတယ်ဆိုတော့ သိပ်မဆိုးဘူးလို့ ဆိုရမှာပေါ့ကွာ။ ဆရာဝန်ဆိုတော့ ကိုယ့်ဘာ သာရသလောက်တော့ ကုရတာပေါ့။ ဒီလိုတွေ တွေးမိလာတဲ့အခါ ကမ္ဘာလောကကြီးထဲ ဘာတွေ အမွေအဖြစ် ချန်ရစ်နိုင်မလဲ ကြိုးစားတွေးကြည့်ရတာပဲ။ ကိုယ့်မရှိတော့ပေမယ့် ကိုယ့်သမီးလေးရှိသေးတာကိုး။ ကမ္ဘာကြီးအတွက် ကြီးကြီးကျယ်ကျယ် မဟုတ်တောင်ကွာ၊ ဒီသမီးလေးအတွက် ဘာတွေ ချန်ခဲ့ပေးနိုင်မလဲတွေးပြီး အားယူရတာပဲ။ ပြောသာပြောရတာ၊ စားရေးနေရေး ကြပ်တည်း၊ အလုပ်အကိုင် ကြပ်တည်းနဲ့ အဆင်မပြေတော့ ပိုပြီး စိတ်ညစ်ရပြန်တယ်။ သူ့နောင်ရေး တွေးမိပြီး ခေါင်းခဲရပြန်တယ်ဟေ့။ တခါတခါ သမီးလေးကို ပျက်စီးဆိုးရွာနေတဲ့ ဒီလောကကြီးထဲ ခေါ်လာမိတာ မှားပြီးလား၊ တရားရဲ့လားလို့ တွေးမိပြန်တယ်ကွာ”

ဒီအတွေး အစွန်းနှစ်ဖက်ကြား လွန်ဆွဲနေတဲ့ သူငယ်ချင်းလို လူတွေ ငါတို့တိုင်းပြည်မှာ ဘယ်လောက်များ များနေမှာပါလိမ့်။ နေ့စဉ်နဲ့အမျှ ကြပ်တည်းလာတဲ့ စားဝတ်နေရေး၊ အချိန်နဲ့အမျှ မလုံမခြုံနေရတဲ့ ဘဝ၊ အချိန်မရွေး သားကောင်ဘဝ ရောက်သွားနိုင်တဲ့ ဝန်းကျင်အနေအထားတွေက လူမည်ကာမတ္တတွေ ဖြစ်မှန်းမသိ ဖြစ်နေရတော့တယ်။ ကိုဗစ်ဆိုတဲ့ ရောဂါကပ်ဘေးကြီးက လူတွေရဲ့ အတွေးအမြင်ကို ပြောင်းစေခဲ့သလို လူလုပ်ကပ်ဘေးကြီးဟာလည်း လူသန်းပေါင်းများစွာအပေါ် ရိုက်ခတ်မှု ပြင်းထန်လွန်းလှပါတယ်။ ဘဝရှင်သန်မှု သက် သက်အတွက် ရပ်တည်ရင်း ရှင်သန်ချင်စိတ်တွေ လုံးပါးပါးလာကြလေသလား။

……….

မြန်မာ့လူဦးရေ တဝက်နီးပါးလောက်ဟာ ဆင်းရဲမှုမျဉ်းအောက်မှာ နေနေရမယ်လို့ ယူအမ်ကတော့ ခန့်မှန်းတယ်။ ဒေတာအချက်အလက်တွေ အများကြီးကိုးကားစရာမလိုအောင်ကို ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြင်နေကြားနေတာပါပဲ။ အဖြစ်အပျက်တွေက ကြားရဖန်များလို့ ရိုးအီလို့တောင် နေလောက်ပါပြီ။ ခက်ခဲမှုတွေ ဆင့်ပွား ဆင့်ပွား ဆတိုး တိုးလာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာပေမယ့် ဝင်ငွေက လိုက်မတိုးလာတဲ့အခါ နေရေထိုင်ရေးတွေက ကြပ်တည်းလာတော့တာပါပဲ။ ခံနိုင်ရည် မရှိတဲ့အခါ ကိုယ့်ဘဝကို အဆုံးသတ်ဖို့ ကြိုးစားသူတွေ ရှိလာတယ်။ စစ်ဘေးရှောင်စခန်းတွေက ကြားရတဲ့ အသံတွေဟာ အကူအညီ တောင်းသံတွေ၊ ကိုယ့်ဘဝကို မရပ်တည်နိုင်လို့ အားမလိုအားမရသံတွေ ညံနေပါရောလား။ ကိုယ့်အနားမှာတင်ပဲ ညီဝမ်းကွဲတယောက်ဟာ ဆူဆိုက်လုပ်ဖို့ ကြိုးစားတယ်။ ကိုယ့်အတွက် အနီးအနားမှာ ထိုးလိုက်တဲ့ ခေါင်းလောင်းသံအကျယ်ကြီး ကြားလိုက်ရတာပါပဲ။ ဆူဆိုက်လုပ်တယ်ဆိုတာ မအောင် မြင်ရင်တောင်မှ စိတ်ဆိုးစိတ်ကောက်လို့ ဟန်ဆောင်လုပ်တာမျိုးလို့ ပြောမရအောင် ဘေးများလွန်းတဲ့အရာပါ။ လူတယောက်ဟာ ကိုယ်အချစ်ဆုံး ကိုယ့်အသက်ဓာတ်ကိုတောင် စွန့်လွှတ်ဖို့ ဖြစ်လာပြီဆိုရင်တော့ ဘယ် လောက် နာကျင်ခံစားနေရမလဲ တွေးကြည့်နိုင်တာပါပဲ။ ဒါပေမယ့် ဒါဟာ ပြဿနာကို ဖြေရှင်းတာ မဟုတ်ဘူးလေ။ ဒီပြဿနာတွေရဲ့ တရားခံဟာ ကိုယ့်မဟုတ်ဘူး။ ကိုယ့်ကို ခေတ္တခဏစိတ်ဆိုးအောင်လုပ်တတ်တဲ့ အိမ်သူသက်ထား မဟုတ်ဘူး။ လူမိုက်တယောက်ရဲ့ တကိုယ်စာမိုက်တွင်းနက်မှုရဲ့ နောက်ဆက်တွဲတွေလေ။ မှောက်မိုက်ကြမ်းတမ်းတဲ့ အခုလိုအချိန်မျိုးမှာ အသက်ရှင်ရတာ ပင်ပန်းလွန်းတာလဲ သေချာတာပဲ။ ဒါပေမယ့် သေရင် ပြီးရောတဲ့လား။
…………. 

သူငယ်ချင်းနဲ့ စကားပြောနေချိန်မှာပဲ မိတ်ဆွေတယောက်က စာတိုလေး လှမ်းပို့တယ်။ “ကျနော့်တူလေး ဒီနေ့ကျသွားတယ်။ ….. နားမှာ ဖြစ်တဲ့ တိုက်ပွဲလေ။ သတင်းတောင်တက်လာပြီ။ တကယ့် ကလေးပဲရှိသေးတယ်။ လူငယ်ဘဝဆိုတာ ဘာမှန်းတောင် ကောင်းကောင်း မခံစားလိုက်ရဘူး” တဲ့။ စစ်ကြီးဖြစ်လာတဲ့အခါ လူအိုတွေကျန်ပြီး လူငယ်တွေ သေပေးရတာပဲ။ ငါတို့ဘယ်လောက်အထိ ရင်းနှီးရအုံးမှာလဲ။ ပြီးတော့ စစ်ပွဲတွေကြောင့် လူငယ်တွေပိုသေရသလို တကယ်တန်းမှာ စစ်ပွဲကြောင့် မဟုတ်ဘဲ သေပေးလိုက်ရတဲ့ လူငယ်တွေလည်း ဘယ် လောက်များ များလိမ့်မလဲ။ လူမသိသူမသိ သေဆုံးသွားသူတွေ ဘယ်လောက်များ များနေပြီလဲ။

နေ့စဉ်နဲ့အမျှ နာကျင်မှုတွေနဲ့ နေရတယ်။ စိုးရွံ့မှုတွေနဲ့ နေရတယ်။ မပြေလည်မှုတွေနဲ့ နေရတယ်။ မျှော်လင့်ချက် မဲ့မှုတွေနဲ့ နေရတယ်။ မကျေနပ်မှုတွေနဲ့ နေရတယ်။ နေ့စဉ်ဘဝက အခက်အခဲ သေးသေးလေးတွေ များပြားလာတဲ့အခါ စုပြုံလာတဲ့အခါ စိတ်ဓာတ်တွေကို ရိုက်ချိုးပြီး တချို့ အရှုံးပေးသွားကြရတာပဲ။ တချို့ အသက်မသေပေမယ့် စိတ်တွေ သေသွားကြပြီ။ အနာဂတ်တွေ သေသွားကြပြီ။
………….

သူငယ်ချင်းနဲ့ လမ်းခွဲပြီး ပြန်လာတော့ လမ်းမှာ တယောက်တည်း တွေးမိတယ်။ 
“တရားမျှတတဲ့ လူ့ဘောင်၊ လက်နက်အားကိုး အနိုင့်ကျင့်လို့မရတဲ့ လူ့ ဘောင်၊ တန်းတူညီမျှတဲ့လူဘောင်တခုဖြစ်ဖို့ လူငယ်တွေက အသက်တွေပေးပြီး စွန့်စားတည်ဆောက်နေကြတယ်။ ဒီအတွက် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတော့ရှိနိုင်တာပါပဲ။ ဒါပေမယ့်အသက်ကို စွန့်ထားသူတွေကိုမှ အားမနာ ဘေးထွက်ဆိုးကျိုး အခက် အခဲလောက်ကို ရင်မဆိုင်နိုင်လို့ အသက်ကို အဆုံးသတ်သွားကြရတာ တန်ရဲ့လား။”

လူဆိုတာကလည်းအခက်သား။ ကိုယ့်စိတ်နဲ့ကိုယ်၊ ကိုယ်ဒုက္ခနဲ့ကိုယ်။ ကိုယ့်ပြဿနာမှ ကြီးတတ်တာကိုး။ ဒါပေမယ့် ဘယ်သူပဲ အသက်တွေ ပေးရပေးရ ဒီအသက်တွေဟာ လူတယောက်/တစုရဲ့ မိုက်မဲမှုကနေ မြစ် ဖျားခံလာတဲ့ အကြောင်းကိုတော့ မမေ့ကြဖို့ ထပ်တလဲလဲ သတိပေးနေရမှာပါပဲ။

လင်းငယ်
2nd April 2023


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar