Breaking News

နိုင်မွန်အောင်သွင် - လူသတ်သမား

လူသတ်သမား
နိုင်မွန်အောင်သွင် 
(မိုးမခ) မေ ၈၊ ၂၀၂၃

လူသတ်သမားဟာ ခါးထောက်ရပ်နေတယ်။
အရူးတသိုက်နဲ့လူပေါင်းမှားမိလို့
သူဟာ ဦးခေါင်းဟောင်းလောင်းနဲ့။
လူသတ်သမားဟာ အိမ်ခြေယာခြေမဲ့နေတဲ့အတွေးအခေါ်တွေနဲ့ ရပ်ရွာတွေကိုမီးရှိူ့ခဲ့တယ်။
လူသတ်သမားဟာ မိမဆုံးမ ဖမဆုံးပီပီ လူတကာကိုလည်း မိမဲ့ဖမဲ့ဖြစ်စေချင်နေတယ်။
လူသတ်သမားဟာ သူ့ရင်ထဲအမုန်းမီးတောင်တွေပေါက်ကွဲနေသလို ဘယ်နေရာကိုမှမအေးချမ်းစေချင်ဘူး။
လူသတ်သမားကို ဘယ်သူမှဆေးဖေါ်ကြောဖက်မလုပ်ကြတော့ နေမထိလေမထိ ပြိုကျလာနေတယ်။
လူသတ်သမားဟာ ငိုချင်နေတယ်။
လူသတ်သမားဟာ ရယ်ချင်နေတယ်။
လူသတ်သမားဟာ အကြီးအကျယ်စစ်သွေးကြွနေ။
လူသတ်သမားဟာ ချုံးချုံးချစိတ်ပျက်လက်ပျက်။
လူသတ်သမားဟာ အသက်ထက်ဆုံးသေချင်နေတယ်။
လူသတ်သမားဟာ လျှပ်တပြက်ရှင်ချင်နေတယ်။
လူသတ်သမားဟာ တစစ်စစ်ရင်နာနေရင်းက
လူသတ်သမားဟာ မသက်မသာခါးထောက်ရပ်နေတယ်။
သူလုပ်လို့ရတာ သည်တစ်ခုတည်းရှိ။
လူသတ်သမားဟာ သူဘာကြောင့်အသက်ရှင်နေတာလဲ စဉ်းစားမရ။
ဦးခေါင်းမရှိပဲ ဘယ်လိုစဉ်းစားနေတာလဲ။
လူသတ်သမားမှာ ဘာအဖြေမှမရှိ။
လူသတ်သမားဟာ ခြေထောက်တွေပေါ်တက်ရပ်နေခဲ့ပေမယ့်
ပြေးစရာမြေကမရှိ။
လူသတ်သမားဟာ ခပ်တင်းတင်းရပ်နေ။
လူသတ်သမားဟာ မသက်မသာနဲ့
ခပ်တင်းတင်းခါးထောက်ရပ်နေ။
ညနေစောင်းလာတဲ့အထိ
ခါးထောက်ရပ်ကောင်းနေဆဲ။
သူ့မရဏဓားကိုလည်း ကျစ်ကျစ်ပါအောင်ဆုပ်လို့။

၇.၅.၂၀၂၃
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar