နွေဦးဝေ - ဇီတွေ အိမ်ပြန်လာတဲ့အခါ
နွေဦးဝေ - ဇီတွေ အိမ်ပြန်လာတဲ့အခါ
(မိုးမခ) မေ ၈ ၊ ၂၀၂၃
၁။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
မုန်တိုင်းဆိုးကြီးကို
ရန်သူတွေဆီ ပို့ပစ်မယ်။
၂။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
အိပ်မက်ဆိုးတွေကို
ဘုရားပန်းအိုးထဲ ထည့်ပစ်မယ်။
၃။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
ဖုန်တက်နေတဲ့ ပစ္စုပ္ပန်ကို
ခါချပစ်မယ်။
၄။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
ဆီကုန်နေတဲ့ အနာဂတ်ကို
တိုင်ကီအပြည့် ဆီပြန်ဖြည့်မယ်။
၅။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
ကြောက်စရာအတိတ်နဲ့ အတိတ်ဘဝကြောင်းကို
နာနာဘာဝတွေကို ပရိတ်ရွတ်ခိုင်းမယ်။
၆။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
စိတ်တွေအဆာပြေဖို့
အေအိုင်(AI)တွေကို ပြောပြထားမယ်။
၇။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
လျှပ်စစ်မီးမလိုတဲ့လောကဖြစ်ဖို့
ဖယောင်းတိုင်တွေကို
ဇောက်ထိုးထွန်းမယ်။
၈။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
သွားချင်ရာသွားရဖို့
ခရီးလမ်းတတွေကို ဘီးတပ်ထားမယ်။
၉။ သမီးငယ်လေ းအိမ်ပြန်လာတဲ့အခါ
မလိုအပ်တဲ့ အာဏာတွေ မီးရှို့ထားမယ်။
၁၀။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
နောက်ပြန်သွားတဲ့ ဦးနှောက်တွေကို
မြေမြှုပ်ထားမယ်။
၁၁။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
သေနတ်တွေအားလုံး
မုန့်နဲ့ လဲမယ်။
၁၂။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
တိုင်းပြည်တခုလုံး ပန်းများဖုံးလို့
အလန်းဆုံးပြုံးပြီး ကြိုနေကြမယ်။
၁၃။ သမီးငယ်လေး အိမ်ပြန်လာတဲ့အခါ
လွတ်လပ်ရဲစွမ်း လူငယ်လှမ်းတဲ့
ခြေလှမ်းတိုင်းဟာ
တိုင်းပြည်တိုင်းက အတုယူရတဲ့
ဂျန်ဇီကမ္ဘာ တို့ကမ္ဘာဟေ့လို့
ရဲရဲဟစ်ကြွေး လူ့ဘောင်တေးကို
အဖေကရေး သမီးကဆို
သမီးကရေး အဖေကဆို
ပြန်ဆုံကြစို့ ဆုံကြစို့ရဲ့
မိဘဆွေမျိုး လူအမျိုးမျိုးက
အိမ်ပြန်လာကြတဲ့အခါ
ဆိုချင်ကြတဲ့ တေးကဗျာ
. . . . . . . . . ။
၁၄။ ဇီတွေ အိမ်ပြန်လာတဲ့အခါ
ဇီတွေ အိမ်ပြန်လာတဲ့အခါ
ဇီတွေ အိမ်ပြန်လာတဲ့အခါ။ ။