Breaking News

ဆုံးရှုံးနေတဲ့နိုင်ငံက သူတွေရဲ့ လူနေမှုဘဝတွေ

မြန်မာ့နွေဦးခရိုနီကယ် - မေ ၇ မြင်ကွင်း

မိုးမခ - မေ ၈၊ ၂၀၂၃


ဆုံးရှုံးနေတဲ့နိုင်ငံက သူတွေရဲ့ လူနေမှုဘဝတွေ 

မြန်မာနိုင်ငံက လူထုတွေအနေနဲ့ နွေရာသီရဲ့ အပူဒဏ်ကို လျှပ်စစ်မီး မရသလောက် ဖြစ်နေတဲ့အနေအထားမှာ ကျောကော့အောင် ခံစားနေကြရတာကြောင့် ခုရက်ပိုင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်လာမယ့် မုန်တိုင်း သို့မဟုတ် ပိုမိုပြင်းထန်တဲ့ ဆိုင်ကလုန်း မုန်တိုင်းလိုမျိုးကိုတောင် မြန်မြန်ရောက်လာစေချင်တဲ့ ဆန္ဒဖြစ်နေကြရတဲ့ အနေအထားမျိုး ဖြစ်နေတာပါ။ 

မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဘဝအခြေအနေက  ဘယ်လောက်ထိ ဆိုးရွားနေတဲ့ အခြေအနေမျိုးလဲလို့ တင်စားရရင် သဘာဝဘေးအန္တရာယ်ကိုတောင် တခါတလေမှာ ကြိုဆိုရမလို အနေအထားမျိုး ဖြစ်နေတာပါ။  

ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် အိပ်ကောင်းခြင်း မအိပ်ရ၊ နဂိုကတည်းက ဆိုးရွားနေတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုက ရာသီဥတုအပူဆုံးကာလမှာ ပိုပြီးဆိုးရွားလာတာကြောင့် ချက်ပြုတ်ရေး၊ သုံးရေတင်ဖို့ စုပ်ယူဖို့ လျှပ်စစ်မီးမရှိ၊ အဲကွန်းမဆိုထားနဲ့ ပန်ကာဖွင့်နိုင်လောက်အောင် လျှပ်စစ်မီး မရှိတဲ့အနေအထားမှာ နေထိုင်စားသောက်ရေး ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာတွေ အထိ ထိခိုက်ရလောက်အောင် ဆိုးရွားတဲ့ အခြေအနေမျိုးအောက်မှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုကျော်အတွင်း အခု နှစ်လောက် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဆိုးရွားတဲ့ အနေအထား မကြုံဖူးခဲ့ကြတဲ့ မြို့နေလူထုအဖို့ သဘာဝဘေးအန္တရာယ် ဖြစ်တဲ့ မုန်တိုင်းလိုမျိုး ဝင်လာရင်တောင် အပူဒဏ်က သက်သာရာရမှာမို့ မုန်တိုင်းမိုး မြန်မြန်လာစေချင်နေတဲ့ အနေအထားဖြစ်ပါတယ်။ 

ခုနှစ် နွေရာသီမှာ ဆယ်စုနှစ် တခုကြာလောက် လုပ်ဆောင်ခဲ့တဲ့ မဟာလျှပ်စစ်ဓာတ်အားလိုင်းတွေလည်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးစရာ မလုံလောက်တာကြောင့် ကောင်းစွာ အသုံးချနိုင်ခြင်း မရှိသလို၊ ကိုယ်ထူကိုယ်ထနဲ့ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ တစိတ်တပိုင်း ပါဝင်ကြတဲ့ ကျေးလက် လျှပ်စစ်ဓာတ်အားရရှိရေး စီမံချက်တွေလည်း အခုအချိန်မှာ ဘာမှ အကျိုးမရှိသလို ဖြစ်နေပြီး၊ လူတွေ အလုပ်အကိုင်အခွင့်အလမ်းလည်းရနိုင်တဲ့ စက်မှုဇုန်တွေလည်း ခုနွေရာသီမှာ လျှပ်စစ်ဓါတ်အား မရသလောက် ဖြစ်လာပြီး မိမိတို့ဘာသာ လောင်စာဆီဝယ်ယူ တင်သွင်းကာ လျှပ်စစ်ဓါတ်အား ရအောင် ကြိုးစားရမယ့် အနေအထားမျိုး ဖြစ်ပေါ်နေတာ ကြားသိနေရပါတယ်။ အဲဒီလိုမဟုတ်ရင် လက်ရှိ လျှပ်စစ်မီတာခ နှုန်းထားထက် ၂ ဆလောက်များတဲ့ နှုန်းထားနဲ့ ပေးဆောင်မယ်ဆိုရင် စက်မှုဇုန်တွေအတွက် သဘာဝဓါတ်ငွေ့ ပိုမိုဝယ်ယူကာ ထုတ်လုပ်ပေးမယ့် သဘောမျိုး ပြောဆိုနေကြတာလည်း ကြားသိနေရပါတယ်။ 

မြို့ပြတွေက နေထိုင်ကြသူတွေ အားလုံးက လျှပ်စစ်မီးစက်နဲ့ အလုပ်လုပ်နေထိုင်နိုင်ကြတာ မဟုတ်ပါဘူး။ အများစုက အခု လူပြောများလာတဲ့ သိန်းဆယ်ဂဏန်းနဲ့ ချီအသုံးပြုရတဲ့ ဆိုလာစနစ်လည်း လက်လှမ်းမှီကြသူတွေ မဟုတ်ကြပါဘူး။ လျှပ်စစ်မီးကို ထမင်းဟင်းချက်ပြုတ်တာ၊ သုံးရေ စုပ်ယူတာ အထပ်မြင့်တွေ ရေတင်ရာမှာ၊ ဉာဏအလုပ်သမား ဖြစ်ခဲ့ရင် လျှပ်စစ်မီးလာမှ အင်တာနက်၊ ကွန်ပျူတာ စတာတွေ သုံးစွဲအလုပ်လုပ်ကြရတာ ဖြစ်ပါတယ်။ လူနေတိုက်ခန်းတွေကိုလည်း အဲကွန်း၊ ပန်ကာ စတာတွေ သုံးစွဲနိုင်တဲ့ ဒီဇိုင်းမျိုး ဆောက်လုပ်ထားကြတာ ဖြစ်လို့ လျှပ်စစ်မီးမရှိခဲ့ရင် ထမင်းချက်ဖို့ မလွယ်၊ သုံးရေ စုပ်ယူတင်ဖို့ မဖြစ်နိုင်၊ အလုပ်လုပ်မဖို့ မလွယ်ကူသလို ကောင်းမွန်စွာ အိပ်စက်ဖို့ မဖြစ်နိုင်လို့ နေ့စဥ်ဘဝတွေကို ချက်ခြင်းသက်ရောက်မှုရှိပြီး ထိခိုက်လာမှာ ဖြစ်ပါတယ်။ 

စစ်ကောင်စီအနေနဲ့တော့ စစ်တိုက်ဖို့ရာအတွက် နိုင်ငံခြားငွေ  လိုအပ်ချက် သိသိသာသာ ကြီးမားလာတာကို ဖြည့်ဆည်းဖို့ အသုံးစရိတ်တွေကို လျော့ချပြီး စစ်စရိတ်မှာသုံးဖို့ အခြားနယ်ပယ်မှာသုံးနေတဲ့ နိုင်ငံခြားငွေတွေကို ချွေတာခြင်းက အခုလို လျှပ်စစ်ဓါတ်အားပြတ်တောက်မှုရဲ့ အဓိကကျတဲ့ အချက်ဖြစ်လိမ့်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ PDF အဖွဲ့အချို့က မဟာဓါတ်အားလိုင်း တာဝါတိုင်တွေ ကို ဖောက်ခွဲတာ၊ သဘာဝဓာတ်ငွေ့လိုင်းတွေကို ဖောက်ခွဲတာတွေက လျှပ်စစ်ဓါတ်အားပြတ်တောက်မှုကို အတိုင်းအတာ တခုထိ ဆိုးရွားနိုင်စေပေမယ့် ပင်မအကြောင်းတော့ မဟုတ်ပါဘူး။ စစ်အာဏာသိမ်းမှုကြောင့် စစ်ပွဲနိုင်ရေးအတွက် အခြားသော အရာအားလုံးကို စတေးတဲ့ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု၊ စီးပွားရေး ပိတ်ဆို့ခံရတဲ့ ပြဿနာ၊  အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို နိုင်ငံတကာက အကူအညီတွေ ဆိုင်းငံ့လိုက်တဲ့ အချက် စတာတွေက လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းရဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်နေတာလို့ ယူဆရပါတယ်။ 

မြန်မာနိုင်ငံဟာ  failed state လို့ခေါ်တဲ့ ဆုံးရှုံးကျဆင်းနေတဲ့ နိုင်ငံတနိုင်ငံကို ရောက်သွားနိုင်တယ်လို့ အကဲဖြတ်ပြောဆိုကြသလို အချို့ကတော့ အခုလက်ရှိမှာပဲ ဆုံးရှုံးကျဆင်းနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပြီလို့ ဆိုကြတာ ဖြစ်ပါတယ်။ 

အခု လျှပ်စစ်ဓာတ်အားပြတ်တောက်တဲ့ အခြေအနေကိုကြည့်ရင် ဒုတိယ အကဲဖြတ်ချက် ကောက်ချက်ကို ထောက်ခံနေသလို ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံဟာ မကြာသေးခင်နှစ်က သီရိလင်္ကာနိုင်ငံမှာ ဖြစ်သလို လောင်စာဆီ လုံးဝနီးပါး ပြတ်တောက်ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး နယ်ပယ် ရပ်တန့်သွားတဲ့ အခြေအနေမျိုး မရောက်ရှိသည့်တိုင် တဖြည်းဖြည်း စီးပွားရေး ယိုယွင်းပျက်စီးနေပြီး ကျေးလက်ဒေသ အများအပြားမှာ လက်နက်ကိုင်တိုက်ပွဲတွေကြား အသက်တွေဆုံးရှုံးတာ၊ လူနေအိမ် ရိက္ခာဆုံးရှုံးတဲ့နောက် နေအိမ်တွေမှာ မအိပ်စက်နိုင်ဘဲ တောထဲ တောင်ထဲ လနဲ့ချီ ထွက်ပြေးခိုလှုံနေကြရတဲ့ ဘဝ မြို့ပြပေါ်ကသူတွေအဖို့လည်း လျှပ်စစ်မီး မရှိတဲ့လူနေမှုဘဝ နဲ့ ဆိုးရွားလာတဲ့ ရာဇဝတ်မှုတွေအကြား ရှင်သန်နေထိုင်ကြရတဲ့ ဘဝတွေက ဆုံးရှုံးကျဆင်းနေတဲ့ နိုင်ငံ တစိတ်တပိုင်းဖြစ်နေနှင့်ပြီးလို့ ဆိုရမှာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar