ဘိုလ်တောကျော် - တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော်(၁)
တောင်ဆော်မြောက်ဆော်ဘိုလ်တောကျော်(၁)
ဘိုလ်တောကျော်
(မိုးမခ) မေ ၅၊ ၂၀၂၃
ဗမာ့ဆိုရိုးစကားမှာတော့ ‘အိမ်နီးနားချင်းကောင်းမှ လင်ကောင်းရ’သတဲ့။ ဆိုရိုးစကားတွေဆိုတာ ပုံသေယုတ္တိဗေဒသဘောဆန်လို့ လက်မခံခဲ့တာကြာပြီ။ အဲ့လိုလက်မခံပဲထားတာကိုကပုံသေသဘောဆန်နေလေတော့ အချိန် အခါအခြေနေနဲ့ကိုက်ညီလာရင် ပြန်လည်လက်ခံအသုံးပြုရတာလည်းရှိရဲ့။ အခုလည်းဘိုလ်တောကျော် အိမ်နီးချင်းကောင်းမှလင်ကောင်းရဆိုတဲ့စကားကို အပြန်အလှန်သုံးသပ်ပြီး ကာလနဲ့ညှိနေမိလေရဲ့။
မသုံးသပ်လို့မရ။ ဒီဇာတ်ဖြစ်လာတာက စစ်ပြန်လူမိုက်ကြီးသာဝတို့တစု ရွာမှာဗိုလ်ကျ၊ လုယက်၊ ရမ်းကား၊ မိုက်ကြေးခွဲရာက စတာ။ ရွာမှာအိန္ဒြေသိက္ခာရှိတဲ့ အမျိုးကောင်းသားသမီးလေးတွေဆို သာဝတို့လူမိုက်တွေရှေ့ ဖြတ်တောင်မလျှောက်ရဲလောက်အောင် စော်ကားရိုင်းပြကြတာ။ ရွာကလူကြီးတွေကတော့ အားမတန်မာန်လျော့ လို့ ‘ကံရဲ့အကျိုးပေးအတိုင်းပေါ့’ ဆိုတဲ့ ပုံသေယုတ္တိဗေဒနဲ့ပဲခေါင်းရှောင်သူကရှောင်ကုန်ကြပေါ့။
လူငယ်အုပ်စုတွေကတော့ သာဝတို့ ဗိုလ်ကျလွှမ်းမိုးတာကို မခံဘူးဆိုပြီး တုတ်ဆွဲ၊ ဓားဆွဲနဲ့ ထပုန်ကန်ကြပါလေရော။ သာဝဆိုတာကလည်း ‘ဘာမဆိုမှုတ်ရဲသူ’ ဆိုပြီး နာမည်ကြီးလှသပေါ့။ လူငယ်တွေက ‘မှုတ်ရဲသူကိုတုတ်ဆွဲပေးမဟ’ ရယ်လို့ ကြွေးကြော်ပြီး ဟိုလှန်ပြ ဒီလှန်ပြလုပ်ကြလို့ ဘိုလ်တောကျော် မနည်းတားယူရသေးတယ်။ ဒီလိုနဲ့ဘိုလ်တောကျော်လည်းမနေသာတော့ပဲ လူငယ်တွေနဲ့ပေါင်းသင်းဆက်ဆံနေမိပြန်တယ်။
ဒီတော့လည်း ဘိုလ်တောကျော်ခမျှာမှာ တတ်သိပညာမနေသာဆိုသလိုဖတ်ဖူး၊ မှတ်ဖူး၊ ကြားဖူးတာတွေနဲ့ ပြောက်ကျားစစ်အခြေခံတွေ ရွတ်ပြရတော့တာပ။ ဆိုကြပါစို့ ဖန်တရာတေနေတဲ့ “ ရန်နားငါရှုပ်။ ရန်ပြေးငါလိုက် တွေနဲ့အတူ “လျိူ့ဝှက်ချက်ကို မျက်လုံးအိမ်သဖွယ်သဘောတား” ဆိုတာတွေသင်ပြပေးရသေးတယ်။ ဗျူဟာအရ “ကျေးလက်ကိုအခြေခံပြီးမြို့ကိုဝိုင်း” ဆိုတဲ့သီအိုရီကို လက်တွေ့အသုံးချဖိုလည်း အထပ်ထပ်မှာရသေးသပေါ့။
အခုတော့ အတော်လေးအခြေနေကောင်းနေပြပြီ။ လူငယ်ပုန်ကန်ရေးအင်အာစုတွေကတဖြည်းဖြည်း အသာစီးရလာတယ်။ သာဝတို့နယ်ကျော်လူမိုက်ကြီးတွေ သူတို့ခြံဝင်းအပြင်မထွက်ရဲလောက်အောင် ထိတ်လန့်နေကြပြီ။ လူငယ်တွေကလည်း တယောက်ရတယောက် နှစ်ယောက်ရနှစ်ယောက် အမှည့်ခြွေနေကြပေသကိုး။ ကြာလာတော့ သာဝတို့လည်း သူလိုလူမိုက်ဂိုဏ်းတွေနဲ့ မိတ်ဆွေဖွဲ့လာပြီ။ ပန်းပဲဆရာကြီးကိုဝက်ဝံနဲ့နဲ့လည်းလက် နက်ရဖို့ ရိုကျိုး အောက်ကျခံရပြီ။ ကိုနဂါးကိုလည်း ပသရပြီ။ ပွဲစားကြီးကိုသာကောကိုလည်း ခယ,ကြရပြီ။
ဘိုလ်တောကျော်လည်း လူငယ်တွေနဲ့အဆက်ပြတ်နေတာကြာပြီ။ သူတို့အခြေနေကိုတဆင့်ကြားနဲ့ပီတီဖြစ် နေရတာကြာပြီ။ အနိုင်ရနေတာလည်းမြင်တွေ့နေရပြီ။ ဆိုတော့ ဘိုလ်တောကျော်လည်း ရွာနီးနားချင်းဖြစ်တဲ့ဓနမဲ့အာဏာရှင်ကြီး ကိုနဂါးတို့ပွဲစားကြီး ကိုသာကောရွာဘက် ခြေဦးလှည့်ဖြစ်သပ။
ကိုသာကောအိမ်ရှေ့ရောက်တော့ အိမ်အဝင်မှာတွေ့ရတဲ့ အထိန်းအမတ်တိုင်ကြီးတွေ့တော့ ဘိုလ်တောကျော် ပြုံးချင်သလိုလို။ မပြုံးနေနိုင်ရို းလား။ ဆန်ဖွတ်တဲ့မောင်းတုန်းကြီးဖြတ်ပြီး မောင်းတုန်းထိပ်မှာထောင် ထားတဲ့ ‘တူနဲ့တံဇဉ်’ ပုံကိုအရင်တွေ့လိုက်ရပေသကိုး။ တတ်လည်းတတ် နိုင်ပါပေ့ ကိုသာကောရယ်။
ဒီမောင်းတုန်းကြီးကိုဦးသာကောကဒေါ်ဘုမဆီက ဆန်တအိတ်နဲ့လဲခဲ့သတဲ့။ မောင်းတုန်းကြီးလည်း သာကောလက်ထဲရောက်တာနဲ့တပြိုင်တည်း ဒေါ်ဘုမလည်းအလုပ်လက်မဲ့ဘဝရောက်ပါလေရော။ အခုတော့ ဒေါ်ဘုမခမျှာ ကိုသာကောအိမ်မှာ ထမင်းစားကျွန်ခံဘဝ ရောက်ရှာပေါ့။
ဒေါ်ဘုမတင်မဟုတ်သေးဘူး။ ဟိုပန်းပဲဆရာကိုတုတ်ကြီးရဲ့အလုပ်သမားလက်နက်ဖြစ်တဲ့ “တူ” လည်း ကိုသာကောလက်ထဲရောက်ပြန်ပြီ။ အဲ့ဒီကတည်းက ဘိုလ်တောကျော်တို့တနယ်လုံးကိုတုတ်ကြီးရဲ့တူသံပေသံမကြားရတော့ဘူး။ ဒါက ဘာဟုတ်မတုန်း။ သူ့ထက်ကဲရွှေပြည်စိုးက ရှိသေး။ လယ်သမားကြီးကိုသာအောင်ရဲ့ ‘တံဇဉ်’ကိုလည်း ကိုသာကောပဲဝယ်ပြီး စောင့်ရှောက်ပေးရှာသေးသတဲ့ဗျာ။ သနားစရာ ကိုတုတ်ကြီးနဲ့ ကိုသာအောင်လည်းသာကောအိမ်မှာထင်းခွေ၊ ရေခပ်၊ ပီကင်းဘဲတွေအစာကြွေးတဲ့အလုပ်နဲ့ထမင်းနပ်မှန်အောင် ကြံဖန်နေရရှာသတဲ့။
အဲ့ဒီကတည်းကဘိုလ်တောကျော်တို့ နယ်တခုလုံးပွဲစားကြီးကိုသာကောကုန်စုံဆိုင်မှာဆန်ဝယ်ရ။ ဆီဝယ်ရ။ ဓားဝယ်ရ။ လိုသမျှဝယ်ရပေါ့။ ကိုသာကောကုန်စုံဆိုင်ကပစ္စည်းသာ အမျိုးမမှန်တာ ‘ရိုးကုန်တိုက်ကြီး’လိုပဲအပ်ကအစတင့်ကားအဆုံးအမြောက်ထိရသတဲ့။ အတုလားအစစ်လားမမေးနဲ့။ ‘တရက်နဲ့စုတ်တဲ့ တာကောစက်’ဆိုပြီးတို့ဘုရားသာသနာမှာစက်ကြီး ၁၃ ပါးတောင် ဖြစ်သွားပါရောလား။
ကိုသာကောကတော့ ဒေါ်ဘုမရဲ့ မောင်းတုန်းကြီးကိုတဝက်ကနေဖြတ်၊ ရွေဘော်ထို့ ဆေးသုပ်ပြီးခြံဝင်းအဝင် မှာထောင်လိုက်တယ်။ မောင်းတုန်ထိပ်မှာတော့ ပန်းပဲအလုပ်သမားကိုတုပ်ကြီးဆီက ‘တူ’ရယ် လယ်သမားကြီးဦးသာအောင်ဆီက ‘တံဇဉ်’ရယ်ကိုထွင်းထည့်လိုက်တယ်။ အိမ်ဝမှာ ‘တူ၊တံဇဉ်ကြီး’က ကြွားကြွားရွားရွား။ ကိုသာကောတို့ ‘အင်တာနေရှင်းနယ်’လုပ်နေပုံများပြောပါတယ်။
အဲ့ဒါကိုကြည့်ပြီးဘိုလ်တောကျော်ပြုံးနေတာ။ စိတ်ထဲကလည်း “အင်းတူတံဇဉ် ဦးထိပ်ပန်တဲ့သူကလည်းသာဝလို ‘နာဇီပါတီဗမာပြည်ကောင်’ နဲ့ ပါတီချင်းဆက်ဆံရေးရှိနေပြီကိုး” လို့ တကိုယ်စာရေရွတ်လိုက်မိသေးရဲ့။ ပြောလို့သာပြောရတာပါ။ တလောကလုံးမှာ ‘ကိုလိုနီနဲ့ အင်တာနေရှင်နယ်’ ပဲကြီးစိုးနေတာထင်ပ။ ဝေါဟာရပဲ ကွဲသလား အသွင် သဏ္ဍန်နဲ့အနှစ်သာရမှာရော ဘာများကွာပါလိမ့် လို့ တွေးမရဖြစ်မိသေး။
သေချာတာက လောကကြီးမှာ‘ရှင်’ သုံးရှင်’ အုပ်ချုပ်နေတာအမှန်။ ဒုတိယကမ္ဘာစစ်ကာလကတော့ ၁။ အရင်းရှင်၊၂။ ဖက်ဆစ်(ဝါ)နာဇီအာဏာရှင်နဲ့ ၃။ တူတံဇဉ်အာဏာရှင် တို့ပေါ့။ ဒီတုန်းကတော့ တူတံဇဉ်အာဏာရှင်တို့က မိုက်ရိုင်းဆိုးသွမ်းလွန်းတဲ့ ဖက်ဆစ်နာဇီအာဏာရှင်ကိုအရင်းရှင်နဲ့ပေါင်းပြီး တိုက်ထုတ်ခဲ့ဖူးတာ သတိရမိသေးရဲ့။
ဒုတိယကမ္ဘာစစ်ကြီးပြီးတော့ ကမြူးရဲ့ ပလိပ်ဝတ္ထုထဲကပြောသလို “ဘယ်ချောင်ကြား၊ ထရံကြိုထရံကြား၊ အိမ်သာကြိုအိမ်သာကြားမှာပလိပ်ပိုးဟာ တွယ်ကပ်ပြီ းပြန်ပေါ်လာလေအုံးမလဲ” ဆိုစကားအတိုင်းပဲ ဖက်ဆစ်နာဇီအာဏာရှင်တို့ မှေးမှိန်သွားပေမယ့် အိမ်သာကြိုအိမ်သာကြားမှာ တွယ် ကပ်နေတဲ့ ပလိပ်ပိုးဟာ သူ့ထက်ဆိုးတဲ့ ‘စစ်အာဏာရှင်နာဇီဆိုး’ ကိုမွေးထုတ်ပေးလိုက်ပြီ။ ‘နာဇီပါတီဗမာပြည်’ လည်း အပါအဝင် ဖြစ်ပေတာပေါ့။
အခုတော့ တူတံဇဉ်အာဏာရှင်တို့ တတိယကမ္ဘာစစ်မတိုင်မီ သူတော်အချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက် တွေ့ကြပြီ။ ဒီတကြိမ်မှာတော့ ‘အရင်းရှင်’ ဆိုသဟာကြီးကို တိုက်ထုတ်ဖို့ ‘ရှင်နှစ်ရှင်’ ဖြစ်တဲ့ တူတံဇဉ်အာ ဏာရှင် နဲ့ နာဇီစစ်အာဏာရှင်တို့ ပူးပေါင်းလိုက်ကြပြီထင်ပါရဲ့။ ပါတီချင်းဆက်ဆံရေးလေလား။ ဒီမိုကရေစီ ကိုလိုနီကိုနှိမ်နင်းဖို့လည်း ဖြစ်မယ်ထင်ပါရဲ့။ ဒါဟာတတိယကမ္ဘာစစ်ကြိုကာလရဲ့ထူးခြားချက်ပဲ။ ဒီမိုကရေစီကိုလိုနီတို့ကလည်း ဒီမိုကရေစီဆိုတဲ့အတိုင်း တကွဲတပြားစီပဲ။ ဇလန်စကီးက ပြောတယ်။
“ဒီမိုကရေစီနိုင်ငံတိုင်းကသာ အပြန်အလှန်အကူညီပေးကြမယ်ဆိုရင် အာဏာရှင်တွေနဲ့ ကျူးကျော်စစ်ဆိုတာမရှိနိုင်တော့ဘူး” တဲ့။ ဟုတ်နေတာပါပဲလေ။ ကျန်တဲ့ ‘ရှင်နှစ်ရှင်’ ကတော့ ညီသဗျား။ မိစ္ဆာအချင်းချင်းဆက်ဆံရေးနဲ့ ရှင်နှစ်ရှင် အုပ်စိုးချယ်လှယ်ရေးဘက်ကို မျက်ခြေမပြတ်အစဉ်တစိုက် ဦးတည်နေလေရဲ့။ သူတို့ဦးတည်တိုက်နေတာက အဖိနှိပ်ခံ ‘တူတံဇဉ်’တွေဆိုတာ မေ့လျော့နေပုံပါပဲကလား။ မေ့လျော့တာလားအာ ဏာရှင်ချင်းတန်းညှိလေသလား။ ဇာတိရုပ်ပဲပေါ်လာလေသလားမသိတော့။
ဘိုလ်တောကျော်ဟာ ကိုသာကောရဲ့’တူတံဇဉ်အထိန်းမတ်’ မောင်းတုန်းကြီးရှေ့မှာ အတန်ကြအထိသမာပတ်ဝင်စားနေမိတယ်။ အိမ်နီးနားချင်းကတော့ ကောင်းစရာတကွက်မှမရှိတော့။ အိမ်နီးနာချင်းမကောင်းအောင်လည်း ကိုရင်သာကောက ‘ဆင်းရဲမွဲတေတဲ့ကျေးလက်ကိုအခြေခံပြီးမြို့ကိုပတ်ဝိုင်း’ သလိုသာဝတို့လူမိုက်တစုကို ပုန်ကန်မယ်ပြင်နေတဲ့ ရွာနီး ချုပ်စပ်ပုန်ကန်အဖွဲ့တွေကို အကြွေးနွံထဲပို့ပြီး ဝိုင်းပတ်ခိုင်းထားလိုက်ပြီပဲ။ တဘက်ကလည်း ထန်းလျက်ကြွေးအငြိမ်ခိုင်းထားလိုက်သလိုပါပဲ။
ဒါပေမယ့် သာကောမသိတာက ‘လူငယ်ဆိုတာအနာဂတ်ရဲ့လူကြီးတွေ’။အနာဂတ်မှာလူငယ်တွေနဲ့ သာကော အဆင်ပြေနိုင်ပါ့မလား။ လူငယ်အား လုံး သာကောကိုပါ ဆန့်ကျင်လာကြမှာကိုမေ့လျော့နေလေသလား။အိမ်နီးချင်းမကောင်းပေမယ့် လင်ကောင်းရအောင် ကိုယ့်အားကိုယ်ကိုးနေတဲ့ ဗမာ့အမျိုးကောင်းသားသမီးလူငယ်ထုကို လျော့တွက်မိလေရော့သလား။ ဘိုလ်တောကျော် အကြိမ်ကြိမ်စဉ်းစားရင်းလက်သီးကိုကျစ် ကျစ်ပါအောင်ဆုပ်ကာ ဗမာပြည်နဲ့ ပတ်သက်ရင် “ရှင်နှစ်ရှင်ကျဆုံးပါစေ..။ လူငယ်ထုရဲ့ဂိမ္မာန်ဦးတော်လှန်ရေး အောင်မြင်ပါစေ…’ ဟူ၍သာ..။
ဤတွင် ‘တောင်ဆော်မြောက်ဆော် ဘိုလ်တောကျော်’ ၏အပိုင်းတစ် ပြီးသတည်း။ ရှင်နှစ်ရှင်ရဲ့ဘောမအပေါင်းေဩာင်းနမောဒူဝေ…ဒူဝေ… ဆဲဆိုနိုင်ကြစေသတည်း။
ဘိုလ်တောကျော်
-
#MoeMaKaMedia
#WhatsHappeningInMyanmar