Breaking News

မောင်လူပေ - တရုတ်၊ အမေရိကား နဲ့ ရှန်ဂရီလာစကားဝိုင်း နဲ့ မြန်မာ့နွေဦး

မောင်လူပေ - တရုတ်၊ အမေရိကား နဲ့ ရှန်ဂရီလာစကားဝိုင်း နဲ့ မြန်မာ့နွေဦး

(မိုးမခ) ဇွန် ၄ ၊ ၂၀၂၃

ကမ္ဘာ့လုံခြုံရေးအတွက် အရေးကြီးတဲ့ ရှန်ဂရီလာစကားဝိုင်းကို စင်ကာပူနိုင်ငံမှာ အကြိမ် ၂၀  မြောက်အဖြစ် ကျင်းပရာမှာ တရုတ် နဲ့ အမေရိကား ကာကွယ်ရေးဝန်ကြီးတွေ အပါအဝင် နိုင်ငံကြီးအများအပြားက ခေါင်းဆောင်တွေ တက်ရောက်ကြတယ်။

အမေရိကား နဲ့ တရုတ်ပြည်တို့ ဆက်ဆံရေး အလွန်ဆိုးဝါးနေချိန်ဖြစ်တဲ့အတွက် ဒီစကားဝိုင်းတွေ့ဆုံပွဲဟာ မြန်မာ အပါအဝင် ဒေသတွင်းနိုင်ငံတွေအတွက် အလွန်အရေးကြီးပါတယ်။ 

အရင်၂၀၁၉ ရှန်ဂရီလာစကားဝိုင်းမှာ "ဆင်တွေရန်ဖြစ်လည်း မြက်ပင်နာတာပဲ၊ ဆင်တွေချစ်ရည်လူးလည်း မြက်ပင်နာတာပဲ။" လို့ စင်္ကာပူဝန်ကြီးချုပ်လီ က ပြောခဲ့ဖူးတယ်။ မြန်မာစကားပုံဆိုရရင်" ကျွဲနှစ်ကောင်ကြားက မြေစာပင်ဘဝ" တွေပေါ့။ အာရှမှာစစ်ဖြစ်ရင် နိုင်ငံငယ်တွေက မြေစာပင်ဖြစ်မှာပါပဲ။

တရုတ် အမေရိကန် စစ်အင်အားကြီး နိုင်ငံနှစ်ခုရဲ့ ရန်စောင်မှုက ကမ္ဘာစစ်ဆီကို ဦးတည်နေတယ်လို့ ပညာရှင်အများစုက ယူဆကြတယ်။ တောင်တရုတ်ပင်လယ်အတွင်း အငြင်းပွားဒေသမှာ စစ်ရေး တိုးချဲ့နေသလို တိုင်ဝမ်ကိစ္စ စစ်ရေးနဲ့ဖြေရှင်းဖို့ကို လက်လျှော့မှာမဟုတ်ကြောင်း ထပ်မံအတည်ပြုတဲ့အပြင် အမေရိကားနဲ့ တရုတ် ကာကွယ်ရေးဝန်ကြီးတွေ ရှန်ဂရီလာစကားဝိုင်းအပြီး တွေ့ဆုံကြဖို့ ကမ်းလှမ်းမှုကို တရုတ်က ပယ်ချခဲ့တယ်။ တရုတ်နိုင်ငံ လုံခြုံမှုအကြံပေးအဖွဲ့ကိုလည်း ပြင်းထန်တဲ့ မုန်တိုင်းကြီးနဲ့ ရင်ဆိုင်နိုင်ဖို့ အသင့်ပြင်ထားပါလို့ တရုတ်သမ္မတစီက သတိပေးထားတယ်။ ယူကရိန်း ကျူးကျော်စစ်မှာ ရုရှားဘက်က ပြောင်ပြောင်တင်းတင်း ရပ်တည်ထားပြီး အနောက်နိုင်ငံတွေရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ တရုတ်ရဲ့ ခြေလှမ်းတွေဟာ နောက်ထပ်စစ်ပွဲတစ်ခုဆီကို ဦးတည်နေတာ သိသာလွန်းပါတယ်။

အချိန်တိုအတွင်းမှာ စစ်အင်အားကို အရှိန်အဟုန်နဲ့ ချဲ့ထွင်နေတဲ့ ယနေ့ တရုတ်ပြည်ကို ကြည့်ရင် တိုင်ဝမ်ကို ဝင်သိမ်းမှာလားဆိုတာ မေးစရာမေးခွန်း မဟုတ်တော့ဘူး။ ဘယ်တော့ဝင်သိမ်းမှာလဲလို့သာ မေးရတော့မယ်။ 

တရုတ်ရေတပ်ကြီးဟာ စစ်သင်္ဘောစီးရေ အရေအတွက်အရ ကမ္ဘာ့အကြီးဆုံးရေတပ်ကြီး ဖြစ်သွားပါပြီ။ စစ်သင်္ဘောအရေအတွက် ၃၅၀ အထိ တာဝန်ထမ်းဆောင်နေပြီး သင်္ဘောသစ်တွေကိုအရှိန်အဟုန်နဲ့ တည်ဆောက်နေတဲ့အတွက် ၂၀၃၀မှာ စီးရေ ၄၄၀ အထိ တိုးတက်လာမှာဖြစ်တယ်။မနှစ်က တစ်နှစ်တည်းအတွင်းမှာ အဓိကစစ်သင်္ဘောကြီး ၁၇ စီးအထိ ရေချပြီး တာဝန်ယူစေခဲ့တယ်။ အမေရိကန်ရေတပ်မှာသင်္ဘောစီးရေ ၃၀၀ နီးပါးမျှသာ တာဝန်ထမ်းဆောင်နေတယ်။ တရုတ်လေတပ်မှာလည်း J-20 လို ကိုယ်ပျောက်ခေတ်မီတိုက်လေယာဉ်တွေ စီးရေ ၁၅၀ ကျော်အထိ တာဝန်ထမ်းဆောင်နေပြီဖြစ်သလို အသံထက်မြန်တဲ့ သင်္ဘောဖျက် တိုက်ချင်းပစ်ဒုံးပျံတွေတပ်ဆင်ထားနိုင်ပြီ ဖြစ်တယ်။ 

တရုတ်ပြည်ရဲ့ စစ်ရေးအလွန်အမင်း ချဲ့ထွင်လာမှုဟာ ဒေသတွင်းနိုင်ငံများအတွက် စိတ်ပူစရာပါပဲ။ဂျပန်၊ တောင်ကိုးရီးယား စတဲ့ နိုင်ငံကြီးတွေရဲ့ ရေတပ်တွေဟာ အရင်ထဲက တရုတ်ရေတပ်ကို ယှဉ်နိုင်စွမ်း မရှိပါဘူး။ တရုတ်အနေနဲ့ အချိန်တိုအတွင်း ခေတ်မီရေတပ်၊ လေတပ်ဖြစ်အောင် အလျင်အမြန် ရေတပ်ကို တိုးချဲ့နေတာဟာ (၂၀၅၀) မှာ PLA ခေါ် တရုတ်လွတ်မြောက်ရေးတပ်ကြီးဟာ ကမ္ဘာ့ခေတ်မီစစ်တပ်ကြီး ဖြစ်စေရမယ် ဆိုတဲ့ သမ္မတ စီရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်။ 

စစ်သင်္ဘောအရေအတွက်မှာ သာလွန်သလို တိုင်ဝမ်ရေလက်ကြားသာခြားထားတဲ့အတွက် တရုတ်အနေနဲ့ တိုင်ဝမ်ကို စစ်အင်အားအလုံးအရင်းနဲ့ဝင်သိမ်းမယ်ဆိုရင် အသာစီးရနိုင်တဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ စစ်ရေးအတွေ့အကြုံနဲ့ စစ်သင်္ဘောတွေရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်မှာတော့ အမေရိကန်ရေတပ်ကို တရုတ်ရေတပ်က မမှီနိုင်သေးပါဘူး။ ဒါကြောင့်လည်း ဒီအချိန်မှာစစ်ဖြစ်ရင် အဆုံးအရှုံးကြီးမားမယ်ဆိုတာ နားလည်တဲ့အတွက် နန်စီပလိုစီခရီးစဉ်တွေမှာ မတတ်သာတဲ့အတွက် အလျှော့ပေးခဲ့ရတယ်။

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ပြီး တောင်တရုတ်ပင်လယ်ထဲက နိုင်ငံအများစုနဲ့ မဟာမိတ်လုပ်ထားနိုင်သူက အမေရိကား ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်နဲ့နယ်မြေပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ ဖိလစ်ပိုင်မှာ စစ်အခြေစိုက်စခန်းလေးခု ဖွင့်လှစ်ခွင့်ရထားပြီး မြောက်ပိုင်းစခန်းတစ်ခုက တရုတ်နဲ့ အနီးဆုံးအနေအထားဖြစ်တယ်။ စင်္ကာပူဆိပ်ကမ်းကို စစ်ရေးလိုအပ်ချက်ရှိရင် သုံးခွင့်ရယူထားတယ်။ တောင်ကိုးရီးယားမှာ နျူကလီယားရေငုပ်သင်္ဘောအုပ်စု ဆိုက်ကပ်ဖို့ ထပ်မံသဘောတူချက် ရထားတယ်။ ဂျပန်က စစ်အခြေစိုက်စခန်းကို အင်အားတိုးချဲ့ထားတယ်။ ဂျပန်၊အိန္ဒိယ၊ ဩစတေးလျှတို့ပါဝင်တဲ့ Quad ကို ဖွဲ့ထားပြီး အိန္ဒိယသမုဒ္ဒရာကို စိုးမိုးမဲ့ တရုတ်ရဲ့ရန်ကို ဟန့်တားထားတယ်။ 

"နှစ်နိုင်ငံကြားမှာ ပြဿနာတွေဖြစ်မလာစေရေး စေ့စပ်စကားပြောဖို့ တရုတ်က စိတ်ဝင်စားမှုမပြတာဟာ စိုးရိမ်စရာ ဖြစ်ရတယ်။ များများတွေ့၊ များများပြောမှ ပြဿနာရဲ့ရင်းမြစ်ဖြစ်တဲ့အထင်လွဲမှုတွေကို ဖြေရှင်းနိုင်မယ်" လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ၂၀၂၃ ရဲ့ ရှန်ဂရီလာစကားဝိုင်းမိန့်ခွန်းမှာ ပြောခဲ့တယ်။

တွီတာလူမှုကွန်ရက်မှာလည်း ဝန်ကြီးက "အပြည်ပြည်ဆိုင်ရာ လေပိုင်နက်မှာ ပျံသန်းနေတဲ့ အမေရိကန်နဲ့ မဟာမိတ်တို့ရဲ့ လေယာဉ်တွေကို တရုတ်လေယာဉ်က ကြားဖြတ်ဟန့်တားတာမျိုးဟာ အန္တရာယ်ကြီးတယ်။ အမေရိကန်တွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်း၊လေကြောင်းသွားလာရေးမှာ အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကို လမ်းလွှဲပေးပြီး မသိချင်ယောင်ဆောင်နေမှာ မဟုတ်ဘူး။ ခေါင်းဆောင်ကောင်းဆိုတာ ဆွေးနွေးသင့်ချိန်မှာ ဆွေးနွေးရမယ်။ ဒီအချိန်ဟာ ဆွေးနွေးရမယ့် အချိန်ပဲ။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ လိုအပ်ချက် ဖြစ်တယ်၊ ဆုလာဘ်လို စောင့်ဖို့ မလိုဘူး" လို့ အစည်းအဝေးမစတင်မီ ရေးခဲ့တယ်။ 

၂၀၂၃ ရဲ့ ရှန်ဂရီလာစကားဝိုင်းမှာ ပြောခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းကို တရုတ်ဘက်ကလည်း သူ့ထုံးစံအတိုင်း အလျှော့မပေး တုံ့ပြန်ပါတယ်။

"အမေရိကန်က တရုတ်ကို မဟုတ်မမှန်စွပ်စွဲမှုသာ ဖြစ်တယ်။ တရုတ်ကို ဘာလုပ်ပါလို့ အမိန့်ပေးစရာ မလိုဘူး။ တရုတ်က အဓိကဖြစ်တဲ့ သူ့နိုင်ငံလုံခြုံရေးအတွက် ထိန်းသိမ်းဆောင်ရွက်တာဖြစ်တယ်။ တောင်တရုတ်ပင်လယ်ပိုင်နက်၊ တိုင်ဝမ်နဲ့ တရုတ်ပြည်ဟာ တစ်နိုင်ငံတည်းဖြစ်လို့ သူ့တိုင်းပြည် ကာကွယ်ဖို့ တရုတ်စစ်တပ်က အဆင်သင့်ပဲ။" လို့ တရုတ်က တုံ့ပြန်တာကဟာ တိုင်ဝမ် ကိစ္စကို တရုတ်က အထိမခံဘဲ တိုင်ဝမ်ကို လက်နက်ရောင်းတာ၊ အမေရိကန် ခေါင်းဆောင်တွေ  အစိုးရအနေနဲ့ တိုင်ဝမ်ကို တရားဝင်လာရောက်တာတွေလည်း လက်မခံကြောင်း ထပ်ပြောတဲ့သဘောပါပဲ။ 

တရုတ်နဲ့ အမေရိကန်တွေ ပြဿနာတက်ပြီး ဆက်ဆံရေးဆိုးဝါးမှုဟာ မြန်မာ့နွေဦးလှုပ်ရှားမှုကို အများကြီးသက်ရောက်မှုရှိပါတယ်။ တော်လှန်ရေးအရွေ့ဟာ ပြည်သူ့အားနဲ့ လှုပ်ရှားနေခြင်းသာဖြစ်ပေမဲ့ မိတ်ဖက်အင်အားစုဖြစ်တဲ့ တိုင်းရင်းသားအင်အားစုတချို့ဟာ အိမ်နီးချင်း တရုတ်ကို မှီခိုအားထားရတာမို့ ဩဇာကို မလွန်ဆန်ရဲတဲ့ အခြေအနေပါ။ လောလောဆယ်မှာ တရုတ်အထူးကိုယ်စားလှယ်အသစ်ရဲ့ ခြေလှမ်းတွေကို ကြည့်ရင်သိနိုင်တယ်။

" အမေရိကန်တွေရဲ့ NDAA မှာ မြန်မာပြည်အရေး ပါဝင်လာထဲက တရုတ်ရဲ့ ရပ်တည်ချက်က ပြောင်းသွားတာပဲ။ ပြည်သူ့ဆန္ဒတို့ ၊ NLD တို့ ၊ ဒေါ်စုတို့ကို တရုတ်က ဂရုမစိုက်တော့ဘူး။ လက်ရှိစစ်ခေါင်းဆောင်တွေ ဆက်လက်တည်ရှိမှုကို လိုလားကြောင်း ပေါ်ပေါ်တင်တင် ပြလာတယ်၊ စစ်တပ်နဲ့ NLD ညှိပြီး အရင်လိုပဲ ဆက်သွားကြလို့ မြန်မာပြည်တွင်းရေးကို ပြောင်ကျကျ စွက်ဖက်တယ်၊ အိမ်နီးချင်း မြန်မာမှာဖက်ဒရယ်စနစ် ဖြစ်လာမှာ လုံးဝ မလိုလားတဲ့အတွက် မြန်မာ့နွေဦးရဲ့ အရွေ့မှန်သမျှကို တားမြစ်ဖို့ ကြိုးစားလာတယ်။ ဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရုတ်ရဲ့ စွက်ဖက်မှုကို ဘယ်လိုတုံ့ပြန်မှာလဲဆိုတာ အလွန်အရေးကြီးတဲ့အချိန် ရောက်လာပြီ။ စစ်အစိုးရ လုပ်သလို တဖက်ဖက်ကို အပြတ်ယိမ်းမှာလား။ အရင်လိုပဲ နှစ်နိုင်ငံကြားမှာ ကြားနေဆက်ဆံရေးဆိုပြီး ဆက်သွားမှာလား စဉ်းစားရတော့မယ်" လို့ နိုင်ငံရေးသမားကြီးတစ်ဦးက ဆိုပါတယ်။ 

ကျွန်တော့အမြင်ကတော့ ဆုလာဘ်ဆိုတာ အောင်နိုင်သူအတွက်သာဖြစ်တယ်။ အောင်နိုင်သူအတွက် ဂုဏ်ပြုမယ့်သူက သူ့ဟာသူ ရောက်လာမှာပဲ။ 

စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးဆိုတဲ့ နွေဦးတော်လှန်ရေးဟာ အောင်ပွဲရောင်နီလာရာလမ်းပေါ် ရောက်ရှိနေပါပြီ။ မြန်မာပြည်သူလူထုကြီးရဲ့ တခဲနက်သော ငွေကြေးထောက်ပံ့မှုတွေသာ အလျင်အမြန်ရခဲ့ရင် ပိုပြီးမြန်ဆန်ပါလိမ့်မယ်။ တသံတည်းညီ တချီတည်းရုန်းပြီး စစ်အာဏာရှင်အောက်က လွတ်မြောက်ဖို့ နွေဦးတော်လှန်ရေးကို အင်တိုက်အားတိုက်ထောက်ပံ့ပေးကြဖို့ တိုက်တွန်းအပ်ပါတယ်။ အောင်ပွဲနဲ့အတူ ပြည်တော်ဝင်ကြဖို့ မဝေးတော့ပါဘူးလို့ ဆိုပါရစေ။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar