Breaking News

ကိုအောင်မှိုင်း - မအောင်မြင်သော အာဏာသိမ်းမှု

ကိုအောင်မှိုင်း - မအောင်မြင်သော အာဏာသိမ်းမှု

(မိုးမခ) ဇွန် ၄ ၊ ၂၀၂၃


Coup d’état လို့လည်း တချို့က ခေါ်ကြတယ်။ တချို့ကလည်း coup လို့လည်း သုံးကြတယ်။ အဓိက ကတော့ အာဏာသိမ်းမှုကို ဆိုလိုတာပါ။ လက်ရှိအစိုးရကို လူတစုက ရုတ်ခြည်း အကြမ်းဖက် ဖြုတ်ချခြင်းပဲ ဖြစ်ပါတယ်။ 

အာဏာသိမ်းဖို့အတွက် အဓိကလိုအပ်ချက်က လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရဲတပ်ဖွဲ့နဲ့ အခြား စစ်ဘက်ဆိုင်ရာ အစိတ်အပိုင်းအားလုံး ထိန်းချုပ်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အခြေခံကျတဲ့ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအပြောင်းအလဲတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ လူထုရဲ့အောင်မြင်တဲ့ တော်လှန်ရေးနဲ့ လုံးဝ မတူတာတွေ့ရမှာ ဖြစ်ပါတယ်။

အာဏာသိမ်းခြင်း ဆိုတာ လူထုတော်လှန်ရေးမဟုတ်ဘဲ ထိပ်တန်းအစိုးရအရာရှိတချို့ရဲ့ ရုတ်ခြည်း အာဏာအစားထိုးမှုသာ ဖြစ်တဲ့အတွက် ပြည်သူလူထုအများစုမှာ အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုတွေ မကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားကြရလေ့ရှိပါတယ်။ အာဏာသိမ်းမှုတိုင်းဟာ တရားဝင်မှုအရမဟုတ်ဘဲ အခြားနည်းသဏ္ဌာန်မျိုးစုံနဲ့ နိုင်ငံအာဏာကို ရယူကြခြင်းဖြစ်တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုခြင်းကို ခံရလေ့မရှိပါဘူး။ 

ဒီအတွက် အာဏာသိမ်းမှုတိုင်းဟာ ပြည်သူလူထုကို ကိုယ်စားပြုလေ့မရှိခြင်းဟာ တော်လှန်ရေးတရပ် ဆင်နွှဲခြင်းနဲ့ အဓိကကွာခြားခြင်းလို့ ဆိုနိုင်ပါတယ်။ သေချာတာကတော့ အာဏာသိမ်းမှုဆိုတာ ရာဇဝတ်မှု ကျူးလွန်ခြင်းသာ ဖြစ်တယ်လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။

Clayton Thyne နဲ့ Jonathan Power တို့ သုတေသနပြုချက်အရ ၁၉၅၀ က ၂၀၁၀ ခုနှစ်အတွင်း အာဏာသိမ်းရန် ကြိုးပမ်းမှု ၄၅၇ ကြိမ်ရှိပြီး ၂၂၇ ကြိမ် ( ၄၉.၇ ရာခိုင်နှုန်း) အောင်မြင်ခဲ့ပြီး ၂၃၀ ကြိမ် ( ၅၀.၃ ရာခိုင်နှုန်း ) မအောင်မြင်ခဲ့ကြောင်း တွေ့ရပါတယ်။ ယင်းအာဏာသိမ်းမှုများဟာ အာဖရိကနဲ့ အမေရိကတွေမှာ အဖြစ်အများဆုံး ( ၃၆.၅ ရာခိုင်နှုန်းမှ ၃၁.၉ ရာခိုင်နှုန်း ) အသီးသီးရှိကြတာ တွေ့ရပါတယ်။ 

အာရှနဲ့ အရှေ့အလယ်ပိုင်း မှာတော့ တကမ္ဘာလုံး အာဏာသိမ်းမှုစုစုပေါင်းရဲ့ ၁၃.၁ ရာခိုင်နှုန်း နဲ့ ၁၅.၈ ရာခိုင်နှုန်း အသီးသီးရှိကြတာ တွေ့ရပါတယ်။ ၁၉၇၀ ပြည့်နှစ်နဲ့ ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ အာဏာသိမ်းရန် ကြိုးပမ်းမှုတွေ များလာတာ တွေ့ရပြီး ၁၉၅၀ ပြည့်နှစ်က ၂၀၁၀ ပြည့်နှစ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ လက်တင်အမေရိကတွေမှာ အာဏာသိမ်းမှုအများစု မအောင်မြင်ခဲ့ကြောင်း တွေ့ရပါတယ်။ အာဖရိကနဲ့ အာရှနိုင်ငံများတွင်မူ အာဏာသိမ်းမှုများ အတန်ငယ် မြင့်မားလာသော်လည်း အောင်မြင်သော အာဏာသိမ်းမှု အရေအတွက်ဟာ အချိန်နဲ့အမျှ လျော့နည်းလာတာ တွေ့ရပါတယ်။

အာဏာသိမ်းမှုများမှ ဖြစ်နိုင်ခြေရလဒ်များကို ၂၀၁၆ ခုနှစ် လေ့လာမှုအရ အမျိုးအစား ၄ မျိုးအဖြစ် ခွဲခြားသတ်မှတ်ထားသည်။

၁။ မအောင်မြင်သော အာဏာသိမ်းခြင်း

၂။ ဖွဲ့စည်းအုပ်ချုပ်ပုံ စည်းမျဥ်းမပြောင်းလဲဘဲ အာဏာရှင် ပေါ်ပေါက်လာခြင်း

၃။ လက်ရှိအာဏာရှင်ကို အခြားအာဏာရှင်နဲ့ အစားထိုးခြင်း

၄။ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေးစီစနစ်ဖြင့် အစားထိုးခြင်း

အာဏာသိမ်းထောင်ချောက် Coup trap အာဏာသိမ်းအရေအတွက် တိုးပွားလာခြင်းကို အာဏာသိမ်းထောင်ချောက်ဟု သတ်မှတ်လေ့ရှိကြပါတယ်။

 ၂၀၁၄ ခုနှစ် လက်တင်အမေရိကနိုင်ငံ ၁၈ နိုင်ငံကို လေ့လာမှုအရ ပွင့်လင်းမြင်သာသော နိုင်ငံရေးပြိုင်ဆိုင်မှု ထူထောင်ခြင်းဟာ နိုင်ငံများကို အာဏာသိမ်းထောင်ချောက်မှ လွတ်မြောက်စေပြီး နိုင်ငံရေး မတည်ငြိမ်မှုသံသရာမှ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။ 

၂၀၁၈ ခုနှစ် လေ့လာမှုအရ စစ်တက္ကသိုလ်များ၊ စစ်ကျောင်းများ အများအပြား ဖွင့်လှစ်ခြင်းဟာ စစ်အာဏာသိမ်းမှုကို စေ့ဆော်အားပေးတယ်လို့လည်း တွေ့ရှိရပါတယ်။

အခြားတခုမှာ ပုံမှန်စစ်တပ်နဲ့အပြိုင် လက်နက်ကိုင် အဖွဲ့အစည်းများရှိသော နိုင်ငံများတွင် စစ်အာဏာသိမ်းမှုများကို ထင်ထင်ရှားရှား မြင်နိုင်တယ်လို့လည်း ဖော်ပြကြပါတယ်။ အခြားတခုက စစ်အာဏာသိမ်းနိုင်ငံများမှာ စစ်တပ်များရဲ့ ဖွဲ့စည်းတည်ဆောက်ပုံမှာ အရည်အချင်းအရ နေရာချထားမှုပေါ် မူမတည်ဘဲ သစ္စာစောင့်သိမှုပေါ် တွင်သာ အခြေခံတည်ဆောက်ခြင်းကြောင့်လည်း စစ်အာဏာသိမ်းမှုများ အလွယ်တကူ ဖြစ်ပေါ်စေတယ်လို့ စစ်တမ်းများမှာ ဖော်ပြကြတာ တွေ့ရပါတယ်။

နိုင်ငံရေး သိပ္ပံပညာရှင် Jay Ulfelder ကမူ စစ်အေးလွန်ခေတ် အာဏာသိမ်းမှုများတွင် မအောင်မြင်သော အာဏာသိမ်းမှုများကြောင့် လူ့အခွင့်အရေး ကျင့်ထုံးကျင့်ဝတ်များ ဆိုးဆိုးဝါးဝါး ထိခိုက် ယိုယွင်း ပျက်စီးသွားကြကြောင်းလည်း ထောက်ပြခဲ့ပါတယ်။

စစ်အသုံးစရိတ်ဟာ အာဏာသိမ်းမှုဖြစ်နိုင်ခြေကို ညွှန်ပြနေသလို နိုင်ငံအများအပြား အာဏာသိမ်းမှုများရဲ့ ၇၅ ရာခိုင်နှုန်းဟာ စစ်အသုံးစရိတ်နဲ့ ရေနံ ထွက်ရှိမှုတွေမှာ အမြစ်တွယ်နေတယ်လို့ Nordvik ထောက်ပြခဲ့ပါတယ်။

နိုင်ငံတကာတုံ့ပြန်မှု International response အာဖရိကသမဂ္ဂ (AU) နဲ့ အမေရိကန်ပြည်ထောင်စုများအဖွဲ့ (OAS) ကဲ့သို့သော အဖွဲ့အစည်းများဟာ အာဏာသိမ်းမှုဆန့်ကျင်ရေးအတွက် တိကျတဲ့မူတွေ ချမှတ်ထားကြောင်း တွေ့ရပါတယ်။ ပိတ်ဆို့ အရေးယူမှုများ ညှိနှိုင်းဆောင်ရွက်ခြင်း စတဲ့ အပေးအယူလုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်ကြသလို အခြားတဘက်ကလည်း ခြိမ်းခြောက်မှုများ ဝင်ရောက်စွက်ဖက်မှုများကိုလည်း ဆောင်ရွက်ကြတာ တွေ့ရပါတယ်။ 

များသောအားဖြင့် ထိုအဖွဲ့အစည်းများဟာ အာဏာသိမ်းမှုကို တားဆီးဖို့ တက်ကြွစွာ ကြိုးစားကြလေ့ရှိပါတယ်။ ၂၀၁၆ ခုနှစ် လေ့လာမှုတစ်ခုအရ AU ဟာ အာဖရိက အာဏာသိမ်းမှု လျှော့ချရာမှာ အဓိပ္ပာယ်ရှိတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်လို့ ကမ္ဘာက အသိအမှတ်ပြုခဲ့ပါတယ်။

နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကူအညီတွေ လျှော့ချခြင်း၊ ပိတ်ဆို့အရေးယူခြင်းများ ပြင်းပြင်းထန်ထန် ရှုတ်ချခြင်းများ ပြုလုပ်ကြပြီး အာဏာသိမ်းမှုတွေကို ဆန့်ကျင်လေ့ရှိပါတယ်။ 

ဒီနေရာမှာ အမေရိကန်ပြည်ထောင်စု အပါအဝင် နေတိုးအင်အားစုတွေကလည်း အကန့်အသတ်နဲ့ အာဏာသိမ်းမှုများကို ဆန့်ကျင်လေ့ရှိပါတယ်။ အမေရိကန်နိုင်ငံဟာ စစ်အေးကာလနဲ့ စစ်အေးလွန်ကာလများအတွင်း အာဏာသိမ်းမှုများအပေါ်  ပိတ်ဆို့ အရေးယူမှုများ ကျင့်သုံးရာမှာလည်း တသမတ်တည်း မရှိခဲ့တာ တွေ့ရလေ့ ရှိပါတယ်။ ဆိုလိုတာက အမေရိကန်နိုင်ငံဟာ ပထဝီဝင်နိုင်ငံရေးအရ အကျိုးစီးပွားများအပေါ် အခြေပြုဆောင်ရွက်လေ့ရှိတာ တွေ့ရတာ ဖြစ်ပါတယ်။

မအောင်မြင်သော အာဏာသိမ်းမှု Failed coup လူထု ထောက်ခံမှု မရရှိတဲ့ ဘယ်အာဏာသိမ်းမှုမှ အောင်မြင်တဲ့ အာဏာသိမ်းမှု မဖြစ်နိုင်သလို အများအားဖြင့် မအောင်မြင်တဲ့အာဏာသိမ်းမှု Failed coup များသာ ဖြစ်ကြတယ်လို့ သတ်မှတ်ချက်များ ထားရှိ သတ်မှတ်လေ့ရှိပါတယ်။

၁။ ဒီလောက် ရက်စက်ယုတ်မာလှတဲ့ စစ်တပ်ကို ဘယ်ပြည်သူက လက်ခံကြမလဲဆိုတာကတော့ မေးစရာမလိုတဲ့ မေးခွန်လို့ပဲ ပြောရမယ် ထင်ပါတယ်။ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း Assistance Association for Political Prisoners AAPP ရဲ့ စာရင်ဇယားများအရ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်ကပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၃ရက်နေ့အထိ ..... စုစုပေါင်း အဖမ်းအဆီး ၂၂၉၄၇ဦး (ထိန်းသိမ်းခံနေရဆဲ ၁၈၆၂၆ ဦး) ဖမ်းဆီးခံ အမျိုးသမီး ၄၆၀၅ဦး (ထိန်းသိမ်းခံနေရဆဲ ၃၅၄၅ဦး) ဖမ်းဆီးခံ ကလေးသူငယ် ၆၁၆ယောက် (ထိန်းသိမ်းခံနေရဆဲ ၅၀၀ဦး) စုစုပေါင်းသေဆုံး ၃၆၁၄ ဦး၊ အမျိုးသမီး သေဆုံး ၅၂၄ ဦး၊ ကလေးသူငယ် သေဆုံး ၃၆၃ ယောက်၊ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရသူများ ၁၂၄၁ ဦးရှိလာတာ တွေ့ရပါတယ်။

၂။ စစ်အာဏာသိမ်းမှုအလွန် အခုနှစ် ဇန်နဝါရီ ၁၅ ရက်အထိ လက်နက်ကိုင်ပဋိပက္ခနဲ့ တိုက်ပွဲဖြစ်စဉ်တွေအကြား နေအိမ်၊ အဆောက်အအုံ (ဘာသာရေး အဆောက်အအုံများ အပါအဝင်) ၅၇,၈၀၉ လုံး ထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကနေ အခုနှစ် ဇန်နဝါရီ လဝက်အတွင်းမှာပဲ နေအိမ်၊ အဆောက်အအုံပေါင်း ၁၉,၂၃၉ လုံးထက်မနည်း မီးရှို့ ဖျက်ဆီးခံခဲ့ရပါတယ်။ စစ်အာဏာသိမ်းမှုအလွန် နှစ်နှစ်တာကာလအတွင်း နိုင်ငံတဝန်းမှာ တိုက်ပွဲပေါင်း ၈,၀၀၀ ကျော် ဖြစ်ခဲ့ပါတယ်။( ISP- Myanmar )

၃။ စစ်အာဏာသိမ်းမှုအလွန် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်က နှစ်သန်းခွဲကျော် ရှိလာခဲ့ပါတယ်။ ( ISP-Myanmar )

၄။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD သတင်းများအရ ရန်သူစစ်သား ၂၉,၆၅၀ ဦးကို သုတ်သင်နိုင်ခဲ့ပြီ ၁၁,၂၃၀ ကို ထိခိုက်ဒဏ်ရာရစေခဲ့တယ်လို့ သိရပါတယ်။ CDM လုပ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာကြသူ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ က အင်အား ၁၃၀၀၀  ကျော်ရှိလာပြီလို့ သိရတော့ နှစ်နှစ်တာကာလအတွင်း လူထုရဲ့ ခုခံစစ်ဟာ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီအောက်မှာ ပြုန်းတီးမှုအင်အားဟာ ၅ သောင်းကျော်ရှိလာပြီလို့ သုံးသပ်ခန့်မှန်းကြသူတွေလည်း ရှိလာပါတယ်။

၅။ လူထုကလည်း ဒီလောက် ဖမ်းဆီးသတ်ဖြတ်နေတဲ့ကြားက silent strike ဆိုလဲ တနိုင်ငံလုံး အပ် ကျတာတောင် ကြားရမယ့်အနေအထား ဖြစ်နေတယ်လို့ ပြောရမှာပါ။ နွေဦးတော်လှန်ရေးအင်အားစုတွေကို ၉၀ ရာခိုင်နှုန်းသော မြန်မာပြည်သူလူထုက ထောက်ခံနေတယ် ဆိုတာကတော့ ထင်ရှားပါတယ်။

၆။ မကြာမီကာလအတွင်း NUG အစိုးရက စစ်နိုင်ရေး တနှစ်စီမံချက်ကို တရားဝင် ဖွင့်ထုတ်ပြောဆိုခဲ့သလို ပြောက်ကျားစစ်သေနင်္ဂဗျူဟာအရ မျှခြေကာလကို ရောက်လာပြီလို့လည်း လက်နက်ကိုင်တပ်ဖွဲ့ အချို့က ထုတ်ဖော်ပြောဆိုကြတာကိုလည်း ကြားကြရပါတယ်။

လေ့လာကြည့်တဲ့အခါ၊ ၂၀၂၃ ခုနှစ် ဇန်နဝါရီလက မေလအတွင်း စစ်ကောင်စီတပ်က အရာရှိ ၄၈ ဦး သေဆုံးကြပြီး ဒဏ်ရာ ၄ ယောက် သုံ့ပန်း ၃ ယောက်ကို PDF ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလမှာ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအထိ ၅ ယောက်သေ။ 

ဖေ‌ဖော်ဝါရီလမှာ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအထိ ၄ ယောက် သေပြီး ၂ ယောက် သုံ့ပန်းဖမ်းမိ။ 

မတ်လမှာတော့ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးထိ ၉ ဦးသေ။ ဧပြီလမှာတော့ တပ်ခွဲမှုး ၃ ယောက်၊ ဗိုလ်မှူး ၈ ယောက်၊ ဒုဗိုလ်မှူးကြီး ၆ ယောက်နဲ့ ဗိုလ်မှူးကြီး ၃ ယောက်။ စုစုပေါင်း အရာရှိ ၂၀ ယောက် သေ၊ ၄ ယောက် ဒဏ်ရာရ။ မေလမှာတော့ ဗိုလ်မှူးကနေ ဗိုလ်မှူးကြီးအထိ ၁၀ ဦး သေ၊ ၁ ယောက် သုံ့ပန်းဖြစ်ပြီး ထွက်ပြေးလို့ သေဒဏ်ပေးခံရတဲ့ တပ်ရင်းမှူး၊ တပ်ကြပ်ကြီးက ပြန်ပစ်သတ်လို့ သေတဲ့ တပ်ရင်းမှူးတွေ ဆိုတာတွေကလည်း မြေပြင်မှာ အခိုင်အမာရှိနေတာ တွေ့ရပါတယ်။ သာမန် စစ်သားရိုးရိုးတွေကို ပျူစောထီး ခေါ်တဲ့ ကလေကချေ ကြမ်းပိုး သူခိုးတွေနဲ့ အစားထိုးဖို့ လွယ်ကူပေမဲ့ အရာရှိတွေကို အစားထိုးဖို့ ခက်တယ်လို့ ဆိုကြပါတယ်။

အဓိက ပြဿနာက ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စစ်ထဲဝင်တာမဟုတ်ဘူးဆိုတဲ့ အယူအဆဟာ စစ်တပ်တခုလုံးကို စိန်ခေါ်နေတဲ့ မေးခွန်းကြီး ဖြစ်လာခဲ့တာပါ။ စစ်တပ်ထဲမှာရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားများဟာ ကနေ့ လူထုအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ ပါဝင်ဘို့ ငြင်းဆန်လာကြတာ တွေ့မြင်လာရသလို အများအပြား ဘက်ပြောင်းလာကြတာကိုလည်း ထင်ထင်ရှားရှား မြင်တွေ့လာကြပါတယ်။

၇။ ကနေ့ လေယာဥ်ပျံတွေနဲ့ ဗုံးတွေကြဲ လက်နက်ကြီးတွေနဲ့ပစ်ဆိုတာက စစ်တိုက်တာ မဟုတ်ဘဲ လူထုကို ရန်ငြိုးထား သတ်ဖြတ်နေတဲ့ လုပ်ငန်းတွေပဲ ဖြစ်တယ်ဆိုတာ ထင်ရှားလာတဲ့ သဘောကို ဆိုလိုတာပါ။ စစ်ရေးသဘောတရားတခုက ဆိုသလို တော်လှန်ရေးအင်အားစုတွေက မြို့ပြတွေကို နီးကပ်ဝင်ရောက်လာပြီဆိုတာနဲ့ လေယာဥ်နဲ့ ဗုံးကြဲဖို့ကိစ္စဆိုတာ လုံးဝအလုပ် မဖြစ်နိုင်တော့ဘူးလို့လည်း သုံးသပ်တာ တွေ့ရပါတယ်။

နိုင်ငံတကာ တော်လှန်ရေးတချို့မှာတော့ လေယာဥ်တွေ ပစ်ချလို့ရရင်ရ မရရင် ရပ်ထားတဲ့ လေယာဥ်တွေ ဖျက်ရမယ်။ လေယာဥ်တွေကို ဖျက်လို့မရရင် လေယာဥ်မောင်းတဲ့လူတွေကို တိုက်ခိုက်ရမယ်။ လေယာဥ်မောင်းတဲ့သူတွေကို တိုက်ခိုက်မရရင် သူတို့ ဗုံးကြဲလို့ သေတဲ့လူထုမှာ မိဘ ညီအကို မောင်နှမ စတဲ့ ဆွေမျိုးသားချင်းတွေ ရှိသလို သူတို့မှာလည်း မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးသားချင်းတွေ ရှိကြတာပါပဲ။ နောက်ဆုံးတော့ လေယာဥ်တွေ ဘယ်လောက်ဝယ်ဝယ် မောင်းမယ့်လူတွေမရှိရင် လေယဥ်ဆိုဟာ အရုပ်တွေဘဝ ရောက်သွားရတာဟာ နိုင်ငံတကာ တော်လှန်ရေးရဲ့ သင်ခန်းစာတခုပါပဲ။

၈။ ကနေ့ ရွေးကောက်ပွဲလုပ်မယ်တို့ အာဆီယံမူ ၅ ချက်အရညှိနိုင်းဘို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှု ဆိုတာ ဖိနပ်နဲ့ ခြေထောက်မတော်လို့ ခြေထောက်ကို လှီးဖြတ်ဖို့ လုပ်တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ လူထုကို ဒုက္ခပေးဖို့ ကြိုးစားချက်တွေ ဖြစ်နေတာပါ။ လက်တွေ့မှာ ဒီဆောင်ရွက်ချက်တွေက နောက်ကျသွားခဲ့ပြီလို့ပဲ ပြောရတော့မှာ ဖြစ်ပါတယ်။ အခုလို ဖမ်းဆီး သတ်ဖြတ်၊ မုဒိမ်းကျင့်၊ ရွာမီးရှို့နေတဲ့ ရာ ဇဝတ်ကောင်တွေကို လက်ဆွဲနှုတ်ဆက်ဖို့ဆိုတာ လူထုအတွက် အတော်အခက်အခဲရှိမှာ ဖြစ်ပါတယ်။

လတ်တလောမှာ တရုတ်အစိုရအနေနဲ့ မြန်မာလူထုကို အကူအညီအစစ်အမှန် ပေးလိုတယ်ဆိုရင် စစ်တပ်ကို လက်နက်မထောက်ပံ့ဘို့ ငွေမထောက်ပံ့ဖို့ တရုတ်နယ်စပ်ကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိအားမပေးဖို့တွေကသာ တရုတ်ပြည်သူများနဲ့ မြန်မာနိုင်ငံပြည်သူများကြား နွေးထွေးတဲ့ ချစ်ခင်မှုကို နှစ်ပေါင်းများစွာ ရရှိထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ ပေါ်လစီတွေကို ပြန်လည်မသုံးသပ်ခဲ့ရင် မြန်မာနိုင်ငံ ပြည်တွင်းစစ်မီးဟာ ရေရှည် ကြာမြင့်လာမှာဖြစ်သလို မြန်မာနိုင်ငံပြည်သူလူထုတွေရဲ့ နှလုံးသားတွေထဲမှာ တရုတ်အစိုးရဟာ အကြမ်းဖက် အာဏာသိမ်းစစ်အစိုးရနဲ့ တတန်းတစားတည်း မုန်းတီးမှုကို ခံရမှာ သေချာပါတယ်။ 

ကနေ့ တရုတ်အစိုးရ ကြိုးပမ်းနေတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင်ရွက်ချက်တွေကိုလည်း ကမ္ဘာက ယုံကြည်လက်ခံဖို့ ခက်ခဲလာမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ရန်နဲ့ လူသားအားလုံးရဲ့ မွေးရာပါအခွင့်အရေးတွေကို လက်ကိုင်ထားရန်၊ လူသားချင်းစာနာထောက်ထားမှု အပြည့်အဝရရှိရန်နဲ့ အရပ်သားများကို အကာအကွယ်ပေးရန်တို့ကို တောင်းဆိုထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ (၂၀၂၂) ကို တရုတ်အစိုးရအနေနဲ့ ကိုယ်ကိုယ်တိုင် ဆုံးဖြတ်ထားတဲ့ကိစ္စ ဖြစ်လို့ လိုက်နာဆောင်ရွက်ဖို့ အထူးလိုအပ်ပါတယ်။ တရုတ်အစိုးရကသာ စစ်အုပ်စုကို ဝင်ရောက် ကျားကန်ပေးတာမလုပ်ရင် စစ်အုပ်စုဟာ လပိုင်းအတွင်းမှာ အာဏာသိမ်းမှုကို စွန့်လွှတ်ကြရမှာ သေချာနေပြီ ဖြစ်ပါတယ်။

၉။ လူထုရဲ့ ကနေ့ နွေဦးတော်လှန်ရေးဟာ ၂ နှစ်တာကာလမှာ အဘက်ဘက်က မရှိရာက ရှိရာသို့ ဆိုသလို တိုးတက်ဖြစ်ထွန်းလာခဲ့သလို အာဏာသိမ်းစစ်အုပ်စုကတော့ အဘက်ဘက်က အလျင်အမြန် ဆုတ်ယုတ်ကျဆင်းလာတာ နိစ္စဓူဝ မြင်တွေ့နေရတဲ့ ဖြစ်စဥ်ကြီးပဲ ဖြစ်ပါတယ်။

သေချာတာကတော့ လူသတ်၊ ဓားပြတိုက်၊ မုဒိမ်းကျင့်၊ ရွာမီးရှို့တတ်တာလောက်နဲ့ အာဏာသိမ်းလို့ မရဘူး ဆိုတာကိုတော့ လူထုကအခိုင်အမာတိုက်ပွဲဝင်သက်သေပြနေခဲ့ပြီ ဖြစ်ပါတယ်။ အချုပ်ပြောရရင်တော့ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်အာဏာသိမ်းမှုဟာ မအောင်မြင်တဲ့ အာဏာသိမ်းမှုတခုသာဖြစ်ကြောင်း ပြောရတော့မှာ ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar