Breaking News

ကျော်မင်းထွန်း(NEW YORK) - အရှင်ထွက်ခြင်း မထွက်ခြင်း

အရှင်ထွက်ခြင်း မထွက်ခြင်း

ကျော်မင်းထွန်း(NEW YORK)

(မိုးမခ) ဇွန် ၄၊ ၂၀၂၃

တဗျင်းဗျင်းနဲ့

ဆင်းဆင်းလာတဲ့ မိုးပေါက်တွေအောက်

အိမ်ပြန်ရောက်ဖို့ မဖြစ်နိုင်သေးတော့

မှန်ကင်းတလှည့် ထင်းတလှည့်ပေါ့။

တအိအိနဲ့

ပိပိလာတဲ့ မြစ်ရေထဲမှာ

ရေစီးတခါ ရေသာတလှည့်

ဘုံလုံတလှည့် ငါးဖျံတလှည့်

ဒီတခါရေချိုးခဲ့ပြီးမှ အိမ်ပြန်မယ်။

ပီယာနိုသာ တီးချင်ကြတာ

မယ်လိုဒီအတက်အကျက မမှန်သေးဘူး

လူငယ်တွေက အမှန်အကန်

လူကြီးတွေက အကြံအဖန်

အွန်လိုင်းဖိုရမ်တွေထဲ အာချောင်နေဆဲ။

မထိခလုတ် ထိခလုတ်နဲ့

လမ်းပေါ်ငြိနေတဲ့ အမှိုက်ထုပ်တွေကိုတော့

ချုပ်ရိုးကြောင်းမပေါ်အောင် ရှင်းပစ်မှ

အလှည့်ကျ မနွဲ့ရ

ငါတို့ကို ဆောရီးလာလုပ်လို့မရ။

ဆွေးနွေးပွဲတွေ.. ဆွေးနွေးပွဲတွေ..

တံခါးပိတ်ထားတဲ့ ဆွေးနွေးပွဲတွေ..

ဆွေးနွေးလေ သွေးအေးလေ

ဖိအားပေးရုံ စစ်တိုက်နေရင်

ရာဇဝင်မှာ အရှင်ထွက်တဲ့ အာဏာရှင်မရှိဘူး။

ကြည့်လေ..

ကမ္ဘာမှာ ဟစ်တလာ

ကဒါဖီနဲ့ ဟူစိန်

ပြီးတော့.. မြန်မာပြည်ကဗီလိန်

အာဏာလိမ်သူတွေဟာ အရှင်မထွက်ဘူး။   ။

-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar