Breaking News

ကိုသန်းလွင် - ပလတ်စတစ် အန္တရာယ်

ကိုသန်းလွင် - ပလတ်စတစ် အန္တရာယ်

(မိုးမခ) ဇွန် ၇ ၊ ၂၀၂၃


( ၁ ) 

လူတို့၏ ကိုယ်ခန္ဓာအတွင်းတွင်လည်းကောင်း၊ လည်ပတ်နေသည့် သွေးကြောများတွင်လည်းကောင်း ပလတ်တစ်စများ ရှိနေကြပါသည်။ ၎င်းတို့ကို မမြင်ရပါ။ သို့သော် ၎င်းတို့သည်ကိုယ်ခန္ဓာ အတွင်းတွင်နေရာ အနှံ့ ရှိနေကြသည်။ ကျွန်တော်တို့ သောက်သည့် ရေများနှင့် စားသည့် အစားအစာများတွင်လည်း ပါရှိနေကြပါသည်။ ရှူရှိုက်လိုက်သည့် လေထဲမှာလည်း ပါမည်ထင်ပါသည်။ ထို့အတွက် ဘာတွေဖြစ်နိုင်မည်ဆိုခြင်းကို သေချာစွာ နားမလည်ကြသေးပါ။ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းကို နားလည်လာကြသည်မှာ မကြာသေးသောကြောင့်ဖြစ်ပါသည်။ 

ကျွန်တော်တို့အတွက် စိုးရိမ်ကြရသည်ကတော့ အမှန်ပင်ဖြစ်ပါသည်။

ဘာမှမဟုတ်ဘူးလည်း ဖြစ်သွားနိုင်ပါသည်။ မပြောပလောက်သည့် ထိခိုက်မှုမျိုးသာ ဖြစ်နိုင် ကောင်း ပါသည်။ ထိုပလတ်စတစ် အပိုင်းအစ ကလေးများသည် ကျွန်တော်တို့သောက်သည့် ရေဘူးများ၊ တာယာများ၊ ထည့်စရာများကို ထည့်ထားသည့်ဘူးများမှတဆင့် ထွက်လာပြီး ကျွန်တော်တို့ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်သွားကြပါသည်။ လူကို မည်သို့မျှ အန္တရာယ်မပေးဘူးဆိုသည့်တိုင် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွင်းတွင်  ပလတ်စတစ်စ များရှိနေသည်ဆိုခြင်းမှာ စိတ်တွင် စိုးရိမ်ပူပန်ဖွယ်ရာပင် ဖြစ်ပါသည်။ လူတို့သုံးစွဲပြီး စွန့်ပစ်သော အမှိုက်များနှင့် ပေါင်းစပ်ရောနှော ရမည့်အရေးမှာ တွေးကြည့်လျှင် စိတ်ချမ်းမြေ့ဖွယ်ရာမဟုတ်ပါ။

( ၂ )

၎င်းတို့ကို မိုက်ခရိုပလပ်စတစ် Microplastic စများဟု ခေါ်ပါသည်။ ၎င်းသည် နေရာတကာရှိနေကြပြီး အရွယ်အားဖြင့် ၅ မီလီမီတာ သို့မဟုတ် တစ်လက်မ၏ ၅ ပုံတစ်ပုံခန့်သာရှိပါသည်။ ၎င်းတို့ကို သာမန် မျက်စိဖြင့် မြင်နိုင်ပါသည်။ သို့သော် မျက်စိဖြင့် မမြင်နိုင်သည့် nano plastic စကလေးများလည်း ရှိပါသေးသည်။ ၎င်းတို့သည်အလွန်သေးငယ်ပြီး ဆဲလ်များအကြားမှအမှေးပါး (Membrane) များကို ဖြတ်သွားနိုင်စွမ်း ရှိပါ သည်။ ၎င်းတို့သည် ရေထဲမှငါးများ၏ ဦးနှောက်အတွင်းတွင်ဝယ် စုဝေးရောက်ရှိနေကြပြီး ငါးများကို ဒုက္ခ ဖြစ်စေပါသည်။ 

၂၀၁၈ ခုနှစ်က ရေးထားသော ရီပို့စ်တစ်စောင်တွင် ငါးများမှ ာပြန်လည်မွေးမြူနိုင်စွမ်းရည်ကျ ဆင်းသွားသည်ဟု ဆိုပါသည်။ ထိုငါးများမှ မွေးဖွားလာသော ငါးသားပေါက်ကလေးများမှာလည်း အလားတူ မွေးမြူနိုင်စွမ်းအားလျော့နည်းသွားပါသည်။ ၂၀၂၀ တွင် ရေးထားသော ရီပို့စ်တစ်ခုတွင်မှု ထိုငါးများသည် သက်တမ်းတိုသွားကြောင်း ရေးထားပါသည်။ ယခင်လကရီပို့စ်တွင်မူပလပ်စတစ်ကြောင့် Plasticosis ရောဂါ ဖြစ်ပွားနိုင်ကြောင်း၊ ငါးများ၏ နာဗ်ကြောများကို ထိခိုက်ပြီး ရောဂါရစေနိုင်ကြောင်း အစာလမ်းကြောင်းတွင် ၎င်းတို့ရှိနေပါက အစာချေနိုင်စွမ်းရည်လည်း ထိခိုက်နိုင်ကြောင်း ရေးသားထားပါသည်။ ပင်လယ်ငှက်များတွင် လည်း ပလတ်စတစ်များကြောင့် အလားတူ ရောဂါများဖြစ်ပွားနိုင်သည်ဟု သိရပါသည်။

ထိုသို့ငါးများနှင့် ပင်လယ်ငှက်များတွင် ဖြစ်သောကြောင့် လူတို့တွင်လည်း အန္တရာယ်တစ်စုံတစ်ရာ ဖြစ်ရသည်ဟု မဆိုလိုပါ။ ထိုသို့ စိုးရိမ်ရပါက နှစ်စဉ်နှစ်တိုင်း ရေထဲသို့ ပစ်ချနေသည့် မက်ထရစ်တန် ၁၁ တန် မျှသော အမှိုက်သရိုက် များကို လူတို့ပစ်ချရဲတော့မည်မဟုတ်ပါ။ ထိုကဲ့သို့သော မိုက်ခရို ပလတ်စတစ်စများသည် လူ့သက်တမ်းကို တိုအောင် ပြုလုပ်နေသလို၊ မျိုးပွားခြင်း အင်အားကို လျော့နည်းစေသည်ဟုဆို ပြီး ရီပို့စ်ကို ရေးသားသူက ဆိုသည်မှာ ငါးများနှင့် ငှက်များကို ထိခိုက်စေသလို အခြားသတ္တဝါများကိုလည်း ထိခိုက်စေနိုင်ပါသည်ဟု ရေးသားထားပါသည်။

ငါးများသည် ကျွန်တော်တို့ပစ်ချသော အမှိုက်များကြားတွင် ကူးခတ်နေရသလိုပင် ကျွန်တော်တို့ သည်လည်း ဤပတ်ဝန်းကျင်ကို ဖဲခွါသွား၍မရပါ။ သို့သော်လည်း ပလတ်စတစ်များ၏ အန္တရာယ်သည် အကျပ်အတည်း ဖြစ်နေပြီ ဟုမဆိုလိုပါ။ အဘယ့်ကြောင့်ဆိုသော် ဤအဖြစ်အပျက်များက မည်သည့် အခြေအနေထိရောက်သွားပြီး မည်မျှဆိုးကျိုးကို ဖြစ်စေလိမ့်မည်ဆိုခြင်းကို မသိသောကြောင့် ဖြစ်ပါသည်။ ဤ မိုက်ခရို ပလတ်စတစ်များကို အမြင့်ဆုံး ဟိမဝန္တာရှိ ဧဝရက်တောင်ထိပ်ပတ်ဝန်းကျင်၌လည်းကောင်း၊ အနောက်ဘက် ပစိဖိတ်သမုဒ္ဒရာ ကမ်းခြေမှ ၅၁ ကီလိုမီတာနက်သည့် Mariana ဇောက်ထဲတွင်လည်းကောင်း တွေ့ရှိနေ ရ ပါသည်။

အများအားဖြင့် ပလတ်စတစ်များ၏ အန္တရာယ်သည် ကော့စမက်တစ်များကိုသုံးစွဲရာမှစတင်ပါသည်။ ကလေးငယ်ကို ရေတိုက်ရာတွင် ပလတ်စတစ်ရေခွက်ဖြင့် ရေတိုက်ခြင်းကို ရှောင်ကြဉ်နိုင်သော်လည်း ထို သောက်ရေသည် သင့်အိမ်သို့ ရောက်အောင် ပလတ်စတစ် ပိုက်များမှတဆင့် အရောက်လာခဲ့ခြင်းကိုမှု သင် ရှောင်ကွင်းနိုင်လိမ့်မည် မဟုတ်ပါ။

ယမန်နှစ်က အီတလီတွင် ပြုလုပ်ခဲ့သောလေ့လာမှုတခုတွင် မိခင်နို့များကိုလူ ၃၄ ဦးတွင် စမ်းသပ်ခဲ့ ရာ ၎င်းတို့၏ ၇၅% မှာ မိုက်ခရိုပလတ်စတစ်များ ပါဝင်ကြောင်းတွေ့ရှိခဲ့ရပါသည်။ မိခင်များအနေဖြင့် ဘေဘီ ဖော်မြူလာကို ဖျော်ရာတွင် ပလတ်စတစ်ဘူးများကို အသုံးပြုခြင်းကိုလည်း တွေ့ရပါသည်။ သို့သော်လည်း ကလေးငယ်များ၏ မမွေးဖွားမီ သန္ဓေသားဘဝမှာကတည်းက (Placentas) များတွင်လည်း ဤ မိုက်ခရို ပလတ်စတစ် စလေးများကို တွေ့ရှိခဲ့ကြပါသည်။ ထို့ကြောင့် လူသားတစ်ယောက် ဖြစ်လာရန် ပလတ်စတစ် စများနှင့်ကင်း၍ မရနိုင်ပါ။ ထို့ကြောင့်လူ့ယဉ်ကျေးမှုတစ်ခုလုံး ကျွန်တော်တို့၏ အသက်မွေးဝမ်းကျောင်းပြုရမှုဘဝတွင် ပလတ်စတစ်များပါဝင်ရပါသည်။

ဤကဲ့သို့ ပလတ်စတစ်များနှင့် ခွဲခြား၍မရသောအဖြစ်ကို ပလတ်စတစ်များကို အမြောက်အမြားထုတ်လုပ်ချိန် ပထမနှင့် ဒုတိယကမ္ဘာစစ်များ မတိုင်မီကတည်းကစ၍ ဖြစ်ပေါ်ခဲ့ပါသည်။ ပလတ်စတစ်များသည် အရာဝတ္ထုများကို ဖန်တီးရာတွင် လွယ်ကူစွာဖန်တီးနိုင်သလို ၎င်း၏ ရေရှည်အသုံးပြုနိုင်ခြင်းကြောင့်လည်း ဖြစ်ပါ သည်။ ၎င်းကို ပစ္စည်းမျိုးစုံဖန်တီးနိုင်ပြီး အခြားအရင်းအမြစ်များ အစားထိုးဖန်တီးနိုင်ခြင်းမှာ ၎င်းကိုယ်တိုင်က ပြဿနာကိုဖန်တီးရန်လည်းဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့သည် တစ်နှစ်ပြီးတစ်နှစ် ဆယ်ခုနှစ်ပြီးဆယ် ခုနှစ်များစွာ ပို၍များပြားသော ပလတ်စတစ်အိမ်သုံးပစ္စည်းများကို ဖန်တီးထုတ်လုပ်ခဲ့ကြပါသည်။ ပလတ်စ တစ် အများအပြား ထုတ်လုပ်ရာတွင် ဤပလတ်စတစ်ပမာဏ၏ တစ်ဝက်ကျော်ကျော်မှာ သက္ကရာဇ် နှစ်ထောင်၏ နောက်ပိုင်းတွင်မှ ဖြစ်ပါသည်။ ထိုထုတ်လုပ်သော ပလတ်စတစ်ပစ္စည်းများကို အလွယ်တကူ စွန့်ပစ်ခဲ့ကြပြီး အချို့ကို အသစ်တဖန်သုံးခြင်း (Recycle) လုပ်ခဲ့ကြပါသည်။ ထိုပလတ်စတစ်ပစ္စည်းများ ပပျောက်သွားခြင်းမဟုတ် ဘဲ ပုံစံအသစ်ဖြင့် အသစ်တဖန် ပြန်၍ ပေါ်ခဲ့ပြန်ပါသည်။ ၎င်းတို့သည် ကျွန်တော်တို့ သောက်သုံးသည့်ရေ များ၊ စားသုံးသည့် အစားအစာများထဲသို့ မလွှဲသာမရှောင်သာ ရောက်ရှိသွားကြပါသည်။ မိခင်နို့တွင် ပါဝင်လာခြင်းကြောင့် ဘယ်နေရာမှာမှ မလွတ်ကင်းနိုင်အောင် ဖြစ်ကြရပါသည်။

၁၉၅၆ ခုနှစ်တွင် ပြင်သစ်အတွေးအခေါ်ပညာရှင် ရိုလင်ဘတ် (Roland Barthes) က လူသုံးကုန် ပစ္စည်းများကို ပလတ်စတစ် ပစ္စည်းများဖြင့် ပြုလုပ်ခဲ့ကြခြင်းသည် “ကျွန်တော်တို့၏ သွေးကြောများကိုပင် အစားထိုးလိုက်လေသလား” ဟု ညည်းတွားခဲ့ပါသည်။ ကျွန်တော်တို့ အသုံးပြုသော ကွန်ပျူတာ ခလုတ်များ၊ ထိုင်နေသော ကူရှင်များတွင်သာမက နားထောင်နေသော တေးဂီတများသည် ပလတ်စတစ်နားကြပ်များမှတဆင့် ကိုယ်ခန္ဓာအတွင်းသို့ ဝင်ရောက်သွားကြခြင်း ဖြစ်ပါသည်။ ၎င်းတို့ကို မိုက်ခရိုပလတ်စတစ်များအဖြစ် ပြောင်းလဲသွားမည်ကို မစိုးရိမ်ရသော်လည်း ၎င်းတို့ အသုံးဝင်မှု သက်တမ်းကုန်၍ စွန့်ပစ်ပစ္စည်းများ ဖြစ် သွားပါလျင် မိုက်ခရို ပလတ်စတစ်အဖြစ် ကျွန်တော်တို့ သောက်သုံးသည့် ရေထဲ၌ အဆုံးသတ်သွားနိုင်ပါ သည်။ ပင်လယ်သမုဒ္ဒရာ များတွင် အများဆုံးတွေ့ရသော ပေါ်လီမာများမှာ အိမ်သုတ်သောဆေးမှလာပါ သည်။ ကုန်းပေါ်တွင်မူ တာယာများ၊ ကော်ဇောနှင့် အဝတ်အထည်များမှ အပိုင်းအစကလေးများမှာ မိုက်ခရို ပလတ်စတစ်များ ဖြစ်ပေါ်ရာ မူရင်းပစ္စည်း (Source) အဖြစ် တွေ့ရှိရပါသည်။

၂၀၁၉ ခုနှစ်က ထုတ်ပြန်ခဲ့သော World Wide Fund For Nature မှ ရီပို့စ်တခုတွင် ပျမ်းမျှ လူတဦးသည် တပတ်လျှင် ပလတ်စတစ် ၅ ဂရမ်မျှကို အစားအသောက်ထဲမှတဆင့် လူ့ကိုယ်တွင်းသို့ ရောက်ရှိသွားသည်ဟု ဆိုပါသည်။ ရီပို့စ်ရေးသူက မှတ်ချက်ပေးရာတွင် ပလတ်စတစ် ၅ ဂရမ်မှာ ခရက်တစ်ကဒ် တစ်ခု အရွယ်ဖြစ်သည်ဟု ဆိုပါသည်။

မိုက်ခရိုပလတ်စတစ်ကြောင့် အိမ်မက်ဆိုးသဖွယ်ဖြစ်သေ ာအကြောင်းအရာများကို ကျွန်တော်တို့ ခံစားရဖို့ရှိလေရာ ၎င်း၏ဖြစ်နိုင်ဖွယ်ရာသော ရောဂါဆိုးများအကြောင်းကို သိဖို့လိုပါသည်။ ကျွန်တော်တို့သည် မိမိနေထိုင်ရာ ကမ္ဘာကြီးကို မဖော်ပြနိုင်လောက်အောင် ဆိုးရွားနေသော ပတ်ဝန်းကျင်ဖြစ်စေရန် ဖန်တီးခဲ့ကြပါသည်။ ပလတ်စတစ်အမှိုက်များကြောင့် လူတို့ကို ရောဂါရစေခြင်းမှာ သေချာသလောက် ရှိနေပါသည်။

( ၃ )

ပလတ်စတစ်များသည် လူကို အန္တရာယ်ဖြစ်စေသည်ဟု သေချာမသိရသေးမီတွင် အတင့်ရဲ၍ အရမ်းမသုံးစွဲသင့်ပေ။ စွန့်ပယ်ရန်လည်း မဖြစ်နိုင်ဘဲရှိလေရာ သတိထားရန် လိုအပ်သည်။ ဟန်းဖုန်းများသည် မမြင်နိုင်သောရေဒီယိုလှိုင်းကို ထုတ်လွှင့်သဖြင့် ဟန်းဖုန်းကို မသုံးစွဲရဟု တားမြစ်သလို ဖြစ်နေသည်။ 

တစ်နေ့တွင် မိုက်ခရို ပလတ်စတစ်များက လူကို ဘာလုပ်နေသည်ကို လည်းကောင်း၊ သွေးထဲတွင် ဘာတွေ ဖြစ်နေသည် ဆိုခြင်းကို လည်းကောင်း နားလည်လာကြပါလိမ့်မည်။

Ref: Our Plastic way of life is poisoning us By Mark O’Connell, NY Times April 25 2023


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar