Breaking News

မျိုးသန့်ထွန်း(ဦးနု ပြတိုက်) - ပြည်ချစ်နိုင်ငံရေးသမား ဦးအောင် (၁၉၄၃-၂၀၂၃)

မျိုးသန့်ထွန်း(ဦးနု ပြတိုက်) - ပြည်ချစ်နိုင်ငံရေးသမား ဦးအောင် (၁၉၄၃-၂၀၂၃)

(မိုးမခ) ဇွန် ၁ ၊ ၂၀၂၃


၂၆-၅-၂၀၂၃ နေ့မနက်ကပဲ အမေရိကမှာ နေထိုင်တဲ့ ဝန်ကြီးချုပ်ဦးနုရဲ့ သား ဦးအောင် ကွယ်လွန်ကြောင်း သတင်းရပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ တချိန်က ဦးအောင်ဟာ ပြည်ပြေးဘဝ၊သူပုန်ဘဝ၊ တော်လှန်သမား ဖြစ်ခဲ့သူ၊ ပြည်ချစ်လူငယ်ခေါင်းဆောင်ဖြစ်ခဲ့သူဟု နိုင်ငံသမားတိုင်း သိကြမယ်လို့ ထင်ပါတယ်။ အာဏာရှင်တော်လှန်ရေးကို တံတားခင်းပေး ထိုးပေးခဲ့တဲ့သူဆိုလည်း မှားမယ် မထင်ပါဘူး။

အန်ကယ်ဦးအောင် ဆုံးပြီးဆိုတော့ နောက်ထပ် ဦးအောင်ရဲ့ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေး အတွေ့အကြုံတွေကို ထပ်ကြားနာခွင့်မရနိုင်တာဟာ အင်မတန် ဝမ်းနည်းစရာကောင်းလှပါတယ်။ ဦးအောင်ရဲ့ သူ ကျော်ဖြတ်လာခဲ့တဲ့ ဘဝဇာတ်အစုံစုံတွေကို သူ ရှိတုန်းက များများစားစား မမေးလိုက်ရလို့ တွေးမိ‌ ဝမ်းနည်းရပြန်ပါတယ်။ 

ဦးအောင်ဟာ သူ့အသက် ၂၆ နှစ်မှာ  ပြည်သူကိုချစ်တဲ့ ပြည်ချစ်ပါတီ အစနဲ့  မဆလ-အာဏာရှင်ကိုတော်လှန်မှု စတင်ခဲ့ပါတယ်။  တကယ်တော့ ဦးအောင် ဟာ မြန်မာပြည်ကို သိပ်ချစ်တဲ့ ပြည်ချစ်ခေါင်းဆောင်တယောက်လို့ သိရပါတယ်။

မြန်မာပြည်ရဲ့ ကံကြမ္မာဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းမှုကြီးနဲ့ ကြုံခဲ့ပါတယ်။ ထိုအချိန်ကဝန်ကြီးချုပ်ဦးနုဟာ သူ့တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ တရားမျှတစွာ အုပ်ချုပ်နေတဲ့ အချိန်အခါမှာ အခုလို အာဏာသိမ်းခံရလိုက်ရပါတယ်။ အာဏာသိမ်းတဲ့နေ့မှာ ဦးနုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ အာဏာသိမ်းပြီး နောက်တနေ့မှာ ဝန်ကြီးချုပ်ဦးနုရဲ့သား ဦးအောင် ကို ထပ်ဖမ်းဆီးခဲ့ပါတယ်။ ဦးအောင် ကို ဖမ်းဆီးရုံမက ညှဉ်းပန်းနှိပ်စက်ပုံရပါတယ်။ ဦးအောင် ကို ဖမ်းဆီးထိန်းသိမ်းရာက ပြန်လွတ်လာတော့ သူ့အမေ ဒေါ်မြရီ ကိုယ်တိုင် သွားခေါ်ရာ ကိုအောင် ကို မှတ်တောင် မမှတ်မိဘူးလို့ ဦးအောင်ရဲ့ နှမ ဒေါ်သန်းသန်းနုက အင်းတာဗျူးတခုမှာ ပြောပါတယ်။လူရုပ်မပေါ်အောင် နှိပ်စက်ထားပုံရပါတယ်လို့ ဆိုပါတယ်။ 

နိုင်ငံရေးသမား ဦးအောင် မှာ အင်းစိန်ထောင်က ပေးလိုက်တဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ သူ့ဘဝအတွက် မေ့ပျောက်လို့ မရနိုင်ပါ။ ဒါကြောင့် ဗိုလ်နေဝင်းကို နာကြည်းချက်နဲ့ တော်လှန်ရေးအထဲ ဝင်ရောက်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်။ သူ ပြောခဲ့တဲ့စကားတခု ရှိပါတယ်။ အဲဒါက ဗိုလ်နေဝင်း ကတိုင်းပြည်ကို အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူ အုပ်ချုပ်လိုက်တာ တိုင်းပြည်ဟာ ခွက်ခွက်လန်အောင် ကျဆုံးခြင်းနဲ့ရင်ဆိုင်ရပြီး LDC ဆိုတဲ့ ကမ္ဘာဆင်းရဲဆုံးနိုင်ငံစာရင်းဝင်သွားခဲ့ပါတော့တယ်လို့ ဦအောင်က ပြောပြဖူးပါတယ်။

အဲဒီအချိန်ကတည်းက ဦးအောင်မှာ အာဏာရှင်အစိုးရကို စိတ်နာကြည်းခဲ့ပုံရပါတယ်။ ဒီနောက်မှာ မ.ဆ.လအစိုးရကို တော်လှန် ပုန်ကန်ဖို့ လမ်းစဖြစ်‌ပေါ်လာတဲ့အချိန်မှာ သူ့ဖခင်နဲ့အတူ ပြည်ပကိုထွက်လာပြီး ထိုင်းနိုင်ငံနဲ့ ထိုင်း-မြန်မာ နယ်စပ်‌တွေမှာ ပါလီမန်ဒီမိုကရေစီအစိုးရကို အသက်ပြန်သွင်းဖို့ ကြိုးစားလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ပါတယ်။ 

အဲဒီအချိန်ကစပြီး ဦး‌အောင် ပါဝင်ခဲ့တဲ့ အတိုင်းအတာဟာ နိုင်ငံရေးသမားဖြစ်ခဲ့သလို တော်လှန်ရေးသမားတယောက်လည်း ဖြစ်ကာ သူ့ နိုင်ငံရေး ဒီရေမြင့်လာခဲ့ပါတယ်။ 

ဦးအောင်ဟာ ၁၉၇၀ နောက်ပိုင်းမှာ သူ့ ဖခင်ကြီးနဲ့အတူတူ မ.ဆ.လ အစိုးရကို တော်လှန်ရေးဆင်နွှဲရင်း ပါလီမန်ဒီမိုကရေစီပါတီ၊ ပြည်ချစ်ပါတီနဲ့ (တညလ)ဒ.ည.တ စတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ဦးအောင်ဟာ ပြည်ချစ်လူငယ်ပါတီမှာ ဥက္ကဋ္ဌ အနေနဲ့ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ပြည်ချစ်လူငယ်အဖွဲ့ကို ဦးဆောင်တဲ့ ဦးအောင်နု ဟာ ကိုယ်ပိုင်အင်အားနဲ့  တော်လှန်ရေးအတွက် တော်လှန်သမားတွေဖြစ်ခဲ့ရတာ အံ့ဩစရာတော့မဟုတ်ဘူးလို့ ဦးသုဝေ ကဆိုပါတယ်။

နောက်ပိုင်းကာလတွေမှာ ဦးအောင်နဲ့ စကားပြောဖြစ်ပါတယ်။ ဝန်ကြီချုပ်ဦးနု အကြောင်းပဲ များပါတယ်။  ဦးအောင် ရဲ့ အကူညီနဲ့ ဦးနု ရေးသားခဲ့တဲ့ (ပုံနှိပ်ခြင်းမရှိသေး) ပြဇာတ်တွေကို လေ့လာသိရှိခွင့်ရခဲ့ပါတယ်။ ဦးအောင်နဲ့ ပြောပြဖြစ်ခဲ့တဲ့ အထဲမှာ ဦးနုရဲ့ စာပေအကြောင်းတွေနဲ့ ဘာသာရေးအကြောင်းတွေပဲ များပါတယ်။

"ဦးနုစာစုစာရင်း"(Bibliography Of U Nu(1907-1995) By Myo Thant Tun)  ပြုစုတဲ့အခါမှာ ဦးနုမိသားစုက ကျနော့်ကို အများကြီးကူညီပါတယ်။ ဦးအောင်ရဲ့ ကျေးဇူးကြောင့်  ဦးနု ရေးတဲ့ ပြဇာတ်တွေဖြစ်တဲ့ "တို့လည်းလိုက်မယ် ချန်မထားနဲ့"၊"မိုးမှောင်း "ပြဇာတ်၊(ကြံတိုင်းအောင် ပြဇာတ်?)စတဲ့ ဦးနု ရေးတဲ့ နောက်ပိုင်းပြဇာတ်တွေကို လေ့လာခွင့်၊ သိခွင့်ရခဲ့တာပါ။ ဒါကြောင့် ဦးအောင် ကို ကျေးဇူးလည်း တင်ရပါတယ်။

ဦးအောင် ဆီကနေ ဝန်ကြီးချုပ်ဦးနုရဲ့‌  ဘာသာတရား လေးလေးနက်နက် ကိုင်းရှိုင်းပုံတွေကို ထပ်လောင်းသိခွင့်ရပါတယ်။ ဦးအောင်က သူ့အဖေကို ဝန်ကြီးချုပ်(အငြိမ်း)ထည့်တာ မကြိုက်လှပါဘူး။ "ဝန်ကြီးချုပ်ဦးနု" လို့ ရေးမှ သူ လိုလားကြောင်း ပြောပါတယ်။ ဦးနုရဲ့ မိသားစုနဲ့ ကျနော် တွေ့တဲ့အခါ ဦးနု ရေးသားခဲ့တဲ့ စာအုပ်၊ စာတမ်းတွေအကြောင်း ပြောဖြစ်တာ များပါတယ်။


ဦးအောင်ကို ဝန်ကြီးချုပ်ဦးနုရဲ့ သားတစ်ယောက်လို့ လူသိများပါတယ်။ ဦး‌အောင်ဘဝ ကို ခြ‌င်္သေ့လည်ပြန်ကြည့်တဲ့အခါ ပြည်ပြေးဘဝ၊ သူပုန်ဘဝ မ.ဆ.လ အစိုးရ အာဏာရှင်ကို တော်လှန်ခဲ့တဲ့ဘဝတွေဟာ သမိုင်းမှာ ထင်ကျန်ရစ်ခဲ့သလို ဦးအောင်ရဲ့ (၁၉၈၀) နောက်ပိုင်းမှာ တော်လှန်ရေးကို လက်တွဲဖြုတ်ကာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခဲ့ပါတယ်။ 

ဦးသုဝေ ရေးတဲ့"ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်"စာအုပ်မှာ ဝန်ကြီးချုပ်ဦးနု က "တော်လှန်ရေးဆိုတာ ကလေးကစားစရာ မဟုတ်ဘူး" ဖော်ပြထားပါတယ်။ "အောင်မြင်တဲ့ တော်လှန်ရေးသာဆိုရင် အရာရာဟာ အမွှမ်းတင်သူတွေနဲ့ ပြည့်လျှမ်းနေမှာပါ လို့ ဆိုပါတယ်။ ပြိုကျသွားတဲ့တော်လှန်ရေးတရပ် ဖြစ်ပြန်တော့ လုပ်ခဲ့သမျှ ဟာကွက် ပျောကွက်၊ ချွတ်ယွင်းချက်တွေဖြစ်သွား‌ပြန်ရော၊ ဒါပေမဲ့ ဘယ်တော်လှန်ရေးမျိုးပဲဖြစ်ဖြစ်၊ နိုင်သည် ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ အကောင်း အဆိုး၊ အကြောင်း အကျိုး ဒွန်တွဲသည်ချည်းပေါ့။ ဘာပဲဖြစ်ဖြစ် မြန်မာ့သမိုင်းရဲ့ တကဏ္ဍဖြစ်တဲ့ ပြည်ချစ်တော်လှန်ရေးကို စိတ်ဝင်စားသူများလာနိုင်ကြပါစေ" လို့‌ တော်လှန်‌ရေးမှာကိုယ်‌တိုင်ပါဝင်ခဲ့တဲ့ ဦးသုဝေက ရေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး ဒီမိုကရေစီဝန်ကြီးချုပ်ဦးနုမှာ သားသမီး‌ ခြောက်ယောက် ရှိပါတယ်။စတုတ္ထမြောက်သား ဖြစ်ပါတယ်။  ဦးအောင် ကို ဦးနုနှင့် ဒေါ်မြရီတို့ကနေ ၁၉၄၃ မေလမှာ ရန်ကုန်မြို့က ဂျပန်ခေတ် နိုင်ငံခြားရေးဌာနမှာ မွေးဖွားပါတယ်။ ထိုအချိန်က ဂျပန်ခေတ်အဓိပတိဒေါက်တာဘမော်ရဲ့ အစိုးရမှာ ဦးနုဟာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူထားပါတယ်။ 


ဦးအောင် ငယ်စဉ်က ကျောင်းအုပ်ကြီး မြို့မဦးဘလွင်ရဲ့ ကျောင်းမှာ ကျောင်းအိပ်ကျောင်းစားဘဝနဲ့ငယ်စဉ် ပညာသင်ကြားခဲ့ပါတယ်။ နောက်တော့ TTC ကျောင်းမှာ အထက်တန်းပညာကို ဆက်ကြားခဲ့ပါတယ်။ ၂ မတ်လ ၁၉၆၂ ခုနှစ်က မြန်မာ့ပါလီမန်ဒီမိုကစီအစိုးရကို အာဏာသိမ်းတဲ့အချိန်က ဦးအောင်ရဲ့အသက်ဟာ ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အဲဒီအချိန်မှာ ဦးအောင် ဟာ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် တက်‌ရောက်နေပါတယ်။  ဦးနုရဲ့ မိသားစုထဲမှာ ဦးအောင်ဟာ  သွက်လက်ပြီးထက်ထက်မြက်မြက်ရှိတဲ့သူယောက်လို့ သိရပါတယ်။ ဦးနုကိုယ်တိုင်ကလည်း သူ့သား ဦးအောင် ကို သူ့နိုင်ငံရေးမှာရော တော်လှန်ရေးပါ ယုံကြည် အားကိုးအားထားပါတယ်။

ဝန်ကြီးချုပ်ဦးနုမှာ  တော်လှန်ရေးသမား သုံးခါ သုံးဘဝ ဖြစ်ခဲ့ပါတယ်။ တဘဝတော်လှန်ရေးက နယ်ချဲ့အင်္ဂလိပ်အစိုးရကို  တော်လှန်ခဲ့တာပါ။ နောက်တော်လှန်ရေးက ဂျပန်ဖက်ဆစ်ကို တော်လှန်ပါတယ်။ နောက်ဆုံး တော်လှန်ရေးကတော့ အာဏာရှင် မ.ဆ.လ အစိုးရကို တော်လှန်ခဲ့ပါတယ်။

ဦးအောင် ဟာ သူ့ဖခင်ဦးနုရဲ့ နောက်‌ဆုံးတော်လှန်ရေးဖြစ်တဲ့ မ.ဆ.လ စစ်အာဏာရှင်တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့သူလည်း ဖြစ်‌ပါတယ်။ ထိုတော်လှန်ရေးမှာဝန်ကြီးချုပ် ဦးနုနဲ့အတူ ရဲဘော်သုံးကျိပ်ဝင်ဖြစ်ကြတဲ့ ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်၊ဗိုလ်ချုပ်ကြီးစောကြာဒိုး၊ ပါလီမန်‌ခေတ်က အမတ် ဝန်ကြီးဦးသွင်၊ နာမည်‌ကျော် The Nation Press .နေရှင်း) သတင်းစာတိုက် ဦးလောရုံ၊ ဝန်ကြီးဦးဝင်း (ဦးဝင်းက လမ်းခရီးမှာ ကွယ်လွန်ခဲ့)၊ ဦးသုဝေ စတဲ့ စတဲ့ ပြည်တွင်းနိုင်ငံရေးမှာရော နိုင်ငံတကာမျက်နှာစာမှာ ထင်ပေါ်ကျော်ကြားတဲ့ပုဂ္ဂိုလ်ကျော်တွေ ဖြစ်ကြပါတယ်။

ထိုတော်လှန်ရေးဟာ လူစုံ တက်စုံ ပါဝင်တဲ့ တော်လှန်ရေးလို့ ပြောလို့ရမလားပဲ။ ထိုနိုင်ငံ‌ရေးသမားပုဂ္ဂိုလ်ကျော်တွေနဲ့ ဦးအောင်ဟာ နေ့စဉ် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံနေရတဲ့အတွက် အတွေ့အကြုံကောင်းတွေ သူ့ထံမှာ ရှိနေပါတယ်။ 

ဦးအောင် မှာ တော်လှန်ရေးကာလ (၁၉၆၉မှ ၁၉၇၃) အတွင်းမှာ စစ်ရေး၊ နိုင်ငံရေး၊ တော်လှန်ရေး အတွေ့အကြုံသစ်တွေ ရရှိခဲ့တာ အသေချာပါပဲ။  အမှန်တကယ် ဦးအောင် စိတ်အစဉ်မှာ အာဏာရှင်တော်လှန်ရေး အစဉ်အမြဲရှိနေတယ် ဆိုနိုင်ပါတယ်။ နောက်ပိုင်း ဦးအောင်ဟာ သူ့အကြောင်း စာအုပ်တအုပ် ရေးနေတယ်လို့ သိရပါတယ်။

အမှန်တော့ ဒီစာအုပ်ဟာ ဗန်ကောက်မှာကတည်းက ရေးနေတယ်လို့ ဆိုပါတယ်။ အမေရိက ရောက်တော့လည်း ထိုစာအုပ်ကို ပြီးအောင်ရေးနေတယ်လို့ ကြားပါတယ်။ သူ့စာအုပ်ကို ၂၀၁၉ မှာထိုင်းနိုင်ငံမှာ ပုံနှိပ်ပြီး ထုတ်ဝေခဲ့ပါတယ်။ ဦးအောင်ရဲ့ စာအုပ်က သူ ဖြတ်သန်းခဲ့တဲ့  တော်လှန်ရေးအတွေ့အကြုံကို မူတည်ပြီး ရေးတဲ့စာအုပ် ဖြစ်ပါတယ်။ အင်္ဂလိပ်လို ရေးခဲ့ပါတယ်။ အဲဒီစာအုပ်က My Story: Political Apprenticeship Under My Parents U NU And DAW MYA YI By U Aung ( 2019) ဆိုတဲ့ စာအုပ် ဖြစ်ပါတယ်။ ဦးအောင် ရေးသားတဲ့ စာအုပ်မှာ စာမျက်နှာ ၅၀၀ ကျော်ပြီး သမိုင်းဝင်ဓာတ်ပုံတွေနဲ့ ထိုင်းနိုင်ငံကနေ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ 

အဲဒီစာအုပ်ထဲမှာ မြန်မာနိုင်ငံရဲ့ ၁၉၆၂ ခုနှစ်မတိုင်မီ နိုင်ငံရေးအ‌ခြေအနေနဲ့ အာဏာသိမ်းအဖြစ်အပျက်များ၊ ၆၂ အာဏာသိမ်းပြီး‌နောက် စစ်အာဏာရှင်ကို  တော်လှန်ခဲ့ပုံများ ပါဝင်ခဲ့ပါတယ်။ 

ဦးအောင်စာအုပ်ကို အင်္ဂလိပ်မှ မြန်မာဘာသာသို့ ပြန်ဆိုရာ ဦးသုဝေ က ဘာသာပြန်နေချိန်မှာ ဦးသုဝေ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ ဘာသာပြန်ကိစ္စ မပြီးပြတ်ခဲ့ဘူးလို့ ဦးအောင် ဆီက သိရပါတယ်။  

ဦးအောင်က သူ့စာအုပ်ကို သူ့ရဲ့ တဦးတည်းသောသမီး ဒေါက်တာငြိမ်းငြိမ်းအောင် ကို ဘာသာပြန်ဖို့ သူ မဆုံးခင်က ပြောခဲ့တယ်လို့ သိရှိရပါတယ်။  ထိုအချိန်ကာလမှာ ဦးအောင် ဟာ ကျန်းမာ‌ရေးမကောင်းလို့ ဆေးရုံးတက်လိုက် ဆင်းလိုက် ဖြစ်နေပါတယ်။‌ ဦးအောင် မှာ သူ့စာအုပ်က်ု မြန်မာလိုပြန်နိုင်ဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ သူ့ဆန္ဒကို ဖြည့်ဆည်းမပေးနိုင်တာ စိတ်မကောင်းဖြစ်ပါတယ်။


ယခုအခါမှာတော့ ဦးအောင်ဟာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေရင်း နှလုံးရောဂါဖြင့် ၂၅-၅-၂၀၂၃‌ နေ့မှာ သူချစ်တဲ့မိသားစုနဲ့ရော သူချစ်တဲ့တိုင်းပြည်နဲ့ပါ ခွဲခွာသွားခဲ့ရပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဦးအောင် ကွယ်လွန်တဲ့ မေလ ၂၅ ရက်နေ့ဟာ သူ့ဖခင် ဦးနု (၂၅-၅-၁၉၀၇‌ မွေး — ၁၄-၂-၁၉၉၅ ကွယ်လွန်) မွေးဖွားတဲ့နေ့လည်း ဖြစ်နေပါတယ်။ အခုနေဆို အင်္ဂလိပ်လိုမေလ (၂၅)ရက် ၂၀၂၃ ခုနေ့က ဦးနု၏ အသက် (၁၁၆) မွေးနေ့လည်း ဖြစ်ပါတယ်။

ပြည်ချစ်နိုင်ငံရေးသမား  ဦးအောင် ဟာ ဖခင်ကြီးဝန်ကြီးချုပ်ဦးနုရဲ့လမ်းစဉ်အတိုင်း ဗုဒ္ဓတရားတော်ကို နှလုံးသွင်းရင်း ကွယ်လွန်ခဲ့ကြောင်း သိရလို့ ကောင်းရာသုဂတိရောက်မယ်လို့ မျှော်လင့်မိပါတယ်။ ဦးအောင်ရဲ့ ဘဝဇာတ်ကြောင်းတွေကို မသိတာတွေ ကျန်ကောင်းကျန်နိုင်ပါတယ်။ ဦးအောင်နဲ့ အတူတူ လုပ်ဖော်ကိုင်ဖက်များ ရှိပါက ထပ်ဖြည့်ကြဖို့၊ ရေးသားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

ချစ်ခင်‌လေးစားတဲ့

မျိုးသန့်ထွန်း(ဦးနုပြတိုက်)

၂၉-၅-၂၀၂၃။


စာညွှန်း—

၁။ My Story : Political Apprenticeship Under My Parents U Nu And DAW MYA Yi By U Aung ,2019.

၂။ ဦးသုဝေ၊ ပါလီမန်ဒီမိုကရေစီနှင့် ကျွန်တော်၊ သင်းစာပေ၊ ၂၀၁၂။

၃။ ဦးသုဝေ၊ ကျွန်တော် သိသော ဝန်ကြီးချုပ်ဦးနု၊ တကောင်းစာအုပ်တိုက်၊ ၂၀၁၃။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar