Breaking News

ကျောင်းဖွင့်ရာသီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီ မှန်ကန်ဖို့ အရေးကြီး


မြန်မာနွေဦး ခရိုနီကယ် - မေ ၃၁ မြင်ကွင်း

(မိုးမခ) ဇွန် ၁၊ ၂၀၂၃


ကျောင်းဖွင့်ရာသီမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီ မှန်ကန်ဖို့ အရေးကြီး 

မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီ ဖြစ်တဲ့ မေလကုန် ဇွန်လဆန်းကို စစ်အာဏာသိမ်းပြီးနောက် တတိယမြောက်နှစ်အဖြစ် ရောက်ခဲ့ပြန်ပါပြီ။ 

စစ်ကောင်စီရဲ့ ထိန်းချုပ်ထားတဲ့ နိုင်ငံရဲ့ ဒေသတွေမှာ ကျောင်းအပ်ရာသီဆိုတဲ့ မေလရဲ့ နောက်ဆုံးသီတင်းပတ်မှာ ကျောင်းအပ်ကြဖို့ နှိုးဆော်တာတွေ၊ ကျောင်းအပ်ကြတာတွေတွေ့လာရပြီး စစ်ကောင်စီက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ကျောင်းအပ်တဲ့ ကျောင်းသား ကျောင်းသူ  ၆ သန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ကိုဗစ် မဖြစ်ပွားမီ နိုင်ငံရေး အကြပ်အတည်းထဲ မကျရောက်မီ အန်အယ်လ်ဒီအစိုးရလက်ထက် ကျောင်းအပ်ရာသီတုန်းက ၉ သန်းကျော် ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြတဲ့ အချက်အလက်တွေအရ သိရပါတယ်။ 

စစ်အာဏာသိမ်းပြီးစနှစ် ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ် ကျောင်းအပ်ရာသီထက် အရေအတွက် ကိန်းဂဏန်းတိုးလာတာ ဖြစ်ပါလိမ့်မယ်။ ၂၀၂၁ ခုနှစ်မှာ ကိုဗစ်ကူးစက်မှု ဘေးအန္တရာယ်၊ စိုးရိမ်မှုနဲ့ ကာကွယ်ဆေး ကျယ်ကျယ်ပြန့်ပြန့်မထိုးနိုင်ကြသေးတဲ့ အနေအထားကြောင့် စစ်ကောင်စီ ရဲ့ ပညာရေးဝန်ကြီးဌာနလက်အောက်က ကျောင်းတွေကို မအပ်ကြတဲ့သူတွေ အခုထက်များပြားခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာတော့ ကိုဗစ်ကပ်ဘေးကြောင့် ကျောင်းတွေ မဖွင့်လှစ်နိုင်ခဲ့တာ၊ စစ်အာဏာသိမ်းမှုကြောင့် တနှစ်တာ ကျောင်းမအပ်ပဲ ထားခဲ့တာကို ကျော်လွန်ပြီး နွေဦးတော်လှန်ရေး ရဲ့ ကာလဘယ်လောက် ထပ်ကြာရှည်ဦးမလဲဆိုတဲ့ အတွေးနဲ့ ကိုဗစ်ကပ်ဘေး အရှိန်လျော့ကျလာခြင်းကြောင့် ကျောင်းအပ်တဲ့ အရေအတွက် တိုးမြင့်လာတာလို့ ကောက်ချက်ချရပါတယ်။ 

ယခု ၂၀၂၃ ရဲ့ မေလ နောက်တဖန် ကျောင်းဖွင့်ရာသီရောက်လာချိန်မှာ စစ်ကောင်စီ လက်အောက်က ကျောင်းတွေမှာ မအပ်ဖို့ နှိုးဆော်မှုတွေ NUG ပညာရေး ဝန်ကြီးဌာနက ထပ်မံထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ထုတ်ပြန်ချက်အရဆို “ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူမိဘများအနေဖြင့် အကြမ်းဖက် စစ်အာဏာရှင် စနစ်ဆိုး တည်တံ့သက်ဆိုးမရှည်နိုင်ဘဲ အမြန်ဆုံးအပြီးတိုင်ကျဆုံးစေရေးအတွက် အကြမ်းဖက် စစ်အာဏာရှင်များကို ဒူးထောက်အညံ့ခံ ပူးပေါင်းခြင်း မပြုလုပ်ဘဲ နေအိမ်အခြေပြုသင်ယူခြင်း၊ ပြည်သူ့အခြေပြု‌ကျောင်းများတွင်သင်ယူခြင်း၊ လက်လှမ်းမီရာ နည်းလမ်းအမျိုးမျိုးဖြင့် စဉ်ဆက် မပြတ်ပညာသင်ယူခြင်းကို ဆောင်ရွက်ကြခြင်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို ဒူးထောက်သည့် သားကောင်အဖြစ်မှ ရုန်းထွက်တွန်းလှန်တော်လှန်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။”  လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။ 

NUG အနေနဲ့ နေအိမ်အခြေပြု သင်ယူခြင်း၊ ပြည်သူ့အခြေပြုကျောင်းများ ၊ လက်လှမ်းမီရာနည်းအမျိုးမျိုးဖြင့် စဥ်ဆက်မပြတ်သင်ယူခြင်း ဆိုတဲ့ နည်းလမ်း ၃ သွယ်ကို ညွှန်းဆိုထားတာဖြစ်ပြီး နေအိမ်အခြေပြု သင်ယူခြင်းလို့ဆိုရင် မိဘဖြစ်သူရဲ့ အချိန်ပေးနိုင်ခြင်း၊ ပညာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတ အမြင်လုံလောက်စွာ ရှိခြင်း၊ အထောက်အကူပြု ပစ္စည်း နည်းပညာ ပံ့ပိုးမှုတွေဖြည့်ဆည်းပေးနိုင်ခြင်းတို့မှာမူတည်တာမို့ တော်ရုံ မိဘအနေနဲ့ မလုပ်ဆောင်နိုင်ကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ 

နောက်နည်းလမ်းတသွယ်ဖြစ်တဲ့ ပြည်သူ့အခြေပြုကျောင်းများတွင် သင်ယူခြင်း ဆိုတဲ့အချက်ကို ဆန်းစစ်ကြည့်ရင်လည်း ပြည်သူ့အခြေပြု ကျောင်းတွေ ဘယ်လိုဖွင့်လှစ်ထားသလဲ၊ စာရင်းပေးသွင်းဖို့ အွန်လိုင်းကျောင်းတွေ ဖြစ်နေခဲ့ရင် ကွန်ပျူတာ၊ အင်တာနက် လစဥ်ကြေး စတဲ့ ပစ္စည်းနဲ့ လစဥ်ကုန်ကျစရိတ်၊ မိဘရဲ့ စောင့်ကြည့်ကူညီမှု ကြပ်မတ်မှုတွေ လိုအပ်လာတာဖြစ်ပြီး အချို့ကလည်း ပြည်သူ့အခြေပြုကျောင်းလိုမျိုးမှာ စာရင်းပေးသွင်းပေမယ့် လက်ခံတဲ့ အကြောင်းပြန်ချက်မရလို့ စာသင်နှစ် တနှစ် ကျော်လိုက်ရတဲ့ အလဟဿဖြစ်သွားတဲ့ ဖြစ်ရပ်တွေလည်း ပြီးခဲ့တဲ့နှစ်က ရှိခဲ့တာဖြစ်ပါတယ်။ 

NUG ရဲ့ ပညာရေး ဒုဝန်ကြီးဖြစ်သူကလည်း ၄င်းရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ် အကောင့်ကနေ ကြားကာလ ပညာရေးအကြောင်း NUG စာသင်ကျောင်းတွေကို အသိအမှတ်မပြုကြောင်းတွေ နဲ့ပတ်သက်ပြီး ရှင်းပြတဲ့ ပို့စ်တခု ခုရက်ပိုင်းတင်ထားတာတွေ့ရပြီး အခု ချိန်မှာ ဆရာဆရာမတွေကို တီအိုတီ သင်တန်းတွေ စပေးနေပြီး ပြည့်သူ့ပညာရေး ကျောင်း ဖက်ဒရယ်အွန်လိုင်း ကျောင်းတွေမှာ ဆရာဆရာမတွေရဲ့ အားထုတ်မှုနဲ့ အသီးအပွင့်ခံစားရတော့မှာလို့ ဆိုထားတာ ဖတ်ရသလို တော်လှန်ရေး ပြီးရင် ပိုကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကြားကာလ ပညာရေးပြီးရင် ပုံစံအမျိုးမျိုးသောကျောင်းတွေ ၊ ကျောင်းသားတွေ အနေနဲ့ ပြည်သူ့အစိုးရရဲ့ မူဝါဒအတိုင်းပဲ လက်ခံသွားကြရမှာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အတန်းတက်တာထက် ကိုယ့်ရဲ့ တတ်မြောက်မှု တိုးတက်လာဖို့ ပိုဦးစားပေးပါလို့လည်း တိုက်တွန်းထားပါတယ်။ 

ဒီလို ပြောဆိုမှုကို မူအားဖြင့် ယေဘုယျ ငြင်းစရာမရှိသော်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးအခြေအနေ နိုင်ငံတကာနဲ့ ဆက်စပ်သင်ယူမှုတွေ လုပ်ငန်းခွင်တွေက နားလည် သတ်မှတ်ထားကြတာတွေအရ ဒီလို တိုးတက်တဲ့ ပညာရေး အမြင် လက်တွေ့ကျင့်သုံးမှုတွေက လိုက်နာကျင့်သုံးဖို့ ခက်ခဲနေဆဲ အနေအထားဖြစ်ပါတယ်။ သီအိုရီအရ အငြင်းပွားစရာ မဟုတ်ပေမယ့် လက်တွေ့မှာ ဖေါ်ဆောင်နိုင်ဖို့ အခက်အခဲတွေ အများအပြားရှိနေတာကို သဘောပေါက်ဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ နိုင်ငံရေးအရ နိုးကြားမှုကို လှုံ့ဆော်ဖို့လိုအပ်တာ မှန်ပင်မှန်သော်ငြားလည်း ပညာရေးကို နိုင်ငံရေးဇတ်သွင်းခြင်း အလွန်အကျွံမလုပ်မိဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ နိုင်ငံရေး နဲ့ ပညာရေးကို ထွေးရောယှက်တင် စဥ်းစားခြင်း၊ နိုင်ငံရေး အကျိုးအမြတ်အတွက် ပညာရေးကို စတေးခြင်းတွေ လုပ်ဆောင်မိရင် ဒီမူဝါဒ ပြောဆိုချက်၊ ထုတ်ပြန်ချက်တွေရဲ့ အကျိုးသက်ရောက်မှုက ကျောင်းနေအရွယ် ကလေးငယ် သောင်းနဲ့ သိန်းနဲ့ အပေါ် သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ တဖက်မှာ နိုင်ငံရေးအရ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေ အများအပြားရှိနေတာလည်း အရှိတရားဖြစ်ပြီး အဲဒီဒေသတွေမှာ နေထိုင်ကြရတဲ့ လူထုရဲ့ ကျောင်းပညာရေးအတွက် တမျိုးစဥ်းစား စီစဥ်ကြရမှာ ဖြစ်ပေမယ့် အဲဒီဒေသမှာ ကလေးသူငယ်တွေ ကျောင်းတက်နိုင်ခြင်းမရှိတဲ့ အခြေအနေနဲ့ နှိုင်းယှဥ်ပြီး ကျောင်းဖွင့်လှစ် သင်ကြားနိုင်တဲ့ မြို့တွေက ကလေးသူငယ်တွေရဲ့ ပညာရေးကို မကန့်သတ်သင့် အရိပ်မထိုးသင့်ဘူးလို့ ယူဆမိပါတယ်။ 

ကလေးသူငယ်တိုင်း၊ လူငယ်တိုင်း ပညာသင်ကြားခွင့်က လူ့အခြေခံအခွင့်အရေးဖြစ်တယ်ဆိုတဲ့ အခြေခံ တန်ဖိုးကို မထိပါးမိဖို့ အရေးကြီးတယ်လို့ ယူဆပါတယ်။ တဖက်မှာ လက်နက်ကိုင် တိုက်ပွဲတွေ နေရာအနှံ့အပြား ဖြစ်နေသည့်တိုင် မဖြစ်ပွားသေးတဲ့ ဒေသတွေက ကလေးသူငယ်တွေ ပညာသင်ကြားခွင့်က ၄င်းတို့ရဲ့ မိဘတွေ ရဲ့ ရွေးချယ်မှုဖြစ်ပြီး အဲဒီရွေးချယ်မှုကို လေးစားရမှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ အယူအဆ လွဲနေရင် တည့်မတ်ပေးဖို့ ရှင်းလင်းပြောဆိုဖို့သာ ဝတ္တရားရှိပြီး ပညာသင်ကြားရေးကို နိုင်ငံရေးအရောင် အလွန်အကျွံ မဆိုးသင့်ဘူးလို့ မြင်မိပါတယ်။ လက်နက်ကိုင် တော်လှန်ရေး သို့မဟုတ် အတွေးအခေါ် တော်လှန်ရေးတွေက လပိုင်း၊ ဒိထက်ပြောရရင် နှစ်ပိုင်းနဲ့တောင် ပြီးချင်မှ ပြီးနိုင်တာလည်း ဖြစ်လို့ အဲဒီကာလတွေမှာ ကြီးပြင်းလာမယ့် ကလေးတွေရဲ့ အတတ်ပညာ၊ အသက်အရွယ်အလိုက် သင်ယူလေ့လာရမယ့် အခြေခံ ပညာရေး၊ အတတ်ပညာဆိုင်ရာ ကျွမ်းကျင်မှု စတာတွေကို လေ့လာသင်ယူနိုင်အောင် လမ်းညွှန်ပေးဖို့ ဝတ္တရားက အစိုးရလို့ မှတ်ယူထားတဲ့ အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ ဆိုချင်တာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar