Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၄)



လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၄)

(မိုးမခ) ဇွန် ၂ ၊ ၂၀၂၃


တရုတ်နဲ့ ဗဟိုအာရှ ၅ နိုင်ငံ (c+ca5)

၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲပြီးနောက် နိုင်ငံ ကြီး သေး စုစုပေါင်း ၁၅ နိုင်ငံ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီတင် တရုတ်ပြည်က ဒါကို အခွင့်ကောင်းလို့ (ဆိုဗီယက်ကို တရုတ်က ပြန်လည်ပြင်ဆင်ရေးသမားများ ဖြစ်သွားပြီလို့ သတ်မှတ်ထားရုံမက ဆိုဗီယက် ပြိုကွဲလို့ နယ်စပ်တလျှောက်က တင်းမာမှုများလည်း လျော့ကျသွား) သဘောထားပြီး ဆိုဗီယက် ပြိုကွဲပြီး ကွဲထွက်လာတဲ့ နိုင်ငံငယ်လေးများအတွင်းက လေဟာနယ် ဟူသမျှ မှာ ၀င်ရောက် နေရာယူလိုက်ပါတယ်။

တချို့နိုင်ငံတွေမှာ သယံဇာတ(ရေနံ၊ ဓာတ်ငွေ့၊ ဓာတ်သတ္တုအမျိုးမျိုး) အလွန်ပေါကြွယ်ဝပြီး အဲဒါတွေ ထုတ်ယူရာမှာပဲဖြစ်ဖြစ်၊ ကုန်ချောအဖြစ်ပြောင်းလဲတဲ့ စက်မှုလုပ်ငန်းများမှာပဲ ဖြစ်ဖြစ် အလွန်အဆင့်မြင့်ပါတယ်။ ဒါပေမဲ့ ဒါတွေအားလုံးကို ချုပ်ကိုင်ထားတဲ့ အုပ်ချုပ်သူများ၊ ပညာရှင်များ အများစုဟာ ရုရှားများပါ။ သူတို့အားလုံးနီးပါး ဆိုဗီယက်ကြီးပြိုကွဲ့တဲ့ ရှုပ်ရှုပ်ထွေးထွေးကာလကြီးအတွင်း ပြည်တော်ပြန်ကုန်ကြပါတယ်။ ဒီနေရာတွေမှာ တရုတ်တွေ ဝင်လာပြီး၊ ရတဲ့နေရာက၀င်၊ တဖြည်းဖြည်းနဲ့ ဖြည့်စွက်လုပ်ဆောင်လာတာပါ။

ဒီလိုနဲ့ အခု အနှစ် (၃၀) ကြာပြီးနောက်—

၂၀၂၃ မေလ ၁၈-၁၉ ရက်နေ့တွေမှာတော့ ရှေးပိုးလမ်းမကြီး စတင်ခဲ့တဲ တရုတ်ပြည်က ထန်မင်းဆက်မြို့တော်ဟောင်း ရှီအန်းမှာ ပထမဆုံးသော တရုတ်-ဗဟို အာရှ ၅ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။

တရုတ်သမ္မတရှီကျင့်ပင်က အိမ်ရှင်အဖြစ်လက်ခံ- ပြုလုပ်ခဲ့တဲ့ အဲဒီ အစည်းအဝေးကြီးကို ဗဟိုအာရှ ၅ နိုင်ငံဖြစ်တဲ့— ကာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ တာဂျစ်ကစ္စတန်၊ တက်မဲန်နစ္စတန်နဲ့ ဥစဘက်ကစ္စတန်တို့က သမ္မတများ တက်ရောက်လာကြပါတယ်။ 

နှစ်ရက်ကြာပြုလုပ်တဲ့ ဒီထိပ်သီးအစည်းအဝေးကြီး(ပထမရက်က အိမ်ရှင် တရုတ်နိုင်ငံနဲ့ တနိုင်ငံချင်းစီ ဆွေးနွေးပြီး ဒုတိယရက်မှာ ခြောက်နိုင်ငံလုံးမျက်နှာစုံညီဆွေးနွေးပွဲကြီးပြုလုပ်ခဲ့)မှာ နှစ်ဘက်ဆွေးနွေးပွဲနဲ့ အများစုပေါင်းဆွေးနွေးပွဲပေါင်း (၂၀)ကျော်ပြုလုပ်ခဲ့ပြီး၊နှစ်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်ရေးစာချုပ်များချုပ်ဆိုကြတဲ့အပြင် (၆)နိုင်ငံလုံးပူးပေါင်းပြီး --ရှီအန်း ကြေညာချက် ဆိုတာ ကိုထုတ်ပြန်လိုက်ပါတယ်။

ဒီကြေညာချကိမှာပါတဲ့ အချက်များကတော့--တရုတ်နဲ့ ဗဟိုအာရှ(၅)နိုင်ငံများ နှစ်ဖက် အကြား ပူးပေါင်းဆောင်ရွက်မှုများဟာ  ဘက်စုံဖြစ်ပြီး အလွန်အကျိုးရှိကြောင်းအသိအမှတ်ပြုပြီး ခြောက်နိုင်ငံစလုံးအနေနဲ့ အနာဂတ်တွေကိုမျှဝေထားတဲ့ ပိုမိုနီးစပ်တဲ့ လူ့အဖွဲ့အစည်းတည်ဆောက်ရေးအတွက် သဘောတူညီမှုရခဲ့ကြောင်း။

နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ပြဿနာများကို ပူးတွဲအဖြေရှာရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မယ့် ပုံမှန်ယန္တရားကိုလည်း ထူထောင်ပြီး အဲဒီအစီအစဉ်အရ ထိပ်သီးဆွေးနွေးပွဲများကို နှစ်နှစ် တကြိမ် တရုတ်နဲ့ ဗဟိုအာရှနိုင်ငံ တနိုင်ငံစီကြား တလှည့်စီ ကျင်းပရေး သတ်မှတ်ထားပါတယ်။ ဒါ့အပြင် ခြောက်နိုင်ငံစလုံးအနေနဲ့ မိမိတို့ရဲ့ သက်ဆိုင်ရာနိုင်ငံများရဲ့ ဖွံ့ဖြိုးတိုးတက်မှုဗျူဟာများနဲ့ ပိုးလမ်းမစီမံကိန်း (Belt and Road Initiative B.R.I)များနဲ့ ချိတ်ဆက်လုပ်ဆောင်ကြရန်လည်း သဘောတူညီမှု ရခဲ့ကြကြောင်း။

ကုန်သွယ်ရေးတိုးမြှင့်ဖို့၊ ကုန်းလမ်း၊ရထားလမ်း၊ လေကြောင်းလမ်းများကိုလည်း ပိုမို အဆက်အသွယ်ကောင်းရေး၊ စိုက်ပျိုးရေးလုပ်ငန်းများမှာလည်း ပိုမိုပူးပေါင်းဆောင်ရွက်ဖို့၊ ခရီးသွားအစီအစဉ်များ ပိုမိုတိုးတက်ဖို့၊ စတာတွေလည်း ပါဝင်ပါတယ်။ တခြားပူးပေါင်းဆောင်ရွက်မယ့် စီမံကိန်းများလည်း ပါဝင်ပါတယ်။

ဒီတခါ အစည်းအဝေးမှာထွက်ပေါ်လာတဲ့ အကြောင်းအရာများမှာ အံ့သြဖွယ် အချက်များကိုလည်းတွေ့ရပါတယ်။

အဲဒီဒေသမှာ အခြေချ လုပ်ဆောင်နေတဲ့ တရုတ်ကုမ္ပဏီပေါင်း ၈၀၀၀ ကျော်ရှိကြောင်း။

အဲဒီဗဟိုအာရှ ၅ နိုင်ငံက တရုတ်ကို တင်သွင်းတဲ့၊ ဓာတ်ငွေ့တွေဟာ တရုတ်ရဲ့ စုစုပေါင်းသွင်းကုန်ရဲ့ သုံးပုံနှစ်ပုံရှိကြောင်း၊ ဒါတွေကို ကမ္ဘာပေါ်မှာ အရှည်ဆုံးဓာတ်ငွေ့ပိုက်လိုင်းကြီး ၃ လိုင်းနဲ့ ပေးပို့နေတာဖြစ်ပြီး တာမက်နစ္စတန်က ဓာတ်ငွေ့များကို စတုတ္ထပိုက်လိုင်း(line-D)ကတဆင့်စတင်တော့မှာဖြစ်ကြောင်း၊(ဘယ်တုန်းက စတည်ဆောက်ကြတာလဲ မသိ။)

တရုတ်-ကာဂျစ်စတန်နဲ့ ဥစဘက်ကစ္စတန် သုံးနိုင်ငံ ဖြတ်ကျော်မယ့် ရထားလမ်း တည်ဆောက်ရေးကိုလည်း အရှိန်မြှင့်မှာဖြစ်ကြောင်း၊ ဥစဘက်ကစ္စတန်မှာ တည်ဆောက်နေတဲ့ ရထားလမ်းမှာပါ ရှိတဲ့ ဥမင်လိုဏ်ခေါင်းကြီးတခုဟာ ကမ္ဘာအရှည်ဆုံးဖြစ်ကြောင်း သိလိုက်ရပါတယ်။

အဲဒီဗဟိုအာရှ ၅ နိုင်ငံဟာ ကုန်းပိတ်နိုင်ငံများဖြစ်ပေမယ့် တရုတ်နဲ့ ဆက်သွယ်ရေးအရ တောင်ပိုင်းကတဆင့် ပစိဖိတ်သမုဒ္ဒရာသို့ ထွက်ပေါက်ရရှိနိုင်ပြီး မြောက်ဘက်မှာလည်း တရုတ်ရဲ့ ပိုးလမ်းမစီမံကိန်းများနဲ့ ဆက်စပ်ပြီး ဥရောပနိုင်ငံများကိုလည်း လမ်းပေါက်သွားနိုင်တာဖြစ်လို့ ကုန်သွယ်ရေးအတွက် အခွင့်ကောင်းတွေ ရရှိလိုက်တာဖြစ်ကြောင်းတွေ တွေ့ရှိလိုက်ရပါတယ်။

ဒါ့အပြင် အဲဒီဗဟို အာရှ ၅ နိုင်ငံဟာ တရုတ်အပြင် တခြား နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်နဲ့ရော၊ရုရှားနဲ့ရော၊ ဥရောပသမဂ္ဂနဲ့ရော၊ ဂျပန်တို့နဲ့ရော၊ ဒီလို နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်တဲ့ ဆွေးနွေးပွဲများလည်း ပြုလုပ်လျက်ရှိပြီး မိမိတို့ဒေသတွင်း တပေါင်းတစည်းတည်း စီးပွားရေးများတိုးတက်ဖွံ့ဖြိုးလာရေးအတွက် ကြိုးစားနေကြပါတယ်။ (ဒါမှသာ တိုင်းပြည်များဖွံ့ဖြိုးတိုးတက်လာပြီး အစွန်းရောက် အကြမ်းဖက်ဝါဒသမားများကို တားဆီးနိုင်မှာလို့လည်း ဆိုကြပါတယ်။)

တရုတ်အတွက်ကလည်း သူ့နိုင်ငံက မူစလင်တွေအများစုရှိတဲ့ စင်ကျန်နဲ့ ဆက်နေတဲ့ နိုင်ငံများဖြစ်လို့အဲဒီနိုင်ငံတွေ ငြိမ်းချမ်းသာယာပြီး တည်ငြိမ်ရေးဟာ အရေးကြီးပါတယ်။

အဲဒီရေရှည်အမြင်နဲ့ တရုတ်တွေဟာ တိတ်တိတ်ဆိတ်ဆိတ် သိုသိုသိပ်သိပ် ခေါင်းငုံ့ပြီး အနှစ် ၃၀ ကျော် ကြိုးစားလာတာ အခု လက်တွေ့အတော်အကောင်အထည်ပေါ်မှ ပွဲထုတ်လာပုံရပါတယ်။

ဒီလိုနည်းနဲ့ တရုတ်တွေဟာ သူတို့ရဲ့ ပိုးလမ်းမစီမံကိန်းကို ရုရှားရဲ့ ယူရေရှားစီးပွားရေးဇုန်နယ် (Eurasia Economic Union.E.E.U) စီမံကိန်းများနဲ့ ပူးပေါင်းလိုက်နိုင်ပြီး ကမ္ဘာအလယ်ဗဟိုလို့ ဆိုနိုင်တဲ့ ယူရေရှားဒေသမှာ စီးပွားရေးဇုန်နယ်ကြီး တခု တည်ဆောက်လိုက်နိုင်တာ တွေ့ရပါတော့တယ်။

လှကျော်ဇော

၃၁-၅-၂၀၂၃။

ကိုးကား။ China-Central Asia Summit: Shaping the future of cooperation - CGTN 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar