Breaking News

၂ ရက်နဲ့ ပြီးဆုံးသွားတဲ့ မိုင်းလား ဆွေးနွေးပွဲ နဲ့ မြို့တွင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ကြာအင်းဆိပ်ကြီးမြို့


မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၃ မြင်ကွင်း

(မိုးမခ) ဇွန် ၄၊ ၂၀၂၃ 


၂ ရက်နဲ့ ပြီးဆုံးသွားတဲ့ မိုင်းလား ဆွေးနွေးပွဲ နဲ့ မြို့တွင်းမှာ တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့ ကြာအင်းဆိပ်ကြီးမြို့  

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ နဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီတို့ ဇွန်လ ၁ ရက်နေ့က နေ ၃ ရက်နေ့အထိ ဆွေးနွေးမယ်လို့ သဘောတူထားကြတဲ့ ငြိမ်းချမ်းရေး ကိစ္စရပ်များ ဆွေးနွေးပွဲဟာ ၂ ရက်တာနဲ့ အဆုံးသတ်လိုက်ကြတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ၂ ရက်တာနဲ့ ရပ်ဆိုင်းလိုက်ရတဲ့အကြောင်းရင်းကို တရားဝင်ထုတ်ပြန်ကြတာမျိုး မရှိပေမယ့်၊ စစ်ကောင်စီဘက်က ဆွေးနွေးလိုတဲ့ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကိစ္စနဲ့ ဒီမိုကရေစီ တည်ဆောက်ရေး ကိစ္စလို့ ယေဘုယျ စကားလုံးတွေနဲ့ ထုတ်ဖေါ်ပြောဆိုပြီး မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကတော့ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကူညီရေးကိစ္စ၊ မတရားသင်းကြေညာထားမှုကို ပယ်ဖျက်ပေးရေး ကိစ္စတွေ ဆွေးနွေးတယ်လို့ သတင်းဖေါ်ပြမှုတွေမှာတွေ့ရပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့က တရုတ်နိုင်ငံက တိုက်တွန်းမှုတွေ့ဆုံဆွေးနွေးဖို့ ပြောဆိုမှုတွေကြောင့် ဆွေးနွေးရတဲ့ သဘောမျိုး ပြောဆိုကြတာလည်း တွေ့ရပြီး တခုသော သတင်းရင်းမြစ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့က တောင်းဆိုမှုကြောင့် တရုတ်နိုင်ငံက စီစဥ်ရတာလို့လည်း တရုတ်နိုင်ငံဘက်က ပြောဆိုမှုအပေါ် အခြေခံပြီး ပြောဆိုထားတာတွေ့ရပါတယ်။ 

ဝ အဖွဲ့၊ မိုင်းလားအဖွဲ့ နဲ့ အက်စ်အက်စ်ပီပီ တို့ကတော့ စစ်ကောင်စီနဲ့ နေပြည်တော်မှာ ဆွေးနွေးမှုတွေ ရှိနှင့်နေပြီးဖြစ်လို့ အခုဆွေးနွေးပွဲမှာ ပါဝင်ခြင်းမရှိတဲ့ သဘောလို့လည်း ဆိုပါတယ်။ 

မြောက်ပိုင်း မဟာမိတ်  ၇ ဖွဲ့ထဲမှာ NUG နဲ့ PDF လက်နက်ကိုင် အဖွဲ့တွေကို သိသာထင်ရှားစွာ အကူအညီပေးနေတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ KIA/KIO ကတော့ အခုဆွေးနွေးပွဲမှာ ပါဝင်ခြင်းမရှိပါဘူး။ စစ်ကောင်စီ ဘက်က မဟာဗျူဟာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို NUG နဲ့ PDF တို့ရဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေနဲ့ ပေါင်းစည်းသွားတာ လက်နက် အကူအညီ၊ ရောင်းချတာ၊ စစ်ရေး သင်တန်းတွေ လေ့ကျင့်ကူညီပေးတာတွေ မလုပ်နိုင်အောင် ကြိုးစားဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ တဖက်မှာလည်း ကေအိုင်အေ အနေနဲ့ စစ်ကိုင်းတိုင်း နဲ့ မကွေးတိုင်း မန္တလေးတိုင်း ဒေသအချို့တို့ မှာ PDF တွေကို စစ်ရေးဆိုင်ရာ လေ့ကျင့်ပေးမှု၊ လက်နက်နဲ့ စစ်ရေးနည်းနာ ဦးဆောင်မှုတွေ အပိုင်းမှာ ပါဝင်နေနှင့်ပြီး ဖြစ်တာလည်း ဖြစ်ပါတယ်။ 

ဝ အဖွဲ့အနေနဲ့တော့ NUG နဲ့ PDF လှုပ်ရှားမှုတွေအထဲ ပါဝင်ပတ်သက်တဲ့ အထောက်အထားတွေ မတွေ့ရှိရသေးပါဘူး။ ဝ အဖွဲ့ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနက် အင်အားအကောင်းဆုံး၊ အခြေအကျဆုံး အဖွဲ့ဖြစ်ပြီး တရုတ်နိုင်ငံနဲ့ နယ်မြေအရ ကူးလူးဆက်သွယ်မှုအရ ဆက်ဆံရမယ့် အနေအထားလည်း ရှိနေကာ ၄င်းတို့ရဲ့ လက်ရှိအနေအထားကို မထိခိုက်အောင် ဂရုပြုပြီး လုပ်ဆောင်နေတဲ့ သဘောမျိုးတွေ့ရပါတယ်။ 

စစ်ကောင်စီဘက်က အစိုးရိမ်ဆုံးအနေအထားတရပ်ကတော့  NUG နဲ့ PDF တွေအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်ပြီး လက်နက်ကိုင်တိုက်ပွဲတွေ တပြိုင်နက်တည်း ဖော်ဆောင်မယ့် အခြေအနေမျိုးဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကို ကြားမှာနေနေအောင် ကြိုးစားဖို့လို့ လွယ်လွယ်ပြောနိုင်ပါတယ်။  ဒီလို အခင်းအကျင်းမျိုး ပေါ်ထွက်မလာအောင် စစ်ကောင်စီဘက်က အစွမ်းရှိသရွေ့ ကြိုးစားမှာ အသေအချာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့တော့ စစ်မှန်တဲ့ ဖက်ဒရယ်ကို ယုံကြည်လိုလားတဲ့ အင်အားစုဖြစ်မှ လက်တွဲနိုင်မယ့် သဘောလည်း ဖြစ်ပါတယ်။ 

ဒီနေ့အဖို့ နောက်သတင်းအကြောင်းအရာ တရပ်ကတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ သတင်းဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေက ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့က လဝက၊ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ တရားရုံးတွေကို တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပြီး အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိတဲ့ သတင်းတွေ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ ဇွန်လ ၁ ရက်နေ့ကဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေအတွင်း လက်နက်ကြီးကျတာကြောင့် ဘုန်းတော်ကြီးတပါး သေဆုံးပြီး အရပ်သားအချို့ ဒဏ်ရာရခဲ့သလို ၊ ဇွန်လ ၂ ရက်နေ့ မှာတော့ နေအိမ်တလုံးကို လက်နက်ကြီး ကျည်ထိမှန်ခဲ့ပြီး အရပ်သား ၄ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။  မွန်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ကြာအင်းဆိပ်ကြီးမြို့ ကို ကေအန်ယူအနေနဲ့ သိမ်းယူဖို့အထိ ရည်မှန်းထားသလားတော့ တိတိကျကျ မပြောနိုင်သေးတဲ့ အနေအထားဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar