Breaking News

ကျောက်ကြီးမြို့နယ် နတ်သံကွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရ၊ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူ ဖမ်းမိတယ်လို့ဆို

မြန်မာနွေဦး ခရိုနီကယ် - ဇွန် ၆ မြင်ကွင်း

(မိုးမခ) ဇွန် ၇၊ ၂၀၂၃


ကျောက်ကြီးမြို့နယ် နတ်သံကွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရ၊ အဆိုတော် လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်သူ ဖမ်းမိတယ်လို့ဆို 

ပဲခူးတိုင်း တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်း ကျေးရွာက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရှိတဲ့ ရဲစခန်းနဲ့ လုံခြုံရေး ကင်းနေရာတွေကို ကေအန်ယူနဲ့ ပီဒီအက်ဖ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်နဲ့ ရဲ စုစုပေါင်း ၁၀ ဦးခန့် သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ စစ်တောင်းမြစ် ဖြတ်ကူးတဲ့ တံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားတာဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာမှာ အရပ်သား ထိခိုက်မှုတွေလည်း ရှိခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ ကူပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ကရင်လူမျိုးတွေ အများစုနေထိုင်ကြတဲ့ တောင်ငူခရိုင်ထဲက ကျောက်ကြီးဒေသဟာ ၂၀၁၂ ခုနှစ် ကေအန်ယူနဲ့ ဦးသိန်းစိန် အစိုးရ အပစ်ရပ်သဘောတူညီမှု လက်မှတ်မထိုးမီ အရင်ကာလတွေကတည်းက လက်နက်ကိုင် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားသလို စစ်တပ်ဘက်က မထင်ရင် မထင်သလို ဥပဒေမဲ့ သတ်ဖြတ်လေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ၂၀၁၂ မတိုင်ခင်ကာလတွေက အမဲရောင်နယ်မြေလို့ စစ်တပ်ဘက်က သတ်မှတ်ရ လောက်အောင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အားကောင်းတဲ့ ဒေသ ဖြစ်ပြီး မိုင်းထောင်တာ၊ စစ်တပ်စခန်း၊ ယာဥ်တန်း စတာတွေကို တိုက်ခိုက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ဒေသဖြစ်သလို စစ်တပ်ဘက်က ဥပဒေမဲ့ လက်တုံ့ပြန်နိုင်ဖို့ ဘောင်းဘီတို အဖွဲ့လို့ အမည်ပေးထားတဲ့ စစ်တပ်က စစ်သား နဲ့ အရာရှိ အရာခံတွေ ပါဝင်ဖွဲ့စည်းထားတဲ့ တရားဝင်မဟုတ်သော၊ လက်နက်ကိုင် အဖွဲ့မျိုး ဥပဒေအနည်းအကျဥ်းမျှတောင် ငဲ့စရာ၊ ကျင့်သုံးစရာမလိုပဲ လက်စားချေ သတ်ဖြတ်နိုင်ခဲ့ကြတဲ့ သမိုင်း အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ နောက်ခံရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဒေသခံ လူထုအဖို့ ဓါတ်ခဲ ၂ လုံးနဲ့ ဝိုင်ယာကြိုး တကိုက် နှစ်ကိုက်နဲ့ အခြားသက်သေအထောက်အထား မလိုပဲ ဘောင်းဘီတိုအဖွဲ့ရဲ့ အသတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်တွေ အများအပြားရှိခဲ့တဲ့ဒေသဖြစ်ပါတယ်။ 

အဲဒီကာလတုန်းက စစ်တောင်းမြစ်ရဲ့ အရှေ့ဘက် အခြမ်းနဲ့ အနောက်ဘက် အခြမ်း ကူးလူးသွားလာကြတဲ့အခါ လုံခြုံရေး စစ်ဆေးတဲ့ စစ်တပ်နဲ့ ရဲတွေကို အာဏာအကုန်ပေးအပ်ထားခဲ့ကြတဲ့ အစဥ်အလာလည်း ရှိပါတယ်။ အခုတဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ ဒီဒေသတွေမှာ အရင်အခြေအနေထက် ပိုပြီး ပြင်းထန်တဲ့ တိုက်ပွဲတွေ တိုက်ခိုက်မှုတွေ ပြန်လည်ပေါ်ထွက်လာတာလည်း ဖြစ်ပါတယ်။ 

ဒီနေ့သတင်းတွေထဲ အခြားသော သတင်းအကြောင်းအရာကတော့ လွန်ခဲ့တဲ့ တပတ်ဝန်းကျင်က ရန်ကင်းမြို့နယ် နေအိမ်ကို ပြန်ရောက်လာချိန် ကားပေါ်ကအဆင်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အဆိုတော် လီလီနိုင်ကျော် ဒီနေ့ သေဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့ အတူ ၄င်းကို လုပ်ကြံသတ်ဖြတ်သူ ၂ ဦးလို့ စစ်ကောင်စီဘက်က စွပ်စွဲချက်နဲ့ ကမာရွတ်မြို့နယ် အဆောင်တခုမှာ နေထိုင်သူ ၂ ဦးကို ဖမ်းဆီးလိုက်တဲ့ သတင်းဖြစ်ပါတယ်။ အဆိုတော် လီလီနိုင်ကျော်ဟာ အမျိုးသားရေး လှုပ်ရှားမှုကို ထောက်ခံသူ၊ စစ်တပ်ကို ထောက်ခံသူဖြစ်လို့ မြို့ပေါ်က လုပ်ကြံသတ်ဖြတ်တဲ့ အဖွဲ့တဖွဲ့က လူငယ် ၂ ဦးက ပစ္စတိုသေနတ်နဲ့ ပစ်သတ်ခဲ့တာ လို့လည်း အဲဒီသတင်းမှာ ဖေါ်ပြကြပါတယ်။ 

လုပ်ကြံသတ်ဖြတ်သူတွေ ရဲ့ ပစ်မှတ်က စစ်ကောင်စီကို တက်ကြွစွာ ထောက်ခံတဲ့ မဘသ၊ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတွေ၊ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး၊ ပါတီဥက္ကဌ၊ အတွင်းရေးမှူး၊ စစ်တပ်၊ ရဲ နဲ့ အချို့ စီဒီအမ် မလုပ်တဲ့ အစိုးရဝန်ထမ်းတွေ ဖြစ်ပါတယ်။ အခု လုပ်ကြံသတ်ဖြတ်မှုမှာ အဆိုတော် လီလီနိုင်ကျော်ဟာ ဝိုင်အမ်ဘီအေ နဲ့ အမျိုးသားရေး လှုပ်ရှားမှုတွေကို ထောက်ခံသူလို့ သိရှိကြပြီး စစ်တပ်က အရာရှိကြီးများနဲ့ ရင်းနှီးသူဖြစ်တာကြောင့် လုပ်ကြံသတ်ဖြတ်သူတွေက ပစ်မှတ်အဖြစ် ရွေးချယ်ကြတဲ့ သဘောလို့ ကောက်ချက်ချရပါတယ်။ အခု စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာ အဆိုပါ လုပ်ကြံသတ်ဖြတ်ကြတဲ့သူတွေကို ကျောင်းသားသမဂ္ဂခေါင်းဆောင် ဟောင်း ဒီငြိမ်လင်းက လီလီနိုင်ကျော်ကို သတ်ဖြတ်ဖို့ အချက်အလက်ပေး ညွှန်ကြားတယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။ 

ဒီနေ့သတင်းတွေထဲ နောက်အကြောင်းအရာတခုကတော့ မြဝတီမြို့နယ်ထဲက ဘီဂျီအက်ဖ်တွေ ထိန်းချုပ်ထားတဲ့ ဒေသဖြစ်တဲ့ ရွှေကုက္ကို နဲ့ လေးကေ့ကော်မြို့သစ် အနီးက မဲထော့သလေး တို့ကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်ဓါတ်အား ပေးပို့မှု ဒီနေ့ က စလို့ဖြတ်တောက်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ 

မြန်မာနိင်ငံထဲမှာ ရှိတဲ့ ရွှေကုက္ကို အနီး ကာစီနို လောင်းကစားဝိုင်းတွေ နဲ့ နောက်ပိုင်းမှာ အွန်လိုင်း ကတဆင့် ငွေကြေးလိမ်လည်မှုတွေကို လုပ်ကိုင်ကြတဲ့ နေရာတွေကို နှစ်အနည်းငယ်ကြာကတည်းက ထိုင်းနိုင်ငံက လျှပ်စစ်ဓါတ်အား သွယ်တန်း ရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။ ဒီကာစီနိုနဲ့ အွန်လိုင်းက တဆင့်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ လုပ်ငန်းတွေဟာ ဒေသတွင်းနိုင်ငံတွေ အထိသက်ရောက်မှုတွေ ရှိနေပြီး အာဆီယံနိုင်ငံတွေက နိုင်ငံသားတွေ၊ အိန္ဒိယ တို့လို နိုင်ငံတွေက နိုင်ငံသားတွေကို ဖျားယောင်းခေါ်ယူပြီး နှိပ်စက် ရောင်းစားတာမျိုးတွေကနေ ကျွန်ပြုတဲ့ အခြေအနေမျိုးအထိ ဖြစ်ပွားနေတာဖြစ်ပါတယ်။  ဒီလို ငွေလိမ်တာ၊ ငွေညှစ်တာတွေ လုပ်ဆောင်ကြတာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားလာတဲ့ နေရာဖြစ်လာရာက ထိုင်းနိုင်ငံက အခုလို လျှပ်စစ်ဓါတ်အား မရောင်းချတော့တာ လို့ ယူဆစရာရှိနေပါတယ်။ 

မြဝတီမြို့နယ်ထဲက ဘီဂျီအက်ဖ်တွေက ထိန်းချုပ်ထားကြသလို အချို့သော လုပ်ငန်းတွေ အကျိုးအမြတ်တွေက ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲက အချို့သော လုပ်ပိုင်ခွင့်ရှိသူတွေဖြစ်ဖြစ်၊  အဖွဲ့လိုက်ဖြစ်ဖြစ် ခံစားခွင့်ရနေကြတယ်လို့လည်း သတင်းဌာနတချို့က စုံစမ်းဖော်ထုတ် ရေးသားခဲ့ကြတာ ဖြစ်ပါတယ်။ နကိုက လောင်းကစား လုပ်ငန်းအနေနဲ့ စတည်ထောင်လာခဲ့ကြရာက ကိုဗစ်ကပ်ဘေးဖြစ်ပွားပြီးနောက် လောင်းကစား လုပ်ငန်းကနေ နိုင်ငံဖြတ်ကျော်တဲ့ ရာဇဝတ်မှုတွေ အွန်လိုင်းက လိမ်လည်မှုတွေ၊ ပြန်ပေးဆွဲသလို ငွေညှစ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်မှုက ကျယ်ပြန့်လာပြီး ဒေသတွင်းနိုင်ငံက အစိုးရတွေ ဖိအားပေးလာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက နိင်ငံရေး ပြဿနာ လက်နက်ကိုင် ပဋိပက္ခပြဿနာက အခုလို ရာဇဝတ်မှုတွေကျူးလွန်သူတွေ အခြေချဖို့ မြေနေရာကို ပေးထားသလိုဖြစ်လာနေတာလည်း ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးတယ်လို့ ဆိုနိုင်တဲ့ ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဒေသဖြစ်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်သြဇာရှိတဲ့ နယ်မြေမှာ နိုင်ငံတကာကို ဖြန့်ကြက် ဒုက္ခပေးနေတဲ့ ရာဇဝတ်ဂိုဏ်းတွေ အခြေချ လုပ်ကိုင်နေကြတာလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar