Breaking News

သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၃)

Lieutenant Mayne (pictured centre in Norway in 1945) led his men through the final campaigns of the war in France, the Netherlands, Belgium, Germany and Norway










သီအိုဇော် - အထူးတပ်ဖွဲ့များသမိုင်းအစ ‘SAS’၏ပထမစာမျက်နှာ (၃)

(မိုးမခ) ဇူလိုင် ၂ ၊ ၂၀၂၃


‘စတာလင်’ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကွန်မင်ဒိုထရိန်နင်ဆင်းပြီးသူ အများစုဖြစ်နေလည်း တိုက်ရိုးတိုက်စဥ် မဟုတ်တဲ့ သီးသန့်အထူးပစ်မှတ်ကြီးတွေကို ရည်ရွယ်တဲ့ အထူးစစ်ဆင်ရေးမျိုးအတွက် ထပ်လေ့ကျင့် သင်ကြားကြဖို့ လိုအပ်နေပါသေးတယ်။ SAS တပ်ဖွဲ့ဝင်တွေကို သင်တန်းပေးတဲ့အပိုင်း ပြောကြတဲ့အခါမှာ မဖြစ်မနေ  ထပ်ဖြည့်စွက်ရမှာက သင်တန်းဆရာ ‘လူးဝစ်’နဲ့ ပတ်သက်ပါတယ်။ အခုခေတ် SAS လေ့ကျင့်မှုတွေမှာတော့ သင်ရိုးညွှန်းတမ်း အစုံအလင်၊ အရင်းအမြစ် အပြည့်အစုံနဲ့ ဖြစ်နေပေမယ့် မူလ SAS တပ်ဖွဲ့ဝင်များ အတွက်ကိုတော့ ‘လူးဝစ်’ က သာ တာဝန်ယူခဲ့ရလို့ ဖြစ်ပါတယ်။

ချွေးထွက်များသလို သွေးစက်လည်း မကင်းသည့် SAS ထရိန်နင်

အမှန်က SAS ထရိန်နင် ဆိုတာနဲ့ ဘယ်လောက်အထိ ခက်ခဲပြင်းထန်မယ် ဆိုတာကို သဘောပေါက်ကြပြီးသားပါ။ ဒါပေမယ့် မူလ SAS တို့ ဖြတ်သန်းခဲ့ကြရတဲ့ အခက်အခဲအချို့ကိုတော့ ဥပမာအဖြစ် ကောက်နုတ် ဖော် ပြသင့်တယ် ယူဆပါတယ်။ ဒီနေရာမှာ ‘ငါတို့မှာ ငါတို့ပဲရှိတဲ့ SAS’ ဆိုပြီး ခေါင်းစဉ်ငယ် နာမည်ပေးရရင်တောင် ကောင်းမလားလို့လည်း စဉ်းစားမိပါသေးတယ်။ 

ဘာကြောင့်လဲဆိုတော့ SAS (L Detachment)ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ရန်သူ့နယ်နိမိတ်ထဲက လေတပ်စခန်းတွေလို အဓိကပစ်မှတ်ကြီးတွေကို ချိန်ကိုက်ဗုံး တပ်ဆင်ဖောက်ခွဲဖို့ လေထီးစစ်ဆင်ရေး ပြုလုပ်ဖို့ပါ။ ဒါပေမဲ့ အပိုင်း (၂) မှာ ပြောခဲ့သလို SAS‌ တွေခမျာ ကိုယ် အသုံးပြုဖို့ ဗုံးကိုလည်း ကိုယ့်ဘာသာ တီထွင်ကြရပါတယ်။ ဒါ့အပြင်  အဓိကကျတဲ့ လေထီးခုန်လေ့ကျင့်ဖို့အတွက် သင်ကြားဖို့ ကျွမ်းကျင်တဲ့ သင်တန်းဆရာနဲ့ ပစ္စည်းကိရိယာ အကူအညီ ရှာပြန်တော့လည်း မရပြန်ပါဘူး။ ဒီတခါလည်း ဗုံးတီထွင်ခဲ့သူ သင်တန်းဆရာ ‘လူးဝစ်’ကပဲ  ကိုယ့်အားကိုယ်ကိုးပြီး သင်ကြားပေးရပြန်တဲ့အတွက်ပါ။

‘လူးဝစ်’က လေထီးခုန်ဖူးပါတယ်။ စနစ်တကျ လေ့ကျင့်သင်ကြားခံထားရတာတော့ မဟုတ်ပါဘူး။ အိန္ဒိယကို ပို့မယ့် လေထီးတွေ နေရာမှားပြီးရောက်လာလို့ စမ်းသပ်ခုန်ကြည့်တာမျိုးပါ။ ‘စတာလင်’ လေထီးခုန်ကြည့်ရာက ကိုယ်တပိုင်းသေလုနီးပါး ဒဏ်ရာနဲ့ ဆေးရုံတက်ခဲ့တဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အဲဒါ ’လူးဝစ်’နဲ့အတူ လေထီးခုန်ရင်း ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ‘လူးဝစ်’က‌တော့ ချောချောမောမော ခုန်နိုင်ခဲ့ပါတယ်။

SAS မှာ လေထီးခုန်ကျင့်ဖို့ လေယာဉ်မရှိပေမယ့် ထရပ်ကား‌တော့ ရှိတဲ့အတွက် ‘လူးဝစ်’ရဲ့ လေထီးခုန်သင်ခန်းစာက အရှိန်နဲ့မောင်းနေတဲ့ ကားပေါ်က လေထီးခုန်ချတဲ့ ပုံစံမျိုးနဲ့ လှိမ့်ချခုန်ဆင်းဖို့ စသင်ကြားပါတယ်။ တဖြည်းဖြည်းနဲ့ တနာရီ ၁၅ မိုင်နှုန်းကနေ ၃၀ မိုင်ကျော်နှုန်းအထိ အရှိန်မြှင့်မောင်းပါတယ်။ ပထမပတ်အပြီးမှာပဲ ဘယ်သူ့ကိုပဲကြည့်ကြည့် ပတ်တီး၊ ပလတ်စတာ ကိုယ်စီနဲ့  ကျိုးပဲ့ဒဏ်ရာရသွားတဲ့ သူများတောင် ရှိခဲ့တယ် ဆိုပါတယ်။

နောက်ပိုင်းမှာ ငြမ်းစင်လို စင်မြင့်ဆောက်လုပ်ပြီး ခုန်ချတဲ့ လေ့ကျင့်မှုတွေလည်း ပြုလုပ်ကြပါတယ်။ ရှိတာလေးတွေကို သုံးပြီး စီစဥ်ရတဲ့ ခေတ်နောက်ကျ ကျန်ရစ်နေပြီဖြစ်တဲ့ လေ့ကျင့်မှုမျိုးဖြစ်ကာ လေထီးခုန် လေ့ကျင့်မှုအတွက် တကယ့်သင်တန်းဆရာစစ်စစ် မရှိတဲ့ လေထီးခုန်သင်တန်းမျှသာ ဖြစ်တယ်လို့ မညှာမတာ သုံးသပ်ခဲ့တဲ့ အကဲဖြတ် အစီရင်ခံစာလည်း ရှိခဲ့ဖူးပါတယ်။

ဒါ့ကြောင့် ဖောက်ဖို့ ဗုံးလည်း မပေး၊ ခုန်ဖို့ လေထီးသင်တန်းလည်း စနစ်တကျ လာမသင်‌နဲ့  ရန်သူ့ပိုင်နက်ထဲ လေထီးခုန်စစ်ဆင်ရေး လုပ်စေတာကိုကြည့်ပြီး ‘ငါတို့မှာ ငါတို့ပဲရှိတဲ့ SAS’ ဆိုပြီး ခေါင်းစဥ်တပ်လိုစိတ် ပေါ်ခဲ့မိတာ မလွန်ဘူးလို့ပဲ ထင်မိပါတယ်။ ဒိတ်ဒိတ်ကြဲ SAS တပ်ဖွဲ့ ဒီလိုအစပြုခဲ့ရတယ်ဆိုရင် ယုံတမ်းစကားလို့တောင် ထင် နိုင်ပါသေးတယ်။

‘လူးဝစ်’တို့အဖွဲ့ကလည်း ရတဲ့နည်းလမ်းသုံးပြီး လေ့ကျင့်နေကြရတာဖြစ်လို့ ဘယ်သူ ဘာပဲ ပြောပါစေ၊ ဆက်လေ့ကျင့်ကြတာပါပဲ။ လေထီးခုန်ဖို့ တကယ်အထောက်အကူ ပြု၊ မပြု ဆိုတာထက် ခုန်ချရဲတဲ့စိတ်ကို စမ်းသပ်ပျိုးထောင်ပေးဖို့လည်း ရည်ရွယ်ပါတယ်။

သင်တန်းသားတွေ ‘လူးဝစ်’ကို လေးစားသဘောကျတဲ့ အချက်တွေထဲမှာ လေ့ကျင့်မှုတွေကို သူက အရင်ဆုံး ရှေ့က လုပ်ပြတတ်ခြင်းလည်း ပါဝင်ပါတယ်။ SAS ထရိန်နင်တွေမှာ ‘စတာလင်၊ လူးဝစ်၊ ပက်ဒီမိန်း’အစရှိတဲ့ အရာရှိတွေကလည်း အခြားအကြပ်တပ်သားများနဲ့အတူ လေ့ကျင့်ကြပါတယ်။

သဲကန္တာရထဲ ၁၁ မိုင်က ၁၀၀ မိုင် အကွာအဝေး ခရီးကြမ်းထွက်တဲ့ လေ့ကျင့်ခန်း လုပ်ကြတဲ့အခါမှာ  ရေဒီယို အဆက်အသွယ်၊ အရေးပေါ်ဆေးပစ္စည်း အထောက်အကူများကအစ ဖြတ်တောက်ပြီး တကိုယ်စာရေ၊ ရိက္ခာနဲ့ လက်နက်ပစ္စည်း အစုံအလင် ထမ်းပိုးပြီး လမ်းလျှောက်ကြရပါတယ်။ အမှားအယွင်းများရှိခဲ့ရင် အသက်အန္တရယ် ကြုံနိုင်တာမျိုးဖြစ်ပြီး အဲဒီအခြေအနေမှာ ကိုယ့်အားကိုယ်ကိုး ကိုယ့်ကိုကိုယ် ယုံကြည်ထားဖို့ကလွဲလို့ ဘာမှအားကိုးစရာမရှိပါဘူး။ အဲဒီလိုဖြစ်အောင်လည်း ‘လူးဝစ်’က ရည်ရွယ်ပါတယ်။ ‘ယုံကြည်မှုပြည့်ဝတဲ့ သူကသာ အောင်နိုင်မယ်’ဆိုတာက ‘လူးဝစ်’ရဲ့ လက်သုံးစကားပေါ့။ အထက်ကပြောခဲ့တဲ့ ပူပြင်းတဲ့ သဲကန္တာရ ခရီးကြမ်း လေ့ကျင့်မှုမျိုးမှာလည်း ‘လူးဝစ်’က သူတယောက်တည်း အရင် စလျှောက်ပြခဲ့တာပါ။

သူ့သင်တန်းသားတွေကလည်း မခေကြပါဘူး။ ‘ဒေါက်ဂလပ်စ် ကိ’ (Douglas Keith)ဆိုရင် မိုင် ၆၀ ချီတက်ခရီးအတွင်း မိုင် ၂၀ အရောက်မှာပဲ သူ့ဖိနပ်က ဆက်စီးမရတော့လို့ ခြေစွပ်နဲ့ပဲ ကျန်တဲ့မိုင် ၄၀ ကို ၇၅ ပေါင်လေးတဲ့ ကျောပိုးအိတ်ပိုးပြီး ခရီးဆုံးအထိရောက်အောင် ဆက်လျှောက်ခဲ့ပါတယ်။ ဆရာ့ထက် တပည့် လက်စောင်းပိုထက်တယ်လို့တောင် ဆိုရလေမလားပဲ။

‘လူးဝစ်’က သဲကန္တာရထဲမှာ ရှိတဲ့ရိက္ခာနဲ့ ခြိုးခြံနေတတ်အောင်လည်း စိတ်ပိုင်းဆိုင်ရာ စည်းကမ်း လုပ်ပါတယ်။ သူကိုယ်တိုင် မနက် လက်ဖက်ရည်တခွက်၊ နေ့လယ်စာအတွက် နောက်ထပ် လက်ဖက်ရည်တခွက်နဲ့ အပိုရေတခွက်၊ ပြီးတော့ လိမ္မော်သီး နှစ်လုံး၊ သုံးလုံးနဲ့ နေနိုင်အောင် ကျင့်ထားတယ်လို့ သူက ရေးခဲ့ဖူးပါတယ်။ သဲကန္တာရ ခရီးကြမ်း ချီတက်လေ့ကျင့်မှုမှာလည်း ယူသွားတဲ့ ရေပုလင်း မသောက်ဘဲ အပြည့်ပြန်ပါလာရတဲ့အထိ စည်းကမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလည်း လုပ်စေပါတယ်။ သူတို့စစ်ဆင်ရေးက ညမှောင်ကြီးမည်းမည်းမှာ လုပ်ကြရမှာ ဖြစ်တဲ့အတွက် နေ့ခင်းမှာ မျက်စိကို ပိတ်နှောင်စည်းထားပြီး လှုပ်ရှားလေ့ကျင့်မှုတွေ ပြုလုပ်စေပါသေးတယ်။

သဲကန္တာရက နေ့ပူညချမ်း ရာသီဥတုပါ။ တနေရာနဲ့ တနေရာ မတူသလို အပြောင်းအလဲလည်း မြန်ပါတယ်။ ဗြိတိသျှ စစ်သားတွေက အအေးဒဏ်နဲ့ မစိမ်းပေမယ့် နေ့ခင်းမှာ အပူချိန် ၄၀ ဒီဂရီ စင်တီဂရိတ်ကျော် (၅၀-၆၀ ဒီဂရီ စင်တီဂရိတ် ကျော်တာမျိုးလည်း ရှိတယ်လို့ ရေးကြတာတွေလည်း ရှိပါတယ်)  မြင့်တက်သွားတတ်တာမျိုးကတော့ တကယ့်ပြဿနာပါ။ လေကြောင်းစိုးမိုးမှု အားကောင်းတဲ့ ဝင်ရိုးတန်း တပ်တွေရဲ့ ဗုံးလာကြဲမှုတွေကိုလည်း SAS စခန်းမှာ ကြုံရတတ်ပါတယ်။  ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ နေ့နေ့ညည လုပ်ကြရတာမျိုးအပြင်၊ သဲကန္တာရလို လွင်တီးခေါင်ပြင်မှာ နိစ္စဓူဝ ကြုံတွေ့ရတဲ့ အခက်အခဲတွေကလည်း မနည်းလှပါဘူး။

’လူးဝစ်’က လက်နက်သင်တန်း၊ ဖောက်ခွဲရေး၊ မြေပုံလမ်းညွှန်၊ ရေဒီယိုဆက်သွယ်ရေး၊ အရေးပေါ်ဆေးကုသမှု၊ သဲကန္တာရထဲ ရှင်သန်အောင် နေထိုင်နည်း အစရှိတာတွေကိုလည်း လေကျင့်သင်ကြားပေးပါတယ်။ ’လူးဝစ်’ဟာ စေ့ စပ်သေချာသူ တဦးဖြစ်လို့ သင်တန်းကို ဘက်စုံထောင့်စုံကနေ စဉ်းစား စီစဉ်တတ်ပါတယ်။

ဥပမာ- တံတားဖောက်ခွဲဖျက်ဆီးရေး သင်ခန်းစာအတွက်ဆိုရင် ဗိသုကာ၊ ဆောက်လုပ်ရေးကျွမ်းကျင်သူတို့ကို လာရောက်ဆွေးနွေး သင်ပြစေပါတယ်။ ဘာကြောင့်လဲဆိုတော့ တံတားအမျိုးအစားအလိုက် ဘယ်နေရာက ကြံ့ခိုင်မှု အရှိဆုံး၊ အားအနည်းဆုံး ဆိုတာတွေကို သူတို့တတွေက ပိုသိနားလည်လို့ပါ။

ဒီလိုပါပဲ ရထားလမ်းများနဲ့ ပတ်သက်တာမျိုးဆိုရင် အီဂျစ်ရထားလုပ်ငန်းနဲ့  ဆွေးနွေးအကြံဉာဏ်ယူသလို လေယာဉ်နဲ့ ပတ်သက်ပြီး လေတပ်၊ ထောက်လှမ်းရေးအတွက် MI5 အစရှိသဖြင့် သူက ဖိတ်ခေါ်ပါတယ်။ ဆေးကုသမှုအတွက်ဆိုရင်လည်း ဆရာဝန်တွေ လာကြပြီး အရေးပေါ် လိုအပ်ခဲ့ရင် ဖြတ်တောက်မှုပိုင်းဆိုင်ရာ (Amputation) မျိုးအထိ အတွေ့အကြုံ ဗဟုသုတရအောင် သင်ကြားစေပါတယ်။ နေ့အချိန်မှာ (၉-၁၀) နာရီကြာ လေ့ကျင့်ရသလို ညပိုင်းမှာလည်း မှတ်ဉာဏ်စစ်ဆေးမှု လေ့ကျင့်ခန်း၊ ထောက်လှမ်းရေး မှတ်တမ်းဖတ်နည်း စတာတွေကို ဆက်သင်ကြရပါတယ်။ 

ဒီလိုနဲ့ ပထမဦးဆုံး လေထီးစစ်ဆင်ရေး မတိုင်မီ ၁ လ အလိုလောက်မှာ ဗြိတိသျှ တော်ဝင်လေတပ် အကူအညီနဲ့ လေထီးခုန် လေ့ကျင့်ခွင့် ရရှိခဲ့ပါတယ်။ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် လေကျင့်ထားပေမယ့် နဖူးတွေ့ ဒူးတွေ့ ခုန်ဆင်းကြတဲ့အခါမှာ အမှားအယွင်းတွေ ကြုံခဲ့ပြီး သူတို့ရဲ့တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ရတဲ့ ဆုံးရှုံးမှုကို ခါးသီးစွာ တွေ့ကြုံခဲ့ကြရပါတယ်။

SAS ထရိန်နင်တွေဟာ ပြည့်စုံမှုရှိတဲ့ အခုကာလပိုင်းမှာတောင် ကြမ်းတမ်းခက်ခဲနေတုန်းပါ။ တောင်ထဲ တောင်ထဲ ခရီးကြမ်းထွက်ပြီး ကြံ့ခိုင်မှုစမ်းသပ်ခြင်းကို ဗြိတိန်နိုင်ငံ ‘ဝေးလ်စ်’ပြည်နယ်က ‘ဘရက်ကွန်ဘီကန်စ်’ (Brecon Beacons) မှာ SAS သင်တန်းရွေးချယ်မှုအတွက် ပြုလုပ်ကြပါတယ်။ ၂၀၂၁ ခုနှစ်က ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဌာနရဲ့ ဖော်ပြချက်အရ ၁၉၈၁ ခုနှစ်ကစလို့ လေ့ကျင့်မှုအတွင်း အသက်ဆုံးရှုံးခဲ့သူ ၂၀ ဦး ရှိခဲ့ပြီလို့ သိရှိရပါတယ်။ ဗြိတိန်လို သူတို့ရဲ့စစ်သားတွေကို ဂရုတစိုက်ရှိတဲ့နိုင်ငံက စနစ်တကျ စီစဉ်ရေးဆွဲ ပြင်ဆင်ထားတဲ့ SAS ရွေးချယ်မှု  မှာ အချိန်မီ အသက်ကယ်ဆယ်လို့ မရနိုင်လောက်အောင် ဖြစ်သွားနိုင်တဲ့အထိ ပြင်းထန်ကြမ်းတမ်းနေဆဲပါ။    

 SAS (အမြဲတမ်း) တပ်ဖွဲ့ကို ဗြိတိန်နိုင်ငံရဲ့ အမြဲတမ်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များကသာ တိုက်ရိုက်လျှောက်ထားခွင့် ရှိပါတယ်။ အချိန် ၆ လခန့် ကြာမြင့်အောင် ဖြတ်သန်းရတဲ့ ရွေးချယ်မှု အဆင့်ဆင့်တွေထဲကနေ မှတ်သားစရာတွေ ရှိပါတယ်။ အဲဒီထဲမှာ မိုင်လေးဆယ် တောင်တက်ခရီးကြမ်းကို  သေနတ်အပြင် ၅၅ ပေါင်လေးတဲ့ စစ်ကျောပိုးအိတ်လွယ်ပြီး နာရီ ၂၀ အတွင်း အပြီးလျှောက်ရတာမျိုး ပါပါတယ်။ အများသုံး ရှိပြီးသား လမ်းကြောင်းကို သုံးခွင့်မရှိဘဲ  ဉာဏ်လွှာသုံးပြီး အခက်အခဲများထဲက လမ်းကြောင်းရှာ နေ့ရောညပါ ခရီးနှင်ကြရတာပါ။ SAS အထူးစစ်ဆင်ရေး ဖြစ်တဲ့အတွက် လူမြင်လွယ်တွေ့လွယ်တဲ့ နေရာတွေ အတတ်နိုင်ဆုံး ရှောင်ရှားသွားလာ လုပ်ဆောင်တတ်ကြဖို့ အသိကိုလည်း တလက်စတည်း ပေးလိုက်ခြင်းပါပဲ။

ဒါ့အပြင် ကျည်ခဲယမ်းအစစ်တွေသုံးတဲ့ တောတွင်းစစ်ဆင်ရေး လေ့ကျင့်မှုတွေကိုလည်း အစိမ်းသက်သက် နေရာတွေဖြစ်တဲ့ ဗဟိုအမေရိကတိုက်က ‘ဘလိဇ်’ (Belize) နိုင်ငံနဲ့ ဘရူနိုင်းတို့က တောနက်ကြီးတွေထဲမှာ ဖော်ဆောင်‌စေပါတယ်။ ရန်သူ့နယ်မြေထဲက တိုက်ပွဲများကြား ရက်သတ္တပတ်များစွာကြာ ရှင်သန်နေထိုင်နိုင်မှုကို  အကဲဖြတ်ကြသလို အစုအဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်‌တတ်မှု ရှိ၊ မရှိကိုလည်း ၄ ယောက်တစု ကင်းလှည့်အဖွဲ့များ ဖွဲ့ပေးပြီး စစ်ဆေးပါတယ်။ ဒီလေးယောက်ကလည်း လက်ဖြောင့်၊ ဖောက်ခွဲဖျက်ဆီး၊ ဆက်သွယ်ရေး၊ ဆေး၊ ဘာသာစကား၊ လေကြောင်းပစ်ကူလမ်းညွှန်  အစရှိသဖြင့် တဦးချင်း ကျွမ်းကျင်သူများ တွဲဖက်စုဖွဲ့ ပေးထားတာဖြစ်လို့  လေးယောက်ပေါင်းစွမ်းအားက ပိုလို့ ထိရောက်အားကောင်းစေပါတယ်။

နောက်ဆုံးအဆင့်အထိ ပါလာခဲ့သူများကတော့ အစာရေစာ ဖြတ်တောက်ထားတဲ့ ရက်သတ္တပတ်မှာ စနစ်တကျ တည်ဆောက်ထားတဲ့ နည်းပရိယာယ် မေးခွန်းများနဲ့ အိပ်စက်ခွင့်လည်း မရဘဲ ၃၆ နာရီကြာ ရန်သူ့လက်ထဲ စစ်ကြောရေးဝင် ညှဉ်းပန်းခံရမှုမျိုးတွေ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ စစ်ဆေးမှုများကို ဆက်ကျော်ဖြတ်ကြရပါတယ်။ 

SAS (အမြဲတမ်း)တပ်ဖွဲ့ အရည်အချင်းစစ် စမ်းသပ်ရွေးချယ်မှု အဆင့်ပေါင်းများစွာဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုသက်သက်ကိုသာ စစ်ဆေးတာ မဟုတ်ပါဘူး။ စိတ်ဖိအားဒဏ်ခံနိုင်စွမ်း၊ စိတ်ဓာတ်မာကျောမှု၊ စိတ်ပိုင်းဖြတ်ထားနိုင်စွမ်း၊ တဒင်္ဂ ဆုံးဖြတ်ချက်၊ လျှပ်တပြက်တုံ့ပြန်မှု အစရှိတာတွေကိုလည်း ထည့်သွင်းအကဲဖြတ်ပါတယ်။

ကိုယ်ရောစိတ်ပါ ကြံ့ခိုင်ပါတယ်ဆိုတဲ့ ကမ္ဘာ့ထိပ်တန်း ဗြိတိန် လက်နက်ကိုင်တပ်ဖွဲ့ အသီးသီးက ဝင်ရောက်ဖြေဆိုသူများရဲ့ ၉၀ ရာခိုင်နှုန်းလောက် ပြုတ်ကျကျန်ရစ်သွားခဲ့တဲ့အထိ ခက်ခဲလေ့ရှိတယ်ဆိုရင် နိုင်ငံတကာအနေနဲ့ ဗြိတိန် SAS တပ်ဖွဲ့ရဲ့  စွမ်းရည်သတ္တိ၊ အရည်အချင်းတို့အပေါ်  ဘာကြောင့် အထူးအလေးဂရုပြုထားကြရတယ် ဆိုတာ ပေါ်လွင်ပါတယ်။ 

၁၉၈၀ ပြည့်နှစ် မေလက လန်ဒန်မှာရှိတဲ့ အီရန်သံရုံး စီးနင်းခံရမှုမှာ ၁၇ မိနစ်အတွင်း ပြန်ပေးဆွဲ သေနတ်သမား ၆ ယောက်အနက် ၅ ယောက်ကို အသေပစ်၊ တယောက် အရှင်ဖမ်းပြီး ဓားစာခံတွေကို ကယ်ထုတ်တဲ့ ‘Operation Nimrod’က  SAS တပ်ဖွဲ့ရဲ့  စွမ်းရည်ကို လူသိပိုများစေခဲ့ပါတယ်။

SAS ရွေးချယ်မှုသမိုင်းမှာ အောင်မြင်သူ လုံးဝမရှိတဲ့ နှစ်အချို့ ရှိခဲ့ဖူးသလို ၅ ရာခိုင်နှုန်းအောက်သာ ရွေးချယ်ခံရတဲ့ ခုနှစ်မျိုးလည်း ရှိခဲ့ဖူးတာကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးက အခြားနာမည်ကျော် အထူးတပ်ဖွဲ့များနဲ့ နှိုင်းယှဥ်ရင်တောင်မှ SAS ‌‌စိစစ်ရွေးချယ်မှုက ပိုမိုခက်ခဲတယ်လို့ သုံးသပ်ကြတာမျိုးတွေ ရှိပါတယ်။

ဒီကနေ့ခေတ်နဲ့ သင်တန်းလေ့ကျင့်မှု အသွင်သဏ္ဌာန် ထပ်တူကျချင်မှ ကျနိုင်မှာ ဖြစ်ပေမယ့် ’စတာလင်’ကိုယ်တိုင်က မျက်မှောက်ကာလ SAS သင်တန်းလေ့ကျင့်ခန်းများရဲ့  အခြေခံစံတန်ဖိုးတွေကို အုတ်မြစ်ချထားပေးနိုင်ခဲ့တယ်လို့ ‘လူးဝစ်’ရဲ့ သင်တန်းနည်းစနစ်ကို ချီးကျူးခဲ့ဖူးပါတယ်။ ‘လူးဝစ်’ရဲ့ သင်တန်းဒဏ်ကို မခံနိုင်လို့ SAS မဖြစ်လိုက်ရတဲ့သူတွေ ရှိခဲ့ပြီး အဲဒီအချိန်တုန်းက အရှေ့အလယ်ပိုင်း စစ်မျက်နှာပြင်မှာရှိတဲ့ သင်တန်းအားလုံးထဲ မှာ ‘လူးဝစ်’ရဲ့ SAS သင်တန်းက အပြင်းထန်ဆုံး အခက်ခဲဆုံးလို့လည်း အရှေ့အလယ်ပိုင်း စစ်ရုံးချုပ်က လာရောက်လေ့လာအပြီး မှတ်ချက်ပေးခဲ့ဖူးပါတယ်။ 

ခေတ်အဆက်ဆက် ရရှိခဲ့တဲ့ SAS တပ်ဖွဲ့ဝင်တို့ရဲ့ အောင်မြင်မှုများဟာ ချွေးများနဲ့အတူ သွေးများလည်း ထွက်စေခဲ့တဲ့ ကြမ်းတမ်းခက်ခဲ ပြင်းထန်လှတဲ့ လေ့ကျင့်သင်ကြားမှု နည်းစနစ်တို့ရဲ့  အကျိုးဆက်များလို့လည်း ဆိုလို့ရနိုင်လိမ့်မယ် ထင်ပါတယ်။

(ဆက်လက်ဖော်ပြပါဦးမည်)



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar