Breaking News

ပညာရေး အကျပ်အတည်းကျနေတဲ့ မြန်မာနိုင်ငံ


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၁၉ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၃


ပညာရေး အကျပ်အတည်းကျနေတဲ့ မြန်မာနိုင်ငံ 

ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ ပညာရေး အကျပ်အတည်းထဲ ကျရောက်နေတယ်လို့ မှတ်ချက်ပြုပြောဆိုထားပါတယ်။ ပြည်တွင်းမှာ နေထိုင်သူ ကျောင်းနေအရွယ် သားသမီးရှိသူတိုင်း ဒီအကျပ်အတည်းဆိုတာကို ကိုယ်တိုင်ခံစားချက်အရ နားလည်ကြမှာ အသေအချာပဲ ဖြစ်ပါတယ်။ 

ပညာရေး အကျပ်အတည်းဆိုတာကို ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ၂၀၁၇-၂၂ ခုနှစ်အတွင်း ကျောင်းသားတွေ ကျောင်းအပ်မှု ရာခိုင်နှုန်း ၁၂ ရာနှုန်းကျဆင်းတာကို ထင်ရှားတဲ့ ကိန်းဂဏန်းအချက်အလက်တခုအနေနဲ့ ဖေါ်ပြထားသလို စစ်အာဏာသိမ်းမှုအပြီးမှာတော့ အထက်တန်းအဆင့် ကျောင်းသားတွေရဲ့ ကျောင်းအပ်တဲ့ ရာနှုန်းက ၂၂ ရာနှုန်းသာရှိပြီး ၇၈ ရာနှုန်းကျဆင်းခဲ့တဲ့ အကြောင်း နဲ့ စစ်အာဏာသိမ်းပြီးနောက် ပညာရေး နယ်ပယ်အပေါ်မှာ ရိုက်ခတ်တဲ့ ဂယက်တွေအကြောင်း ဖေါ်ပြထားကာ မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အကြပ်အတည်းထဲ ကျရောက်နေတယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် အရပ်သား ဝန်ထမ်းရော၊ လက်နက်ကိုင် ဝန်ထမ်းပါ အာဏာဖီဆန်ရေး “စီဒီအမ်”လှုပ်ရှားမှုတွေထဲပါဝင်ခဲ့ကြရာမှာ ပညာရေး ဝန်ထမ်းနဲ့ ကျန်းမာရေး ဝန်ထမ်းတွေက အရေအတွက်အားဖြင့် အများဆုံးပါဝင်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ စီဒီအမ် လုပ်သွားကြတဲ့နောက် အများပြည်သူတွေ တက်ရောက်ကုသနိုင်တဲ့ ဆေးရုံ၊ ဆေးပေးခန်းတွေ အသက်မဝင်တော့သလောက် နီးပါး ဖြစ်သွားသလို ပညာရေးဝန်ထမ်းတွေထဲက ရာခိုင်နှုန်းအများအပြားလည်း စီဒီအမ်လှုပ်ရှားမှုထဲ ပါဝင်လာခဲ့ကြတာကြောင့် မူလတန်း၊ အလယ်တန်းကျောင်းတွေက အစ တက္ကသိုလ် ကောလိပ်တွေအထိ ကောင်းမွန်စွာပြန်လည်ပတ်ဖို့ မလွယ်ကူလောက်အောင် ကျွမ်းကျင်တဲ့ ဝန်ထမ်းအင်အား မရှိသလောက်နီးပါး ဖြစ်ခဲ့ကြပါတယ်။ 

တနည်းအားဖြင့် ပြောရင် လက်နက်ကိုင် အဖွဲ့တွေမှာ ဖွဲ့စည်းပုံပျက်တယ်လို့ ဆိုတဲ့ သဘောမျိုး စာသင်ကျောင်းတွေမှာ သင်ယူလိုတဲ့ ကျောင်းသားတွေ ရှိခဲ့ရင်တောင်မှ သင်ကြားပေးမယ့် ကျွမ်းကျင်သူ သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဆရာတွေ မပြည့်စုံတော့တဲ့ အနေအထားမျိုး ရောက်ရှိခဲ့တာဖြစ်ပါတယ်။ နောက် အချက်တချက်က အထက်တန်းကျောင်းသား အချို့နဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသား အများအပြားက ဆန္ဒပြရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြပြီးနောက် ဒုတိယအဆင့်မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေထဲ ဝင်ရောက်ကုန်ကြတဲ့ ရေစီးကြောင်းတခု ဖြစ်ပေါ်လာတဲ့ သဘောပြောလို့ရလောက်တဲ့ အနေအထား ဖြစ်လာခဲ့ပါတယ်။ 

သင်ကြားတဲ့ ဆရာ/ ဆရာမတွေ ပညာရေး ဝန်ထမ်းတွေ စီဒီအမ်လုပ်တဲ့ ဆီကနေ ကျောင်းတွေမှာ အရေအတွက်ရော အရည်အသွေးပါ မပြည့်မှီတော့တဲ့ အခြေအနေမျိုးရောက်ခဲ့ပြီး ဒီအခြေအနေမှာ ကျောင်းအပ်လိုတဲ့ ကျောင်းသားမိဘတွေကို ကျောင်းတွေမှာ ဆရာ၊ ဆရာမ လုံလုံလောက်လောက်မရှိတဲ့ အောက်မှာ ဘာကြောင့် ကျောင်းသွားအပ်မှာလဲ နောက်တခုက စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန လက်အောက်က ကျောင်းတွေက ကျွန်ပညာရေးကို ဘာကြောင့် သွားသင်ယူမှာလဲဆိုတဲ့ နိုင်ငံရေးရှုထောင့်နဲ့  ချဥ်းကပ်တဲ့ စဥ်းစားမှုလည်း လူအများကြားထဲမှာ ရှိနေခဲ့ပြီး ၂၀၂၁ ခုနှစ်ကာလတွေမှာ တော်လှန်ရေးပြီးဆုံးမှ ကျောင်းပြန်တက်မယ်ဆိုတဲ့ မျှော်လင့် စဥ်းစားချက်တွေလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ 

ဆယ်ကျော်သက် ၁၆ နှစ်ကနေ အသက် ၂၀ ကျော်ဝန်းကျင် လူငယ်အများအပြား စာသင်ကျောင်းတွေမှာ ပညာသင်ယူရမယ့် အစား တောတွေထဲ၊ သို့မဟုတ် ကျေးရွာအလိုက် ကာကွယ်ရေး တပ်ဖွဲ့တွေထဲကို ရောက်ရှိကုန်ကြပြီး စစ်သင်တန်းတက်ရောက်တာ တိုက်ပွဲတွေမှာ ဝင်တိုက်တာတွေ အဖြစ် ပြောင်းလဲကုန်ကြတာ ဖြစ်ပါတယ်။ 

တော်လှန်ရေးက တနှစ်နီးပါး ကြာလာချိန်မှာတော့ စစ်ကောင်စီ ပညာရေးကို အသိအမှတ်မပြုတဲ့ ကြားကာလ ပညာရေးဆိုတဲ့ အစီအစဥ် အကောင်အထည်ဖေါ်လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကြားကာလပညာရေး အစီအစဥ်တွေက တနှစ်ကျော်ကြာလာသည့်တိုင်  စုစည်းမှု၊ ပုံစံကျမှု စနစ်ကျမှု မရှိနိုင်သေးတဲ့ အနေအထားမျိုး တွေ့မြင်နေရဆဲ ဖြစ်ပြီး ပြည်တွင်းက လက်နက်ကိုင် ပဋိပက္ခဧရိယာတွေအဖို့ အဆိုးဆုံးအနေအထားမျိုး အောက်ကို ရောက်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကရင်နီပြည်နယ်လို စစ်ကိုင်းတိုင်းလို ဒေသတွေမှာ ပညာရေးကို သင်ယူနိုင်တဲ့ အခြေအနေမျိုး မရှိပဲ စစ်ဘေးတိမ်းရှောင်ရတဲ့ အနေအထားက ပညာရေးကို အချိန်ပေး မလုပ်နိုင်တဲ့ အနေအထား စစ်ဘေးရှောင်ရင်း သင်ကြားကြရတဲ့ အနေအထား၊ အင်တာနက်ဖြတ်တောက်မှု လျှပ်စစ်မီး၊ ဆက်သွယ်ရေး ပြတ်တောက်မှုတွေက စစ်ဘေးအောက်က ကလေးသူငယ်တွေရဲ့ ပညာသင်ကြားရေး အခွင့်အလမ်းတွေကို ပျက်စီးစေခဲ့တာလည်း ဖြစ်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေအကြား ဖျက်ဆီးခံရတဲ့ စာသင်ကျောင်း အဆောက်အဦတွေ မြန်မာနိုင်ငံအနှံ့ ထောင်ဂဏန်းနဲ့ချီရှိနိုင်ပြီး မီးရှို့ဖျက်ဆီးခံရတဲ့ စာသင်ကျောင်းပေါင်းလည်း ရာနဲ့ချီရှိနေတာ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်း ရာထောင်ချီ တိုင်းပြည်က စွန့်ခွာပြီး အိမ်နီးချင်းနိုင်ငံတွေမှာ ရရာအလုပ် လုပ်ကိုင်နေကြရတဲ့ အဖြစ်အပျက်တွေလည်း သတင်းတွေထဲ ကိုယ်တိုင်အတွေ့အကြုံ ပြန်လည်ရေးသား ပြောပြကြတာတွေထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ အခပေးပြီး ပုဂ္ဂလိစာသင်ကျောင်းတွေကို လူကိုယ်တိုင်ဖြစ်စေ အွန်လိုင်းက ဖြစ်စေ သင်ယူနိုင်တဲ့ ကလေးသူငယ်တွေ ရှိသလို အခမဲ့သို့မဟုတ် အခကြေးငွေ အနည်းငယ်နဲ့ အွန်လိုင်းက သင်ယူနိုင်တဲ့ကျောင်းတွေကို ဆက်သွယ် သင်ယူနေကြတဲ့ သူတွေလည်း အများအပြားရှိပါတယ်။ 

ငွေကြေးတတ်နိုင်ကြတဲ့ အလွှာက သားသမီးတွေ အနေနဲ့တော့ ပြည်ပသွားရောက် ပညာသင်ကြားတာ တတ်နိုင်ကြပေမယ့် အဲလိုအလွှာက လူဦးရေရဲ့ ဒဿမ အနည်းငယ်မျှသော အရေအတွက်သာရှိမှာဖြစ်ပြီး အများစုက ပုံစံအတည်တကျ မရှိတဲ့ ကြားကာလ ပညာရေး သို့မဟုတ် ပညာရေးလောကထဲ တဝက်တပျက်နဲ့ ပညာရေးနယ်ပယ်ထဲ ပြန်မဝင်ရောက်နိုင်ကြတော့တဲ့ အနေအထားမျိုး ရောက်ရှိနေကြတာ ဖြစ်ပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar