Breaking News

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၁)

 

လှကျော်ဇော - တရုတ်ရဲ့ကမ္ဘာ့တပ်ပေါင်းစု ပေါ်လစီသစ် (၁၁)

(မိုးမခ) ဇူလိုင် ၂၂ ၊ ၂၀၂၃


မျိုးစပ်စပါးများရဲ့ဖခင် Yuan Longping

 ၂၀၂၁ မေလ ၂၂ ရက် နေ့လယ်ခင်းလောက်ကစပြီး ဟူနန်ပြည်နယ်၊ ချန်ရှားမြို့က တက္ကသိုလ်ဆေးရုံကြီး ပတ်ဝန်းကျင်မှာ လူအုပ်ကြီးတအုပ် မျက်နှာမသာမယာနဲ့ စုဝေးရောက်ရှိနေပါတယ်။

တရုတ်ပြည်ရဲ့ ကျေးဇူးရှင်တဦးလို့ အသိအမှတ်ပြုခံရတဲ့ (နိုင်ငံတကာမှာတော့ မျိုးစပ်စပါးများရဲ့ဖခင်လို့ အခေါ်ခံရတဲ့) အသက် ၉၁ နှစ်ရွယ်ရှိ စိုက်ပျိုးရေးပါရဂူကြီး ယွမ်လုံပင်းဟာ အတော်မမာမကျန်းဖြစ်နေပြီး အသက်လုနေရတယ် ဆိုတဲ့သတင်း လူတွေအကြား ပျံ့နှံ့နေလို့ လူတွေအမြောက်အမြား ဆေးရုံကိုရောက်လာပြီး သတင်းစနည်းနာနေတာပါ။

အဲဒီနေ့မှာပဲ ဆရာကြီး ကွယ်လွန်သွားပါတယ်။ လူအုပ်ကြီးဟာ ဆရာကြီး ရုပ်ကလာပ်ကို တင်လာတဲ့ ကားနောက်က လိုက်ပြီး ရေခဲတိုက် ရောက်တဲ့အထိ လိုက်ပို့ကြပါတယ်။ ၂၄ ရက်နေ့ ကျင်းပတဲ့ဈာပနအခမ်းအနားမှာတော့—

ဖိုးဖိုးယွမ်လုံပင်း အေးချမ်းစွာ အနားယူပါတော့” ဆိုတဲ့ စာတန်းတွေကို ကိုင်ထားတဲ့လူတွေ အပါအဝင် လူပင်လယ်၊ ပန်းပင်လယ်၊ ကားပင်လယ်ကြီး ဖြစ်လောက်အောင်ကို ကြီးကျယ်လှတဲ့ ပြည်သူ့ ဈာပနကြီး ဖြစ်သွားပါတော့တယ်။

ဆရာကြီးဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်စကတည်းက စိုက်ပျိုးရေးတက္ကသိုလ်တခုမှာ ဆရာ လုပ်နေတာပါ။ ၁၉၅၀-၆၀ ပြည့်နှစ်များအတွင်း သဘာဝဘေး(မိုးခေါင်)ကြောင့်ရော၊ အစိုးရရဲ့ ပေါ်လစီအမှားအချို့ကြောင့်ရော၊ တရုတ်ပြည်မှာ အငတ်ဘေးကျရောက်ပြီး လူတွေအများအပြား သေကြ ကျေကြပါတယ်။ လမ်းဘေးတွေမှာ ငတ်ပြတ်သေဆုံးကုန်တဲ့ အလောင်းတွေ ရှိခဲ့ပါတယ်။ ဒါကို တွေ့ရှိတော့ (မိမိကိုယ်တိုင်လည်း အမြဲမပြတ် ဆာလောင်တဲ့ဒဏ်ခံနေရတာ) ဆရာကြီးက လူတွေကို အငတ်ဘေးက ကယ်တင်ရေးအတွက် အတတ်နိုင်ဆုံးလုပ်ပေးမယ် ဆိုတဲ့စိတ်ဆုံးဖြတ်ချက်နဲ့ ရိက္ခာဖူလုံရေး၊ ဆန်လုံလုံလောက်လောက် ထွက်ရှိရေးအတွက် သူကြားဖူးနားဝရှိတဲ့ မျိုးစပ်ခြင်းပညာကို ဇောက်ချလေ့လာ သုတေသနပြုပါတော့တယ်။

အဲဒီကာလက ရရှိထားတဲ့ စာအုပ်စာတမ်းတွေ အနောက်တိုင်းကလာတဲ့ စာအုပ်များနဲ့ ဆိုဗီယက်က လာတဲ့ စာအုပ်များကို ရသလောက် လေ့လာပြီး တရုတ်ပြည်နဲ့ အပ်စပ်တဲ့ အကြောင်းခြင်းရာများကို ယူပြီး ဆန်စပါး အကြီးအကျယ် စိုက်ပျိုးတဲ့ ဒေသတွေကို လှည့်လည်ပြီး စပါးမျိုးစေ့တွေကိုစုဆောင်းပါတယ်။ လယ်ကွင်းတွေထဲမှာပဲ တဝဲလည်လည် နေထိုင်ပြီး သုတေသနလုပ်တာပါ။အကြိမ်ကြိမ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရပေမယ့် ဇွဲမလျှော့ခဲ့ပါဘူး။ တနေ့ အဲသလို လယ်ကွင်းပြင်တွေထဲ လှည့်ပတ်နေရင်းက ဟိုင်နန်ရထားလမ်းဘေးက တောစပါးရိုင်းပင်တမျိုးကို တွေ့ရှိလိုက်ပါတော့တယ်။ (ဟိုင်နန်ကျွန်းမှာ စပါးအစိုက်များတာကြောင့် အဲဒီမှာ သူတို့ရဲ့ သုတေသနဌာနခွဲ တခုရှိပါတယ်။)

အဲဒီ အပင်ရဲ့ ပင်စည်နဲ့ သူတို့စိုက်ပျိုးနေကျ စပါးမျိုးနဲ့ မျိုးစပ်လိုက်တဲ့အခါ ရာသီဥတုဒဏ်လည်းခံနိုင်၊ ပိုးမွှားများဒဏ်လည်း ခံနိုင်ပြီးအထွက် ၂၀ ရာခိုင်နှုန်းတိုးတဲ့ မျိုးစပ်စပါး (Hybrid Rice) တမျိုးကို ၁၉၇၀ ပြည့်နှစ်မှာ အောင်မြင်စွာ ဖော်ထုတ်လိုက်နိုင်ပါတော့တယ်။ (ဆန်က တဟက်တာကို ၂ တန် ပိုထွက်ပါတယ်။ အဲဒီကနေ ၃ တန်၊ ၅ တန်အထိ တိုးထွက်အောင် လုပ်ခဲ့ကြပါတယ်။) အဲဒီစပါးမျိုးစေ့များကို အများအပြား ထုတ်လုပ်ပြီး တနိုင်ငံလုံးအနှံ့ စမ်းသပ်ကွက်များနဲ့ အကြိမ်ကြိမ်စမ်းသပ်စိုက်ပျိုးကြပြီးနောက် မူရင်းအထွက်ထက် ၂၀-၃၀ ရာခိုင်နှုန်းအထိ အထွက်တိုးတဲ့ စပါးမျိုးကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ၁၉၇၉ မှာ ကမ္ဘာကို ကြေညာလိုက်ပြီး အမေရိကန်တို့၊ ဖိလစ်ပိုင်တို့မှာရှိတဲ့ တခြားစိုက်ပျိုးရေး သုတေသနဌာန အသီးသီးကိုလည်း စပါးမျိုးစေ့တွေ လှူပေးလိုက်ပါတယ်။

ဒီလိုနဲ့ တရုတ်ပြည်ဟာ ကမ္ဘာ့လူဦးရေ ၂၀ ရာခိုင်နှုန်းရှိတဲ့ သူ့ ပြည်သူတွေကို ကမ္ဘာ့စိုက်ပျိုးမြေ ၉ ရာခိုင်နှုန်းလေးနဲ့ လုံလောက်အောင် ကျွေးမွေးနိုင်ပြီ ဆိုတာကို ပြသလိုက်ပါတယ်။ ဒါဟာ အလွန်ကြီးမားတဲ့ အဓိပ္ပာယ်ရှိတာပါ။

အဲဒီကာလ အနောက်တိုင်း သတင်းဌာနတွေမှာ ရေပန်းစားနေတဲ့ သတင်းတခု ရှိပါတယ်။

တရုတ်ပြည်ရဲ့ လူဦးရေဟာ အဆမတန် တိုးပွားနေပြီး သူ့ပြည်သူတွေကို  လုံလောက်အောင်ကျွေးမွေးနိုင်မှာ မဟုတ်လို့ တရုတ်ပြည်ကြီး ပြိုလဲတော့မယ်  ဆိုတဲ့ အခုထိ မရိုးနိုင်တဲ့ --China Collapse သဘောတရားပါ။

ဒါကို ဆရာကြီးရဲ့ မျိုးစပ်စပါး အောင်မြင်မှုက ချေဖျက်ပေးလိုက်ပါတယ်။

ဒါကြောင့်ပဲ ဆရာကြီးကို တရုတ်ပြည်သူတွေက သူတို့ကို အငတ်ဘေးက ကယ်တင်ပေးရုံမကကမ္ဘာမျက်နှာစာမှာပါ ဂုဏ်ရောင်ပြောင်အောင် လုပ်ပေးခဲ့သူ ကျေးဇူးရှင်ကြီးအဖြစ်သဘောထားကြတာပါ။

ဆရာကြီးဟာ သူ့မျိုးစပ်စပါး လုပ်ဆောင်နည်း စိုက်ပျိုးနည်းတွေကို သူ့တနိုင်ငံတည်းမှာပဲ မထားဘဲ နိုင်ငံတကာနဲ့ မျှဝေဖို့ပါ လုပ်ဆောင်လာပါတယ်။

ပထမတော့ သူ့သုတေသနဌာနတွေကနေ မျိုးစပ်စပါးမျိုးစေ့တွေကို အများအပြား ထုတ်လုပ်ပြီးဆန်စပါးစိုက်ပျိုးတဲ့ နိုင်ငံတွေကို သင့်တော်တဲ့ဈေးနဲ့ ရောင်းပေးပါတယ်။ အဲဒီဝယ်တဲ့ နိုင်ငံတွေကကျောင်းသားတွေ၊ ပညာရှင်တွေ၊ သုတေသနသမားတွေကိုလည်း သူ့ ဌာနကိုဖိတ်ပြီး အသေးစိတ်သင်ကြားပေးပါတယ်။ ဒါတင်မကသေးပဲ အဲဒီလိုမျိုး နိုင်ငံအများအပြား (ဥပမာ- အိန္ဒိယ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မာတာဂါစတာ စတဲ့ အာဖရိကနိုင်ငံများ)ကိုလည်း ကိုယ်တိုင်သွားရောက်ပြီး အဲဒီနီုင်ငံတွေမှာ စိုက်နေကျစပါးမျိုးနဲ့ အဲဒီဒေသက အပင်တမျိုးမျိုးတို့ကို မျိုးစပ်ပေးတဲ့ သုတေသနလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ပြီး အဲဒီနိုင်ငံနဲ့ သင့်တော်တဲ့ မျိုးစပ်စပါးတွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။

တရုတ်ရဲ့ ရှေးစကားတခု ရှိပါတယ်။

လူတွေကို သနားရင် ငါးပဲ မပေးနဲ့၊ ငါးဖမ်းနည်းပါ သင်ပေးတဲ့။

ဒီလိုနည်းနဲ့ ဆန်စပါး စိုက်ပျိုးတဲ့ နိုင်ငံအသီးသီးမှာ မျိုးစပ်စပါးမျိုးများနဲ့ မူရင်းအထွက်ထက် ၂၀-၃၀ ရာခိုင်နှုန်းအထိ တိုးထွက်တဲ့ စပါးမျိုးတွေရသွားတဲ့အတွက် နိုင်ငံအတော်များများမှာ ဆန်လုံလောက်သွားပါတယ်။

ဒါကြောင့်ပဲ ဆရာကြီးယွမ်လုံပင်းဟာ ပြည်တွင်းမှာသာမက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကပေးတဲ့ ဆုအမျိုးမျိုးကို ရရှိခဲ့ပြီး ရလာသမျှ ဆုကြေးငွေတွေကိုလည်း သူ့သုတေသနအဖွဲ့အတွက် အသုံးပြုခဲ့ပါတယ်။

အသက်အရွယ် ရလာလို့ အနားယူခိုင်းလည်း မယူဘဲ လယ်ကွင်းတကာ လှည့်သွားပြီး သုတေသန လုပ်ငန်းတွေကို ဦးစီးနေတာပါ။

အခုနောက်ဆုံး ၂၀၂၁ မတ်လ ဟိုင်နန်က သုတေသနအခန်းတခုထဲမှာ (ဆားရည်ဝင်နေတဲ့ လယ်မြေတွေမှာ စိုက်နိုင်တဲ့ စပါးမျိုး ရှာဖွေနေတာ) လဲကျသွားရာက ပြန်မထနိုင်တော့ဘဲ မေလမှာ ကွယ်လွန်သွားရတာ ဖြစ်ပါတယ်။

ပြည်တွင်းက ပေးတဲ့ ဆုတံဆိပ်တွေထဲမှာတော့ ၂၀၁၉ (တရုတ်ကွန်မြူနစ်ပါတီ ရာပြည့်)မှာ ပေးတဲ့ နိုင်ငံတော်သားဆု (Medal of Republic)ဟာ အမြင့်ဆုံးဆုပါ။ ဆရာကြီးရဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးထားတဲ့ ရုပ်ရှင်တွေရော၊ သတင်းကားတွေရော အများကြီးလည်း ရှိပါတယ်။

အခုတော့ တကမ္ဘာလုံးက ထွက်သမျှ စပါးတွေရဲ့ ၁၅ ရာခိုင်နှုန်းဟာ မျိုးစပ်စပါးက ထွက်ရှိတာဖြစ်ပြီး ဆန်စားတဲ့ ဖွံ့ဖြိုးမှုနိမ့်တဲ့ နိုင်ငံများ (အာရှ၊ အာဖရိက၊ လက်တင်အမေရိက)က လူတွေကိုအငတ်ဘေးက လွတ်မြောက်စေနိုင်ခဲ့ပါတယ်။

ဒါတွေကလည်း တရုတ်ပြည်ရဲ့ အာဏာအပျော့(soft-power) ကို ပိုအားကောင်းစေပြီး တပ်ပေါင်းစုလုပ်ငန်းကိုလည်း အားဖြည့်ပေးလိုက်သလို ရှိပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar