စစ်ပွဲတွေရဲ့ ရည်မှန်းချက်
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၈ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၂၃
စစ်ပွဲတွေရဲ့ ရည်မှန်းချက်
လက်နက်ကိုင် တိုက်ခိုက်ကြတဲ့ စစ်ပွဲတွေရဲ့ ရည်မှန်းချက်တွေ အမျိုးမျိုးရှိကြလိမ့်မယ်လို့ သမိုင်းအဖြစ်အပျက်တွေကို လေ့လာကြည့်ရင် သိရှိနိုင်ပါတယ်။ နိုင်ငံတနိုင်ငံက တပ်တွေက အခြားနိုင်ငံတနိုင်ငံကို ကျူးကျော်ဝင်ရောက်လာလို့ ကျူးကျော်ခံရတဲ့ နိုင်ငံက ခုခံကာကွယ်တိုက်ခိုက်ရတဲ့ စစ်ပွဲ၊ အချုပ်အချာအာဏာ နိုင်ငံရဲ့ လွတ်လပ်မှု၊ မိမိနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို ခုခံကာကွယ်တဲ့ စစ်ပွဲမျိုးတွေလည်း ရှိတာတွေ့ရပါလိမ့်မယ်။ အနီးစပ်ဆုံး ဥပမာပြရရင် ယူကရိန်း-ရုရှားစစ်ပွဲဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံရဲ့ ပိုင်နက်တွေကို ရုရှားတပ်တွေက ဝင်ရောက်ကျူးကျော်လာတာကြောင့် ယူကရိန်းက ခုခံတိုက်ခိုက်ရတဲ့ စစ်ပွဲဖြစ်ပါတယ်။ ရုရှားဘက်ကတော့ ကျူးကျော်တာကို နာဇီဝါဒ နှိမ်နှင်းရေး နဲ့ အဲဒီ ဒေသက ရုရှားစကားပြောတဲ့ လူမျိုးတွေရဲ့ အခွင့်အရေးကိုအကာအကွယ်ပေးဖို့ အကြောင်းပြပြီး စစ်ဆင်ရေးလို့ ဝါဒဖြန့်စကားလုံးနဲ့ သုံးစွဲပါတယ်။
၁၉၇၀ ခုနှစ်နှောင်းပိုင်းက ရုရှားက အာဖဂန်ကို ကျူးကျော်ခဲ့ဖူးသလို အခြားသော ဒေသတွေက ပြည်တွင်းစစ်တွေမှာလည်း ဝင်ရောက်ကူညီတိုက်ခိုက်တာတွေ ရှိခဲ့ရှိနေဆဲ ဖြစ်ပါတယ်။ အလားတူ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တဲ့ အမေရိကန် အနေနဲ့လည်း သမိုင်းမှာ ရုပ်ဆိုးဆုံး စစ်ပွဲဖြစ်တဲ့ ဗီယက်နမ်ကို ကွန်မြူနစ် အန္တရာယ် အကြောင်းပြပြီး ကျူးကျော်တိုက်ခိုက်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ သမ္မတ အဆက်ဆက် စစ်ပွဲက ရှည်ကြာခဲ့တာ ဖြစ်ပါတယ်။
တနိုင်ငံက တနိုင်ငံကို ကျူးကျော်တဲ့ စစ်ပွဲတွေပြီးရင် နောက်စစ်ပွဲတမျိုးကတော့ ပြည်တွင်းစစ်ဖြစ်ပါတယ်။ ပြည်တွင်းစစ်က အင်အားချင်း မတိမ်းမယိမ်းရှိတဲ့ လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်ရှိသလို အင်အားချင်းမမျှတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ခိုက်ကြတာလည်း ရှိပါတယ်။ မြန်မာနိုင်ငံက ပြည်တွင်းစစ် ဆယ်စုနှစ် ၇ ခုကျော်ကြာ တိုက်ခိုက်လာခဲ့တဲ့ သမိုင်းရှိပြီး ခေတ်သစ်သမိုင်းအရ ကမ္ဘာမှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ပွဲတခုအဖြစ် သတ်မှတ်ခံရတာ ဖြစ်ပါတယ်။ ပြည်တွင်းစစ်ဖြစ်ရတဲ့ အကြောင်းက တခုမကရှိပြီး လက်ဝဲလက်ယာ အယူအဆ၊ တိုင်းရင်းသား လူမျိုးတန်းတူအခွင့်အရေး စသဖြင့် တခုမကတဲ့ အကြောင်းရင်းခံတွေနဲ့ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာလို့မရတာကြောင့် လက်နက်နဲ့ တိုက်ခိုက်တဲ့ နည်းလမ်းကို ရွေးချယ်ကြရတာလို့ ဆိုကြပါတယ်။ လက်နက်နဲ့ တိုက်ခိုက်ကြရာမှာ မိမိရဲ့ ရန်ဘက်ကို အပြီးတိုင် အနိုင်ယူနိုင်မယ်လို့ မျှော်မှန်းတိုက်ခိုက်တာမျိုးလည်း ရှိနိုင်သလို နိုင်ငံရေး ရည်မှန်းချက်ကို ရန်ဘက်က လက်ခံလာတဲ့အထိ၊ ရန်ဘက်က စားပွဲဝိုင်းပေါ်မှာ လက်ခံဆွေးနွေးလာတဲ့ အနေအထားရောက်သည် အထိ တိုက်ခိုက်မယ်လို့ ရည်မှန်းချက်ထား တိုက်ခိုက်ကြတာလည်း ရှိပါတယ်။
လက်နက်ကိုင် တိုက်ခိုက်မှုတွေက ဆယ်စုနှစ်နဲ့ချီ ကြာမြင့်လာကြတဲ့အခါ နဂိုမူလ လက်နက်ကိုင် တိုက်ခိုက်စဥ်က ထားရှိတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေက ပြောင်းလဲသွားတာ၊ ဖြည့်စွက်တာ၊ အချို့ကိုနှုတ်ပယ်လိုက်တာမျိုးလည်း ရှိတာတွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက လက်နက်ကိုင် စစ်ပွဲတွေရဲ့ ရည်မှန်းချက်တွေက ဆယ်စုနှစ်ချီကြာမြင့်လာတဲ့အခါ အချို့က ခေါင်းဆောင်တွေ ပြောင်းလဲသွားပြီးနောက် ရည်မှန်းချက်တွေ ပြောင်းလဲသွားတာ၊ ခေတ်ကာလ နောက်ခံအခြေအနေ လက်တွေ့ အခြေအနေပေါ်မူတည်ပြီး ရည်မှန်းချက်တွေ ပြင်ဆင်သတ်မှတ်ကြတာ၊ တဖက်ရန်သူရဲ့ ရပ်တည်ချက် အသွင်လက္ခဏာပြောင်းလဲမှုကြောင့် ရည်မှန်းချက်တွေ ပြောင်းလဲကုန်ကြတာတွေလည်း တွေ့ရမှာဖြစ်ပါတယ်။
လွတ်လပ်ရေးရပြီး လအနည်းငယ်အကြာ ၁၉၄၈ မတ်လ ၂၈ ရက်ရဲ့နောက်ပိုင်း ကွန်မြူနစ်ပါတီ ဗမာပြည်က တောခိုသွားပြီးနောက် မြန်မာနိုင်ငံမှာ ကွန်မြူနစ်ဝါဒနဲ့ အမျိုးသားဓနရှင်ကိုကိုယ်စားပြုတယ်လို့ ကွန်မြူနစ်ပါတီက သတ်မှတ်တဲ့ ဖဆပလ အစိုးရတို့ ဆယ်စုနှစ်နဲ့ချီ တိုက်ခိုက်ခဲ့ကြပြီး ၁၉၅၈ မှာ တကြိမ် နဲ့ ၁၉၆၂ မှာ တဖန်စစ်အာဏာသိမ်းမှု တနည်းအားဖြင့် စစ်တပ်က နိုင်ငံရေးအာဏာကို ချုပ်ကိုင်အုပ်ချုပ်မှု အနေအထားကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဖဆပလ အစိုးရလက်ထက်မှာကတည်းက ကွန်မြူနစ်ပါတီအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပေါ်ထွက်ခဲ့ပြီး ၁၉၄၉ ကနေ ၁၉၅၁ ခုနှစ်အထိ ပြည်တွင်းစစ်ကာလ (ဖဆပလ ဘက်က ရောင်စုံသူပုန်လို့ အမည်တပ် ခေါ်ဆိုတဲ့ ကာလ) တခုကိုလည်း ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကာလမှာ ဖဆပလကို တိုက်ခိုက်နေခဲ့ကြတဲ့ လက်နက်ကိုင် အင်အားစုတွေ အများအပြားနဲ့ ဖဆပလ အစိုးရအနေနဲ့ လွတ်လပ်ရေး ရခါစ တပ်ရင်း ၃/၄ ရင်းသာဖွဲ့စည်းနိုင်သေးပြီး ခုခံတိုက်ခိုက်နေချိန်မှာ ဖဆပလ အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ဘက်မှာ အင်အားအားဖြင့် အသာစီးရှိနေခဲ့တဲ့ အခြေအနေမျိုးဖြစ်ပေမယ့် ဖဆပလ ဆန့်ကျင်ရေးအဖွဲ့တွေအကြား စစ်ရေး နိုင်ငံရေးအရ ပူးပေါင်းလှုပ်ရှားမှု မရှိခဲ့ဘဲ ဖဆပလ အစိုးရက တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ သမိုင်းသင်ခန်းစာတွေရှိခဲ့တာ ဖြစ်ပါတယ်။
၁၉၅၀ အစပိုင်း ပြည်တွင်းစစ်ကာလတွေ နောက်ပိုင်း ပြည်တွင်းစစ်က နေရာဒေသအလိုက် ဖြစ်ပွားနေခဲ့သလို လူမျိုးစုလက်နက်ကိုင် အချို့လည်း ပူးပေါင်းသွားတာ ရှိသလို အဖွဲ့သစ်တွေလည်း ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ဖြစ်စဥ်တွေက ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက် တနှစ်အကြာမှာ တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေကို အပစ်ရပ်ဖို့ ကမ်းလှမ်းခဲ့ပြီး အချို့သော အသေး အလတ် အကြီး စသဖြင့် အဖွဲ့တချို့နဲ့ အပစ်ရပ်ခဲ့တာ ဆယ်စုနှစ် တခုကျော် နှစ်ခုနီးပါး ကြာရှည်ခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ စားပွဲဝိုင်းမှာ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်တာမဟုတ်သေးဘဲ၊ တရားဝင်စာချုပ်စာတမ်းတွေနဲ့ လူသိရှင်ကြားမဟုတ်တဲ့ စီးပွားရေး အခွင့်အရေး တချို့နဲ့ နိုင်ငံရေး အခွင့်အရေး အပေးအယူလုပ်တာတွေ အနည်းငယ်ရခဲ့တဲ့ ကာလလို့ သတ်မှတ်ရင် ရနိုင်ပါတယ်။
အခု တဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ အရင်ဆယ်စုနှစ်တွေမှာ ဘာလက်နက်ကိုင် လှုပ်ရှားမှုမှမရှိခဲ့တဲ့ ဗမာလူမျိုးအများစု နေထိုင်တဲ့ ဒေသတွေ ဖြစ်တဲ့ စစ်ကိုင်းတိုင်း မကွေးတိုင်းတို့လို ဒေသတွေမှာ လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလက်နက်ကိုင် အင်အားစုတွေဟာ အခြားသော တိုင်းရင်းသားပြည်နယ်နဲ့ တိုင်းဒေသတွေမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေလိုပဲ စစ်အာဏာရှင် စနစ်ဖယ်ရှားရေးကို ဦးတည်ချက် ထားကြတာ စစ်အာဏာသိမ်း စစ်တပ်ကို ခုခံတိုက်ခိုက်ဖို့ လက်လုပ်သေနတ်တွေ လက်လုပ်မိုင်းတွေ လက်လုပ်စိန်ပြောင်းလို လက်နက်တွေနဲ့ ခုခံတိုက်ခိုက်လာကြတာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးမှ ပေါ်ပေါက်လာတာဖြစ်သလို နိုင်ငံရေးရည်မှန်းချက်က စစ်အာဏာရှင် စနစ်ဖယ်ရှားရေး ဆိုတဲ့ နိုင်ငံရေး ဘုံရည်မှန်းချက် ရှိနေတာဖြစ်လို့ အခုစစ်ပွဲက နိုင်ငံရေးအပေါ် အခြေပြုပြီး ပေါ်ပေါက်လာတဲ့ စစ်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ သို့ပေမယ်လို့ ရေရှည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ လက်နက်ကိုင်အဖွဲ့ ရပ်တည်ရေး သို့မဟုတ် ခေါင်းဆောင်တွေရဲ့ တည်မြဲရေး ဆိုတာတွေအပေါ်မှာ မူတည်ပြီး မူရင်းရည်မှန်းချက် ဖြစ်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေကို ပြင်ဆင်ပြောင်းလဲလိုက်ကြမယ့် အရေးကိုလည်း သတိပြုသင့်ကြတာ ဖြစ်ပါတယ်။
စစ်ပွဲတွေ တိုက်ခိုက်မှုတွေက အကြောင်းရင်းခံမဟုတ်ပဲ နိုင်ငံရေး ရည်မှန်းချက်တွေက အကြောင်းရင်းခံ ဖြစ်တယ်ဆိုတာကို သတိမမေ့ဖို့ အရေးကြီးတာဖြစ်ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် ဆိုတာမှာ - ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းတခု တည်တံ့ရေးထက်ကို လူအများစုကြီးရဲ့ ဘေးကင်းလုံခြုံစွာ အသက်ရှင်သန်ခွင့်၊ ကောင်းမွန်လုံခြုံစွာ လုပ်ကိုင်စားသောက်ခွင့်၊ တရားမျှတ လွတ်လပ်ခွင့်တွေအတွက် ဖြစ်တယ်ဆိုတာကိုလည်း မျက်ခြည်မပြတ်ဖို့ လိုအပ်တာလည်း ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar