Breaking News

အိုက်နီ(ဖြူး) - ပြန်လည်နိုးထလာတဲ့ကရင်နီပြည်က ဖီးနစ်ငှက်

Photo- Credit
ပြန်လည်နိုးထလာတဲ့ကရင်နီပြည်က ဖီးနစ်ငှက်
အိုက်နီ(ဖြူး)
(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၃

ဖီးနစ်ငှက်တို့မည်သည် သေဆုံးခြင်းမရှိ၊ ပြာပုံထဲက ပြန်လည်ရှင်သန်လာနိုင်တဲ့ ဒဏ္ဍာရီလာ ငှက်တမျိုးပါ။ ဖီးနစ်ငှက်တို့သည် အချိန်တန်လာပြီဆို ပြာပုံအတိမီးပုံငယ်ထဲက အားမာန်အပြည့်နဲ့ရုန်းထရှင်သန်လာစမြဲပါ။ ဇူလှိုင်လ (၁) ရက်နေ့မှာ  ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက် ရေးတပ်ဦးဆိုတဲ့ ကရင်နီပြည်က ဖီးနစ်ငှက်တပါး ရှင်သန်နိုးထလာပါပြီ။ ဘယ်နေရာ ဘယ်အရပ်ဒေသက ဖီးနစ်ငှက်တွေ ရှင်သန်လာဦးမည်ဆိုတာ ဟောကိန်းထုတ်ဖို့ခက်သော်လည်း ထွက်ပေါ်လာမည်မှာ အသေအချာပင် ဖြစ်ပါတယ်။ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက် ရေးတပ်ဦးဆိုတဲ့ ပြည်သူ့သားကောင်းရတနာတပါးဟာ ခက်ခဲကြမ်းတန်းတဲ့လောကဓံထဲက ရုန်းကန်ရင်း ရှင်သန်လာခဲ့ရတာပဲ။ အုပ်စိုးသူရဲ့ ဖိနှိပ်ချေမှုန်းရေးလောကဓံ၊ တော်လှန်စစ်ရဲ့ခက်ခဲကြမ်းတမ်းတဲ့ လောကဓံ၊ နိုင်ငံရေးအတွေးအခေါ်တိုက်ပွဲအတွင်းက ပေးလာတဲ့လောကဓံ၊ အုပ်စိုးသူရဲ့ဖျက်ဆီးရေးလက်နက်ဖြစ်တဲ့ အကျိုးစီးပွားလောကဓံ အစရှိတဲ့ လောကဓံမျိုးစုံကို ရင်ဆိုင်ကျော်လွှားရင်း အတွေးအခေါ်အရရော လုပ်ဟန်အရပါ မယိုင်မလဲနဲ့ ရပ်တည်နိုင်ကြောင်း သမိုင်းစာမျက်နှာသစ်ကို ဖော်ထုတ်လိုက်တာပဲဖြစ်ပါတယ်။

ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးလို့ ခေါ် ကလလတဟာ မိခင်အဖွဲ့အစည်းဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထဲက နိုင်ငံရေးအတွေးအခေါ် လမ်းစဉ်(၂)ရပ်တိုက်ပွဲကနေ မလွှဲမရှောင်သာဘဲ ယုံကြည်ချက်အတွေးအခေါ်အရ မွေးဖွားလာခဲ့ရတာပဲဖြစ်ပါတယ်။ လမ်းစဉ်(၂)ရပ်တိုက်ပွဲဆိုတာက အမျိုးသားရေးဝါဒ လက်ကိုင်ပြုသော အမျိုးသားဒီမိုကရေစီလမ်းစဥ်နဲ့ လူတန်းစားတိုက်ပွဲကို လက်ခံယုံကြည်သော ပြည်သူ့ဒီမိုကရေစီလမ်းစဉ်(၂) ရပ်တိုက်ပွဲပဲဖြစ်ပါတယ်။ လူတန်းစားတိုက်ပွဲကို လက်ခံသော ပြည်သူ့ဒီမိုကရေစီအလံကို ခိုင်ခိုင်မာမာယုံကြည်လက်ခံတဲ့ လူငယ်လူရွယ် ကေဒါတွေက  ၁၉၇၈ ခုနှစ် ဇွန်လ (၂၆) ရက်နေ့မှာ ထီးထာညီလာခံကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးအဖြစ် မွေးဖွားပေးလိုက်တာပဲဖြစ်ပါတယ်။ လမ်းစဉ်(၂) ရပ်တိုက်ပွဲအတွင်းမှာ ပေးဆပ်လိုက်ရတဲ့အရင်းအနှီးဟာ များပြားလွန်းလှပါတယ်။ ပြည်သူ့ဒီမိုကရေစီအလံကို ခိုင်ခိုင်မာမာယုံကြည်လက်ခံတဲ့ ကလလတ ထိပ်ပိုင်းခေါင်းဆောင်များဟာ KNPPနဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အသက်ပေးဆပ်လိုက်ရသသည်အထိ များပြားလွန်းလှပါတယ်။ 

၁၉၇၉ ခုနစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီဌာနချုပ် လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဗဟိုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး သွေးသစ်လောင်းခဲ့ပါတယ်။ ၁၉၈၀ ခုနစ်မှာ ပန်ဆန်းမှ ကရင်နီပြည်ကို ပြန်လည်ချီတက်လာခဲ့ပါတယ်။ ၁၉၈၁ ခုနှစ်တွင် KNPP က ဗိုလ်ချုပ်အောင်သန်းလေးနဲ့ ညီ ညွတ်ရေးအတွက် အမှတ်(၂) ခရိုင်၊ မော်ချီးဒေသတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ကလလတဖျက်သိမ်းပြီး မိခင်အဖွဲ့KNPP ထံပြန်လည်ပေါင်း စည်းရန်သာ တင်ပြခဲ့တာကြောင့် မအောင်မြင်ခဲ့ပါ။ ကလလတဘက်က KNPP နဲ့ အပစ်အခတ်ရပ်စဲရေး၊ အပြန်အလှန်အသိအမှတ်ပြုရေး၊ နိုင်ငံရေးအရ ပဋိပက္ခကိုတွေ့ဆုံဆွေးနွေးအဖြေရှာပြီး ဘုံရန်သူ ဗိုလ်နေဝင်း စစ်အုပ်စုကို ဝိုင်းဝန်းတိုက်ခိုက်ရေးကိုသာ လိုလားခဲ့တာဖြစ်ပါတယ်။ 

၁၉၈၂ ခုနှစ် ဧပြီ (၂၂) ရက်နေ့တွင် ကလလတ ဥက္ကဋ္ဌ ရဲဘော်သန်းညွန့်နဲ့ ကလလတရဲဘော် (၅) ဦးကိုကဗွေဒိုကျေးရွာတွင်KNPPဘက်ကဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာ ဧပြီ (၂၄) ရက်နေ့ ဂေလိုအောက်ရွာမှာ လုပ်ကြံသတ် ဖြတ်ခံရပြီးနောက်ပိုင်း မေလမှာ ကလလတ ဗဟိုကော်မတီသစ်ကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ခေါင်းဆောင် မှုနဲ့ စစ်နယ်(၄) နယ်ပါတဲ့ အလယ်ပိုင်းစစ်ဒေသကို ဖွဲ့စည်းခဲ့ပါတယ်။ လွိုင်ကော်စစ်နယ်ကို ကလလတမှ ရဲဘော်ညာမောင်မဲ ဦးစီးရန်၊ ပျဉ်းမနားစစ်နယ်ကို ကယန်းပြည်သစ်ပါတီက ရဲဘော်သန်းစိုးနိုင်၊ တောင်ကြီးစစ်နယ်နဲ့ မိုးနဲစစ်နယ်ကို ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့က ရဲဘော်အောင်မြင့်နဲ့ ရဲဘော်စိုးမြင့်အောင်တို့က အသီးသီး ခေါင်း ဆောင်သွားကြရန် ဖွဲ့စည်းခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ်က ပေါ်ပေါက်လာတဲ့ ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံကနေ ကျောင်းသားပြည်သူအများအပြားဟာ ရန်သူစစ်အုပ်စုရဲ့ သတ်ဖြတ်ညှင်းပန်းမှုကို မခံမရပ်နိုင်ဘဲ ကလလတနယ်မြေကိုခိုလှုံလာခဲ့ကြပါတယ်။ ၈ လေးလုံးဒီမိုကရေစီအရေးတော်ပုံကနေ မွေးဖွားလာတဲ့ကျောင်းသားပြည်သူတွေနဲ့ ကလလတကို သွေးသစ်လောင်းကာ တိုးချဲ့ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မထင်မှတ်တဲ့ အလှည့်အပြောင်းတခုက ကလလတဆီကို မုန်တိုင်းတခုပမာ ရိုက်ခတ်လာခဲ့ပါပြီ။ ဒါကတော့ ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းက အာဏာသိမ်းပွဲပဲဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီထဲက လူမျိုးစုခေါင်းဆောင်တွေရဲ့ အာဏာသိမ်းပွဲကြောင့် ဗမာပြည်ကွန်မြူနစ်ပါတီက ပြိုကွဲသွားပြီး မြေ အောက်ပါတီဘဝကို ရောက်ရှိသွားပါတယ်။ 

ဗမာပြည်ကွန်မြူနစ်ပါတီအတွင်းက အာဏာသိမ်းပွဲမှ ဂယက်ဟာ ကလလတ ပါတီအတွင်းကိုပါ ရိုက်ခတ်လာခဲ့ပါတယ်။ ပြည်သူ့ဒီမိုကရေစီလမ်းစဉ်ကိုဖျက်သိမ်းရေး၊ ပါတီခွဲထောင်ရေး၊ တော်လှန်ရေးဆက်မလုပ်ရေးစတဲ့ အချောင်သမားဝါဒ ဂိုဏ်းဂဏတွေခေါင်းထောင်လာခဲ့ပေမယ့် ကလလတအနေနဲ့ ယနေ့အချိန်အထိ ပြည်သူ့ဒီမိုကရေစီနဲ့ လူတန်းစားတိုက်ပွဲအလံကို မြဲမြံစွာ စွဲကိုင်ထားဆဲပဲဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ရလလဖ၊ ကယန်းပြည်သစ်ပါတီ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နိုင်ငံ ရေးတာဝန်၊ စစ်ရေးတာဝန်တွေကို ထမ်းဆောင်ရန် လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုကို ဖွဲ့စည်းခဲ့ပါတယ်။  ၁၉၉၀ ခုနှစ်တွင် ကလလတ ဗဟိုကော်မတီကို ခိုင်မာကျစ်လျစ်တဲ့ဗဟိုကော်မတီအဖြစ် ပြည်သူ့ဒီမိုကရေစီမူဝါဒပေါ်မှာရပ်ခံကာ ပြင်ဆင်ဖွဲ့စည်းလိုက်ပါတယ်။ ၁၉၉၁ ခုနစ်မှာ လူမျိုးပေါင်းစုံပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစုခေါင်းဆောင်မှုနဲ့ ခိုင်တိုးဆက်စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့တပ်ပေါင်းစုစစ်ရေးစီမံကိန်းတခုဖော်ထုတ်ခဲ့ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ဗိုလ်ထွန်းလင်းခေါင်း ဆောင်တဲ့ ရှေ့တန်းအလုပ်အဖွဲ့အင်အား(၃၀)၊ ကယန်းပြည်သစ်တပ်မတော်အင်အား (၁၂၀)၊ ရလလဖရဲ့ တပ်အင်အား၊ ကလလတရဲ့အင်အားတွေနဲ့ ခိုင်၊ တိုး ၊ဆက် စစ်ဆင်ရေးကို စတင်ခဲ့ပါတယ်။ ခိုင်၊တိုး၊ဆက်ဆိုတာက အခြေခံဒေသခိုင်မာရေး၊ အခြေခံဒေသတိုးချဲ့ရေး၊ ပြည်မရှိ ဒီမိုကရေစီအင်အားစုနဲ့ ပေါင်းစပ်ရေးပဲ ဖြစ်ပါတယ်။ ၁၉၉၂-၁၉၉၃ ခုနှစ်မှာ ၈ လေးလုံးထွက်ပေါ်လာတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ DPA၊ DNA အဖွဲ့များ တဖွဲဖွဲနဲ့လာရောက်ပူးပေါင်းလာခဲ့လို့ အင်အားတောင့်တင်းခိုင်မာလာခဲ့ပြီး ရန်သူစစ်အုပ်စုကို ထိရောက်စွာ ချေမှုန်းနိုင်ခဲ့ပါတယ်။ ၁၉၉၁ ခုနစ် မတ်လ(၁၆) ရက်နေ့တွင်လည်း ကလလတအနေနဲ့ KNU/KNLA စစ်ရေးမဟာမိတ်ဖွဲ့စည်းကာ စစ်ရေးပူးပေါင်းပြီး  ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ထဲက ရန်သူ့အင်အား ၁၀၀ ကို ချေမှုန်းပစ်လိုက်နိုင်ပြီး လက်နက်ခဲယမ်းမီးကျောက် မြောက်မြားစွာ ရရှိခဲ့ပါတယ် ။ ၁၉၉၂ ခုနှစ်မှာလည်း ခွေးအိပ်တောင်တိုက် ပွဲမှာ ရန်သူစစ်အုပ်စုကို ရွံ့ရွံ့ချွံချွံတိုက်ခိုက်နိုင်သည်အထိ စစ်ရေးအရ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ KNU/KNLA နဲ့ စစ်ရေးပူးပေါင်းပြီး ရန်သူ့အင်အား(၃၀၀) ကျော်အထိ စစ်ရေးအောင်မြင်မှုများရရှိခဲ့ပါတယ်။ 

သို့သော် KNPP နဲ့ညီညွတ်ရေးမတည်ဆောက်နိုင်ဘဲ စစ်ရေးပဋိပက္ခရှိနေ သည်တကြောင်း၊ တပြည်လုံး၏ စည်းလုံးညီညွတ်မှုပြိုကွဲမှုကို မစုစည်းနိုင်သည်တို့ကြောင့် ၁၉၉၄ ခုနှစ်မေလ (၉) ရက်နေ့မှာ  စစ်အစိုးရက ကမ်းလှမ်းလာတဲ့ အပစ်အခတ်ရပ်စဲရေးကို လက်ခံခဲ့ပြီး နိုင်ငံရေးနည်းလမ်းအရ တိုက်ပွဲဝင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။ အမျိုးသားညီလာခံတွင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်မူဝါဒကို တင်ပြခဲ့သော်လည်း စစ်အုပ်စုက ငြင်းဆန်ပြီး အတင်းအကြပ် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုရုံ မက ကလလတ ရဲ့ ပြည်သူ့တပ်မတော်ကိုပါ အတင်းအကြပ် BGF နယ် ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ကလလတအနေနဲ့ နိုင်ငံရေးအရဖြစ်စေ စည်းရုံးရေးအရဖြစ်စေ၊ အတွေးအခေါ်အရဖြစ်စေ၊ လုပ်ဟန်အရပါ ပြင်ဆင်ရမယ်ဆိုတာ နားလည်သဘော ပေါက်ပြီး စစ်အုပ်စုရဲ့ အတင်းအကြပ် BGF ပြောင်းလဲလိုက်တဲ့အောက်မှာ ပြင်ဆင်လာခဲ့ရပါတယ်။ ကလလတ တပ်မတော်ဟာ အခြေအနေအရ BGF ခံယူလိုက်ရပေမယ့် မိခင်ကလလတရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို ခံယူဆဲပဲဖြစ်ပါတယ်။ ကလလတအနေနဲ့ နိုင်ငံရေးအရ အတွေးအခေါ်အရ တည်ဆောက်ရင်း BGF အတွင်းမှာ လျှို့ဝှက်စွာ အတွေးအခေါ်အရရော လုပ်ဟန်အရပါ တိတ်တဆိတ် ၁၀ စုနှစ်တခုစာ ဆောင်ရွက်ခဲ့တယ်။ ၂၀၂၀ ခုနှစ်မှာ စစ်အုပ်စုနဲ့ အပစ်အခတ်ရပ်စဲရေးကာလက သဘောတူထားတဲ့တပ်အင်အားမတိုးချဲ့ရဆိုတဲ့ သဘောတူချက်ကိုချိုးဖောက်ကာ ဆုံးရှုံးနေတဲ့ဒီမိုကရေစီနဲ့ တန်းတူရေးအတွက် တိုက်ပွဲဝင်ရန် ပြင်ဆင်မှုတခုအဖြစ်  ၉၄၂၀ တပ်ရင်းတခု ဖွဲ့စည်းခဲ့ပါတယ်။ BGFခံယူထားရတဲ့ ၁၀၀၄၊၁၀၀၅ တပ်ရင်းတွေထဲကကေဒါတွေကို မနားမနေလျှို့ဝှက်စွာ အတွေးအခေါ်အရ တည် ဆောက်ရေးလုပ်ငန်းကို တိုးမြှင့်ဆောင်ရွက်ပြီး မိခင်အဖွဲ့အစည်းရဲ့ စစ်ခရာမှုတ်သံကို နားစွန့်နေခဲ့ကြရတဲ့နေ့ရက်တွေက တဖြည်းဖြည်းနဲ့ ၂၀၂၁ ခုနစ်ကို ရောက်ရှိလာခဲ့ပါတယ်။ 

၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို အကြောင်းပြုကာ မင်းအောင် လှိုင်စစ်အုပ်စုဟာ စဉ်းစားဆင်ခြင်မှုမဲ့စွာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့မှာ စစ်အာဏာတကျော့ပြန် သိမ်းပိုက်လိုက်ပါတော့တယ်။ 

ကလလတအနေနဲ့ နိုင်ငံရေးအရအတွေးအခေါ်အရ စစ်ရေးအရပါ တိုးမြှင့်လုပ်ဆောင်လာရပါတော့တယ်။ နွေဦးတော်လှန်ရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်လာရသလို ဖြစ်ပေါ်လာမယ့် လက်နက်ကိုင်တော်လှန်ရေးအတွက် စစ်ရေးအရပြင်ဆင်လာရပါတယ်။ နွေဦးတော်လှန်ရေးထဲက သပိတ်တပ် သား လူငယ်မောင်မယ်တွေ စစ်သင်တန်းဖွင့်လှစ်ပေးရသလို ကလလတအနေနဲ့  ၉၄၂၁ တပ်ရင်းသစ်တခုကိုပါ တိုးချဲ့ဖွဲ့စည်းလိုက်ပါတယ်။ 

ကလလတ ဗဟိုခေါင်းဆောင်တွေအနေနဲ့ သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်မယ့်နေ့ကို ရောက်လာပါပြီ။ အဲ့နေ့ကတော့ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ပဲဖြစ်ပါတယ်။ ဇွန်လ ၁၃ ရက်နေ့မှာ ကလလတနေနဲ့ စစ်အာဏာ သိမ်းပြီး လက်နက်ကိုင်တော်လှန်ရေးအရှိန်မြင့်လာတဲ့အချိန်ထဲက ပါဝင်ဖွဲ့စည်းထားတဲ့ K4 လို့ခေါ်တဲ့ KNU၊ KNPP /KA၊ KNDF၊ KNPLF ဆိုတဲ့ K4 တပ်ပေါင်းစုနဲ့အတူ သံလွင်အရှေ့ဖက်ခြမ်းမှာရှိတဲ့ တောင်လှ၊မယ်တနွယ်၊ မယ်စဲ့၊ဘီပီ ၁၄ တို့မှာ စစ်ခရာသံနဲ့အတူ စတင်တရားဝင်တိုက်ခိုက်ခဲ့ပါတော့တယ်။ ကလလတ နိုင်ငံရေးခေါင်း ဆောင်မှုအဖွဲ့ (ပေါ်လစ်ဗြူရို) ရဲ့ စစ်ခရာမှုတ်သံနဲ့အတူ ၁၀၀၄၊ ၁၀၀၅ BGF ထဲမှာ ရှိနေတဲ့ရဲဘော်တွေဟာ  ကလလတအဖွဲ့အစည်းအဖြစ်ပြန်လည်ခံယူကာ BGF ထဲက စစ်ကောင်စီရဲ့ ခွေးသွားစိပ်တွေကို သုံ့ပန်းပေါ်လစီနဲ့အညီလက်ဦးမှုရှိစွာဖမ်းဆီးလိုက်နိုင်ပေမယ့် ရန်သူစစ်ကောင်စီရဲ့လေကြောင်းနဲ့လက်နက်ကြီးရန်တွေကြောင့် ဆုတ်ခွာခဲ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကလလတမိခင်တပ် ရင်းတွေနဲ့ပူးပေါင်းပြီး သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

ပြန်လည်နိုးထလာတဲ့ ကရင်နီပြည်ကဖီးနစ်ငှက်တပါးအကြောင်း နိဂုံးချုပ်တင်ပြရရင် အတွေးအခေါ်အရလုပ်ဟန်အရ BGF ထဲကကေဒါတွေကိုကလလတခေါင်းဆောင်ပိုင်းက မတည်ဆောက်ထားနိုင်ရင် ယခုလိုရန်သူရဲ့ယန္တရားအောက်ကနေ ဟန်ချက်ညီစွာ ရုန်းထွက်နိုင်မှာမဟုတ်ပါဘူး။ ဆိုရှယ်မီဒီယာနဲ့ သတင်းမီဒီယာတွေမှာ ကလလတနဲ့ပက်သက်ပြီး BGF က စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်တာနဲ့ပက်သက်ပြီး စစ်ရေးအသာစီးရလာလို့ BGF တွေကပါ ပြန်လည်တိုက်ခိုက်တယ်ဆိုပြီး အခြေအမြစ်မရှိ ရေးသားပြောဆိုနေတာတွေက အခြေ အနေမှန်ကိုနားလည်မှုမရှိဘဲ စိတ်ထင်ရာပြောဆိူနေမှုတွေဟာ အလွန်ပဲနိုင်ငံရေးအရ သေးသိမ်ရာရောက်နေပါတယ်။ ကလလတဗဟိုခေါင်းဆောင်တွေအနေနဲ့နိုင်ငံရေးအရအတွေးအခေါ်အရ လုပ်ဟန်အရ တည်ဆောက်ထားလို့သာ BGF တပ်ရင်း (၂) ရင်းဟာ အမှားအယွင်းမရှိဘဲ စည်းစနစ်တကျ ပြန်လည်တိုက်ခိုက်ကာ သာယာချမ်းမြေ့တဲ့လူ့ဘောင်လောကသစ်ကို အရောက်ချီတက်သွားနိုင်မည်မှာ ဧကန်အမှန်ပဲဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

အိုက်နီ(ဖြူး)
၂၀၂၃ခုနှစ်၊ဇူလှိုင်လ(၁၉)ရက်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar