Breaking News

ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေး ကစားကွက်


မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၃


ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေး ကစားကွက် 

ဇူလိုင်လ ၉ ရက်နေ့ မှာ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေး ဝန်ကြီးတာဝန်ယူထားသူ ဒွန်ပရာမွတ်ဝီနိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရခဲ့တယ်ဆိုတဲ့ သတင်းကို ဇူလိုင် ၁၁ ရက်မှာထိုင်းနိုင်ငံဘက်က လူသိရှင်ကြား စတင်ထုတ်ပြန်ပြီးနောက် မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်က ဆုံချက်လူပုဂ္ဂိုလ်၊ ပြဿနာကို အဓိကနေရာက ဖြေရှင်းနိုင်မယ့်သူအဖြစ် ပြန်လည် မျှော်လင့်လာကြတာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နေပြည်တော်အချုပ်ထောင်မှာ ဒေါ်အောင်ဆန်းစုကြည်ကို  ဇူလိုင် ၉ ရက်နေ့က တွေ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခြင်းသည်ပင်လျင် မြန်မာနိုင်ငံတွင်းက လက်နက်ကိုင်တိုက်ပွဲတွေ၊ အိမ်နီးချင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ နေထိုင်နေကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ခေါင်းဆောင်တွေ အကြား ကြီးမားတဲ့ ဂယက်ရိုက်ခတ်မှု တရပ်ရှိခဲ့တယ်ဆိုရင် မှားမယ်မထင်ပါ။ 

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်ကြာကာလ တလျှောက်လုံး အာဏာသိမ်း စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်မှုကျူးလွန်ထားသူ၊ ပြစ်ဒဏ်ခံနေရသူ ဆိုတဲ့ အမည်တပ်ပြီး နိုင်ငံရေး ဖြစ်စဥ်တွေထဲ ထည့်သွင်းပြောဆိုတာကို လက်မခံဘဲ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု၊ တရားမဝင် စကားပြောစက် ဝယ်ယူသုံးစွဲမှု စတဲ့ စွပ်စွဲချက်တွေနဲ့ အမှုပေါင်း တဒါဇင်ကျော် ဖွင့်ပြီးပြစ်ဒဏ် စုစုပေါင်း နှစ် ၃၀ ကျော်ချမှတ်ကာ နေပြည်တော် အချုပ်ထောင်ထဲ ထည့်ထားခဲ့တာ ဖြစ်ပါတယ်။ 

ဒီလို ပြစ်မှုကျူးလွန်သူတဦးဖြစ်လို့ နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ သံတမန်တွေ လာရောက်ချိန် တွေ့ခွင့်ရဖို့တောင်းဆိုတာအားလုံးကို စစ်ကောင်စီက ငြင်းပယ်ခဲ့ပြီး အခုလို ၂ နှစ်ကျော်ကြာလာချိန် လက်နက်ကိုင် ပဋိပက္ခပိုမို ကျယ်ပြန့်အရှိန်မြင့်လာချိန်မှာမှ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကို ပထမဆုံး ပေးတွေ့ပြီး သီတင်းပတ်အနည်းငယ်အကြာမှာ အခုလို အကျဥ်းထောင်ပြင်ပက အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ထားရှိတဲ့ အိမ်ရာတခုကို ပြောင်းရွှေ့တယ်ဆိုတဲ့ သတင်းထပ်မံထွက်ပေါ်လာတာ ဖြစ်ပါတယ်။ 

စစ်အာဏသိမ်းပြီးချိန်မှာ စစ်ကောင်စီ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး စင်မြင့်ပေါ်က အပြီးတိုင်ဖယ်ရှားချင်တဲ့ သဘောထားမျိုးရှိခဲ့လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအငြှိုးလည်း ရှိကောင်းရှိနိုင်ပြီး နိုင်ငံရေး ဖြစ်စဥ်တွေထဲ ဒေါ်အောင်ဆန်းစုကြည်ကို နာမည်တပ်ပြီး ရည်ညွှန်းတာတွေကို နေရာပေးတာ အဓိက ဆုံချက်ပုဂ္ဂိုလ်ဖြစ်နေတဲ့ အခြေအနေမျိုးကို မလိုလားတဲ့ သဘောဖြစ်နိုင်ပါတယ်။ 

သို့ပေမဲ့ ပြီးခဲ့တဲ့ ဇူလိုင်လဆန်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးကို တွေ့ခွင့်ပေးခြင်းက စစ်ကောင်စီ ခေါင်းဆောင်အနေနဲ့ လက်ရှိ လက်နက်ကိုင် တိုက်ခိုက်မှုတွေကို အရှိန်လျော့သွားအောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိန်းသိမ်းပြောဆိုဖို့ ရေလာမြောင်းပေး ဖြေလျှော့ပေးတဲ့ သဘောဖြစ်လိမ့်မယ်လို့ ကောက်ချက်ချရပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြစ်ဒဏ်ချမှတ်ထားတဲ့ အမှုတွေအားလုံးက လွတ်ငြိမ်းခွင့်ပြု၊  နေအိမ်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ပေးပြီး အန်အယ်ဒီပါတီရဲ့ ပြည်တွင်းမှာ ကျန်နေသူတွေနဲ့ ပါတီမှတ်ပုံပြန်တင်ဖို့ လမ်းကြောင်းအထိ ခွင့်ပြုမလားလို့ တွေးကြည့်ရင်တော့ အဲဒီအခြေအနေမျိုးက ခုအနေအထားမှာ ဖြစ်နိုင်စရာ အလားအလာမရှိသေးဘူးလို့ ဆိုရမယ့် သဘောပါ။ 

ဒေါ်အောင်ဆန်းစုကြည် ဘက်က လက်ရှိဖြစ်နေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ ပဋိပက္ခတွေ၊ နွေဦးလက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုအပေါ် မထောက်ခံဘူးဆိုတဲ့ သဘောထားမှတ်ချက်တွေကို စစ်ကောင်စီက မျှော်လင့်နေမှာ အသေအချာပါဘဲ။ သို့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း နိုင်ငံရေး ပါတီအနေနဲ့ သဘောထားပြောဆိုဖို့ရာမှာ အကျဥ်းကျနေတဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ ပြည်ပကို ရောက်သွားတဲ့ အချို့သောခေါင်းဆောင်တွေနဲ့ စုစည်းဆွေးနွေးခွင့်မရှိတဲ့ အနေအထားမှာ သူ့အနေနဲ့ လက်နက်ကိုင် လမ်းစဥ်၊ အမျိုးသားညီညွတ်ရေးအစိုးရ စတဲ့ ထိခိုက်လွယ်တဲ့ အကြောင်းအရာတွေကို မှတ်ချက်ပေးလိမ့်မယ်လို့ မထင်မြင်မိပါ။ 

စစ်ကောင်စီ အနေနဲ့ လက်နက်ကိုင် ခုခံမှုတွေ အရှိန်မြင့်တက်လာခြင်း၊ တဖွဲ့နဲ့ တဖွဲ့ စုစုစည်းစည်းနဲ့ အလုပ်မလုပ်နိုင်တဲ့ အနေအထားရှိသည့်တိုင် ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း လက်နက်ကိုင် အင်အားစုတွေ တရှိန်ထိုး များပြားလာတာ၊ အင်အားကောင်းတဲ့ လက်နက်၊ ဖျက်ဆီးအားကောင်းတဲ့ လက်နက်မဟုတ်သည့်တိုင် မြေပြင်မှာ ပြောက်ကျားစစ်တိုက်ဖို့အတွက် လုံလောက်တဲ့ မောင်းပြန်ရိုင်ဖယ် သေနတ်၊ ကျည်တွေ ဆက်သွယ်ဝယ်ယူလို့ရလာနိုင်တဲ့ အခြေအနေက စစ်ကောင်စီကို ထိတ်လန့် တုန်လှုပ်စေနိုင်တာ အမှန်ပဲဖြစ်ပါတယ်။ 

ဒီအခြေအနေမှာ လက်နက်ကိုင် တော်လှန်ရေးလမ်းစဥ် အားပျော့သွားအောင် လုပ်ဖို့အတွက် စစ်ကောင်စီရဲ့ မဟာဗျူဟာက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချထားရာကနေ အတိုင်းအတာတခုထိ ဖြေလျှော့ပေးပြီး လက်နက်ကိုင်လမ်းစဥ်ကို အရှိန်လျော့အောင် လုပ်ဖို့ရည်ရွယ်တာ ထင်ရှားတဲ့ အချက် ဖြစ်ပါတယ်။ 

အခုလို  နှစ်နှစ်တာအတွင်း ကျေးရွာတွေ နယ်တွေမှာသာကမက မြို့တွေမှာပါ ရက်စက်တဲ့ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု စတဲ့ ကျူးလွန်မှုတွေ ရှိနေတဲ့ အခြေအနေ နောက်ခံမှာ လက်နက်ကိုင် လမ်းစဥ်ကို ရွေးထားကြတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့တော့ ဘယ်လို ဆွေးနွေးညှိနှိုင်းမှု၊ စေ့စပ်မှုမျိုးကိုမှ လုပ်လိုကြမှာ မဟုတ်ပါဘူး။ စစ်ကောင်စီတပ်တွေကို အဆုံးတိုင် အနိုင်ရရေးကိုသာ ပန်းတိုင်ထားပြီး ဆက်လက်တိုက်ခိုက်လိုကြပါလိမ့်မယ်။ ကျေးလက်နဲ့ မြို့တွေမှာ နေထိုင်ကြတဲ့ လူထုတွေထဲက အချို့ကတော့ စေ့စပ်ဆွေးနွေးရေးဆိုတာကို တချိန်ကျရင် ရွေးချယ်ကောင်း ရွေးချယ်ကြရလိမ့်မယ်လို့ ယူဆမှုတွေလည်း ရှိနိုင်ပါတယ်။ 

လက်နက်ကိုင် တိုက်ပွဲတွေက ကျေးရွာတွေမှာနေထိုင်သူတွေ ထွက်ပြေးတိမ်းရှောင်ရတာ ပိုင်ဆိုင်မှုတွေ ပျက်စီးဆုံးရှုံးရတာတွေ၊ မိသားစုဝင်တွေ အသက်ဆုံးရှုံးရတဲ့အဖြစ်တွေ နဲ့ အသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးတာ မွေးမြူတာ မလုပ်မကိုင်နိုင်ကြတော့ဘဲ၊ အကူအညီပေါ်မှာသာ အားကိုးနေကြရတဲ့ အနေအထားမျိုးကို လွတ်မြောက်လိုကြတာ ဖြစ်ပါတယ်။ 

အခုလက်ရှိမှာ အဲဒီလို အနေအထားမျိုး ရောက်ရှိတာမဟုတ်သေးပေမယ့် မကြာခင်ကာလတွေမှာ အဲဒီလို လက်နက်ကိုင် လမ်းစဥ်နဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းစဥ်လိုမျိုး ရွေးချယ်စရာ လမ်းဆုံလမ်းခွ ရောက်လာနိုင်ပြီး မိမိတို့ဘက်မှာ အင်အားတွေ ကွဲထွက်သွားတာမျိုးလည်း ဖြစ်နိုင်ခြေရှိနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမျိုး ရင်ဆိုင်လာရင် ဘယ်လိုအဖြေရှာကြမလဲဆိုတဲ့ အချက်ကိုလည်း အခုအချိန်ကတည်းက ကြိုတင် တွေးဆပြင်ဆင်ထားဖို့ လိုအပ်လိမ့်မှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar