စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် လမ်းကြောင်းရဲ့ အောင်မြင်မှုနဲ့ လိုအပ်ချက်တွေက ဘာတွေလဲ
မြန်မာနွေဦး ခရိုနီကယ် - ဇူလိုင် ၂၄ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၅ ၂၀၂၃
စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်လမ်းကြောင်းရဲ့ အောင်မြင်မှုနဲ့ လိုအပ်ချက်တွေက ဘာတွေလဲ
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ဆန္ဒပြမှုတွေကို အင်အားသုံး ဖြိုခွဲပြီးနောက် မြန်မာနိုင်ငံမှာ လက်နက်ကိုင်လမ်းစဥ် တနည်းအားဖြင့် လက်နက်ကို လက်နက်နဲ့ တုံ့ပြန်ဖို့ ဆန္ဒပြသူအများအပြားက ဆုံးဖြတ်ခဲ့ကြပြီး ရပ်ရွာအလိုက်၊ မြို့အလိုက်၊ လူမျိုးစုအလိုက်နဲ့ ပြည်နယ်အလိုက် စသဖြင့် ပုံစံအမျိုးမျိုးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ စစ်ပညာသင်ယူဖို့ လက်နက်ရရှိဖို့ သို့မဟုတ် လက်လုပ် သေနတ်၊ မိုင်းတွေ ထုတ်လုပ်ဖို့ သင်ယူစုဆောင်းခဲ့ကြပြီး ၂၀၂၁ ခုနှစ် မေလမှာပဲ အမျိုးသားညီညွတ်ရေး အစိုးရက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အမည်နဲ့ လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့လို့ အမည်မသတ်မှတ်ခင်ကတည်းက ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း ကလေးမြို့၊ ပဲခူးမြို့ သပိတ်အင်အားစုတွေက စုဆောင်းလို့ရတဲ့ လက်နက်တွေနဲ့ ပြန်လည်ခုခံတိုက်ခိုက်မှုတွေ ရှိနှင့်နေပြီးဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲက ကျေးရွာအချို့မှာလည်း စစ်ကောင်စီတပ်တွေကို ခုခံတိုက်ခိုက်ဖို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဖွဲ့စည်းနှင့်ပြီး ဖြစ်သလို တိုက်ခိုက်မှုတွေ ရှိနှင့်ပြီးဖြစ်ပါတယ်။ လက်နက်ကိုင် လမ်းစဥ်က သူ့အလိုလို နယ်အလိုက်၊ ဒေသအလိုက် ပေါ်ထွက်လာခဲ့တဲ့သဘော လို့ဆိုရင် မှားမယ်မထင်ပါဘူး။ လက်နက်ကိုင် လမ်းစဥ်ကို မရွေးချယ်ခင်မှာ ဆန္ဒပြလူထုကို မျက်ရည်ယိုဗုံး၊ အသံဗုံး၊ နောက်ပိုင်း ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွဲမှုတွေကြောင် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့ပြီး အဲဒီလို အသက်ဆုံးရှုံးမှုတွေက လက်နက်ကိုင် လမ်းကြောင်းကို ရွေးချယ်ဖို့ တွန်းအားပေးခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
အာဏာသိမ်းပြီးဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ချုံ့ရရင် ဆန္ဒပြမှု သီတင်းပတ်အနည်းငယ်အကြာမှာ အကြမ်းဖက်ဖြိုခွဲမှုနဲ့ အကြမ်းဖက်ဖြိုခွဲမှုကို တုံ့ပြန်တဲ့ ခုခံမှု၊ တုတ်တွေ ဒိုင်းကာတွေနဲ့ ခုခံတာတွေကနေ တလကျော် နှစ်လအတွင်း လက်နက်ကိုင် လမ်းစဥ်ဆီကို ဖြစ်ပျက်နေတဲ့ အခြေအနေက စေ့ဆော်ရောက်ရှိစေခဲ့တာ ဖြစ်ပါတယ်။ အစပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ဖြိုခွဲမှု ကြောင့် အသက်ဆုံးရှုံးရသူတွေကို နာမည်နဲ့တကွ ရေတွက်နိုင်သေးပေမယ့် မကြာခင်မှာပဲ ရာဂဏန်းကို ရောက်ရှိလာပြီးနောက်မှာတော့ လူနာမည်နဲ့ တယောက်ချင်း မပြောနိုင်တော့ဘဲ အရေအတွက် ကိန်းဂဏန်းတွေနဲ့ပဲ ပြောဆိုကြရတော့တဲ့ အခြေအနေ ရောက်လာတာ ဖြစ်ပါတယ်။ သပိတ်ကော်မတီတွေ၊ သပိတ်အင်အားစုတွေက လက်နက်ကိုင် ကာကွယ်ရေးအဖွဲ့တွေ အင်အားစုတွေအဖြစ် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်၊ သြဂုတ်ကစလို့ မြန်မာနိုင်ငံ အနှံ့အပြား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ (ယေဘုယျ အမည်နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့လို့ခေါ်ဆို) မြို့နယ်၊ ကျေးရွာ၊ ဒေသ အမည်အပြင် အခြားသော အမည်အမျိုးမျိုးနဲ့ ပေါ်ထွက်လာကြတာ ဖြစ်ပါတယ်။ NUG အနေနဲ့လည်း ၄င်းတို့ရဲ့ လက်အောက်မှာ တိုက်ရိုက်ရှိတဲ့ ဒေသအလိုက် အန်အယ်လ်ဒီပါတီက လွှတ်တော် ကိုယ်စားလှယ်ဟောင်းတွေ ဦးဆောင်ကြတဲ့ ကာကွယ်ရေးအဖွဲ့တွေ ပေါ်ထွက်လာပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်မှုကို ဖော်ဆောင်လာကြတာ ဖြစ်ပါတယ်။
၂ နှစ်ကျော်အကြာ အခုနေပြန်ကြည့်ရင် အဲဒီအချိန်က လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လူအင်အားသာရှိပြီး လက်နက်က ဖြစ်ဖြစ်မြောက်မြောက် မရှိတဲ့အနေအထား၊ မောင်းပြန်သေနတ် တလက်ရဖို့ ကြိုးကြိုးစားစား ဆက်သွယ်ဝယ်ယူ သယ်ဆောင်ကြရတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ အခုအခါမှာတော့ ကျည်ဆန်ပေါပေါသီသီ မရှိသည့်တိုင် ဒေသအများအပြားကို မောင်းပြန်သေနတ်တွေ ရောက်ရှိနေပြီးဖြစ်သလို ဗုံးသီး၊ လောင်ချာ၊ ဒရုန်းနဲ့ ချတဲ့ ဗုံးသီးစသဖြင့် မောင်းပြန်သေနတ်အပြင် အခြားလက်နက်တွေပါ ဝယ်ယူတပ်ဆင်လာနိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ နှစ်နှစ်ကျော် ကြာမြင့်လာတဲ့ အခုလိုအချိန်ကာလတခုမှာ လက်နက်ကိုင် တော်လှန်ရေး တနည်းအားဖြင့် လက်နက်ကိုင် လမ်းစဥ်မှာ ဘာလိုအပ်ချက်တွေရှိနေလဲ၊ တိုးတက်မှုတွေ ဘာတွေရထားပြီး ဘာတွေမရသေးလဲ၊ စစ်ရေးအရ အောင်မြင်မှု မျှော်မှန်းကာလက ဘယ်လောက်ဖြစ်မလဲ၊ အဲအတွက် ဘယ်လို နိုင်ငံရေးစုစည်းမှု ၊ စည်းရုံးမှုတွေ လုပ်ဖို့လိုအပ်သလဲ၊ လက်နက်ကိုင် အဖွဲ့အစည်းတွေအကြားက ဘုံရန်သူကိုတိုက်ဖို့ ဘုံသဘောတူညီချက်ရဖို့ ဘာတွေ လိုအပ်သလဲ၊ မတူတဲ့အကျိုးစီးပွားက ဘာလဲ စသဖြင့် ပြန်လည်သုံးသပ်ရမယ့် အချိန်ကာလရောက်နေပြီလို့ မြင်မိပါတယ်။
စစ်ကောင်စီဟာ အခြားလက်နက်ကိုင် တပ်ဖွဲ့တွေအဖို့ ဘုံရန်သူဖြစ်ပေမယ့်လည်း လက်နက်ကိုင် အဖွဲ့တွေအချင်းချင်းအကြားမှာ အကျိုးစီးပွားချင်း ဆန့်ကျင်နေတာမျိုး ၊ နယ်မြေပြဿနာ၊ နိုင်ငံရေးအရ တန်းတူအခွင့်အရေး ပြဿနာတွေလည်း တပြိုင်နက်ထဲမှာ ရှိနေနိုင်တာလည်း ဖြစ်ပါတယ်။ လက်နက်ကိုင်ခြင်းဟာ နိုင်ငံရေးအရ ရည်မှန်းချက် တခုကိုရောက်ဖို့ နိုင်ငံရေး ရည်မှန်းချက်အတွက် လက်နက်ကိုင် လမ်းစဥ်ကို နည်းလမ်းတရပ်အဖြစ်သုံးရတယ်ဆိုတဲ့ သဘောတရားကို လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ သတိမမေ့ဖို့ အမြဲ နှလုံးသွင်းထားဖို့ လိုအပ်လိမ့်မှာလည်း ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ခဲ့ရင် လက်နက်ကိုင် တပ်ဖွဲ့က စစ်ဘုရင်အဖွဲ့ တဖွဲ့သဖွယ် အဖြစ်ကို ဦးတည်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။
နိုင်ငံရေး အားနည်းခဲ့ရင် စစ်ဘုရင်ဝါဒက စိမ့်ဝင်လွှမ်းမိုးလာနိုင်တဲ့ အနေအထားရှိတာဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တိုင်းမှာ နိုင်ငံရေးအရပ် အနားကွပ် ထိန်းညှိမှုရှိဖို့ လိုကိုလိုအပ်တယ်လို့ ဆိုချင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေက လက်နက်ကိုင် တပ်ဖွဲ့တွေဟာ အစိုးရတနည်းအားဖြင့် နိုင်ငံရေးအင်အားစု ဖြစ်တဲ့ အစိုးရရဲ့ လမ်းညွှန်မှုကို ခံယူကြရတာဖြစ်ပြီး မြန်မာနိုင်ငံလို လက်နက်ကိုင် တော်လှန်ရေးကာလထဲမှာ လက်နက်ကိုင် အင်အားစုကို နိုင်ငံရေး သဘောတရားနဲ့ တနည်းအားဖြင့် နိုင်ငံရေး ဦးဆောင်မှုနဲ့ ထိန်းသိမ်းကြရမယ့်အချက်က အရေးထားရမယ့် အချက်ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar