Breaking News

မိုး သက် ငြိမ် ဦး - သွေးကြွေးနှင့်ဆွေးနွေးခြင်း

သွေးကြွေး နှင့် ဆွေးနွေးခြင်း
မိုး သက် ငြိမ် ဦး
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၃

လှောင်ချိုင့်ထဲကငှက်တွေကအော်ပြောလိုက်တယ်
အဲဒီတော့ ငါတို့ကလွတ်မြောက်သွားမှာလား
စစ်ကြောရေးအတွင်းစုတ်ပြတ်သွားတဲ့မျက်နှာကပြောတယ်
အဲ့ဒီတော့ ငါ့မျက်ခွက်ကပြန်ကောင်းပြီလား...
မိုင်းဒဏ်ကြောင့်ပြတ်တောက်သွားတဲ့ခြေထောက်တစုံကပြောတယ်
အဲ့ဒီတော့ငါ့ခြေထောက်တွေပြန်ပေါက်မှာလား..
မိဘမဲ့ကလေးတယောက်ကငိုရင်းပြောတယ်
အဲ့ဒီတော့ အသတ်ခံရတဲ့ သားမိဘတွေပြန်ရှင်မှာလား...
မုဆိုးမတယောက်ကအော်ပြောတယ်
အဲ့ဒီတော့ ငါ့လင်ပြန်လာမှာလား...
မုဆိုးဖိုတယောက်က ညည်းတွားတယ်
အဲ့ဒီတော့ ငါ့မိန်းမပြန်လာမှာလား...
အဘွားအိုတယောက်ကပြောတယ်
အဲ့ဒီတော့ ငါ့သားသမီးငါ့မြေးတွေပြန်လာမှာလား
အဘိုးအိုတယောက်ကပြော​တယ်
အဲ့ဒီတော့မီးအရှို့ခံလိုက်ရတဲ့ငါ့ရွာ အကောင်းအတိုင်းပြန်ရမှာလား...
 အလုပ်လက်မဲ့ဝန်ထမ်းတယောက်ကပြောတယ်
အဲ့ဒီတော့ငါ့လစာတွေပြန်ရမှာလား...
ငတ်ပြတ်နေသူတယောက်ကပြောတယ်
အဲ့ဒီတော့ ညစာကောင်းကောင်းစားရမှာလား...
အိမ်ယာမဲ့တယောက်ကပြောတယ်
အဲ့ဒီတော့ ငါ့အိမ်ငါ့ယာပြန်ပေးမှာလား...
ပြေးလွှားနေရတဲ့စစ်ဘေးရှောင်တဦးကပြောတယ်
အဲ့ဒီတော့ ငါတို့ကသေပေးရမှာလား...
သေပေးလိုက်ရတဲ့ သေဒဏ်ကျသူကပြောတယ်
 အဲဒီတော့ ငါတို့အသက်တွေပြန်သွင်းပေးမှာလား...
နင်းခြေခံလိုက်ရတဲ့ပန်းတပွင့်ကပြောတယ်
 အဲ့ဒီတော့ ပန်းပွင့်မိတာအပြစ်လား...
အတောင်အချိုးခံရတဲ့ချိုးဖြူငှက်ကပြောတယ်
အဲ့ဒီတော့ လွတ်လပ်ချင်တာအပြစ်လား...
လူ့အခွင့်အရေးကြေညာစာတမ်းကပြောတယ်
အဲ့ဒီတော့တန်းတူညီမျှချင်တာအပြစ်လား...

 အရိုးတွန်သံတွေနဲ့ကမ္ဘာတုန်ဟီးအောင်
သံပြိုင်ဟစ်သံကို ကြားကြရတယ် ။

...သွေးကြွေးမှာဆွေးနွေးစရာမရှိ...
...သွေးကြွေးမှာဆွေးနွေးစရာမရှိ... ။ ။

28.7.2023
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar