ခွန်ကကြီး - ကြမ်းကြားညှပ်တော့မယ့် လအုမူ
ခွန်ကကြီး - ကြမ်းကြားညှပ်တော့မယ့် လအုမူ
(မိုးမခ) ဩဂုတ် ၁၃၊ ၂၀၂၃
ပအိုးဝ် လူကြီးပိုင်းတွေနဲ့ စကားပြောတဲ့အခါ ဒီအာဏာသိမ်းကာလကြီးက ပအိုးဝ်တွေ အခြေအနေကို မေးကြည့်တတ်တယ်။
ပအိုးဝ်တွေက ခုခြေနေမှာ စစ်တပ်ဘက် ရှိနေတာဆိုတော့ အနာဂတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာတွေ စေ့ငုတာပေါ့လေ။
အဲဒီလိုမေးတိုင်း ကြားရတတ်တာက ပအိုးဝ်တွေဟာ လအုမူ ကျင့်သုံးတာမို့ ပူစရာမလိုကြောင်း ပြောကြပါတယ်။ လအု ဆိုတာ လျောင်းထိုင်ရပ်သွား ခန္ဓာကိုယ်ရဲ့ ဘယ်အခြေအနေမှာ ဖြစ်ဖြစ် သူ့ကို မထိခိုက်အောင် နေတတ်ပါတယ်တဲ့။
ဒါပေလို့ ခုတော့ လအု ကြမ်းကြားညှပ်ကိန်းဆိုက်လာပြီ ဆိုရမလားဘဲ။
စကစက ကရင်နီနဲ့ အသည်းအသန်တိုက်နေရတော့ ပအိုးဝ်တွေကို သုံးပြီး တိုက်ခိုင်းလာတယ်။ ရိုးရိုးတိုက်ခိုင်းတာတင်မဟုတ်ဘဲ လူမျိုးစုနှစ်ခုကြား ရန်ပါတိုက်လိုက်သေးတယ်။ ထုံးစံအတိုင်း ဘာသာရေးရောတဲ့ လူမျိုးရေးပဋိပက္ခပေါ့။ နမ့်နိမ်ရွာဖြစ်စဉ်ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တချက်ခုတ် သုံးချက်ပြတ် အကြံအစည်ပါဘဲ။ သူတို့ထဲက တယောက်က ဆတ်ဆော့ပြီး ပဒက်တွေကို ဆုံးမလိုက်ပြီဆိုပြီး တယ်လီဂရန်မှာ ကြိုတင်မိလိုက်လို့သာ သူတို့လက်ချက်မှန်း သိလိုက်ရတာ။ မဟုတ်လို့ကတော့ ပအိုးဝ်နဲ့ ကရင်နီ သွေးချောင်းစီးမယ့်ကိန်းဘဲ။ ဒါတောင် လူထုရှုတ်ချပွဲတွေက တိုင်ပင်ကိုက်စီစဉ်ပြီးသားဆိုတော့ ခပ်တည်တည်နဲ့ လုပ်တာပါပဲ။ ရိုးအတဲ့ပအိုးဝ်အများစုကလဲ ယုံကြတာပါဘဲ။ ပအိုးဝ်မှာက ဘုန်းကြီးတွေ ယုံရင် ပြီးပြီလေ။ တမျိုးသားလုံးနီးနီး လိုက်ယုံကြတော့တာ။ ဒီတယ်လီဂရမ်မှာ တင်တဲ့ဟာကိုပြပြီး စစ်တပ်က လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်အောင် လုပ်ကြံဖန်တီးတာလို့ ဘယ်လိုပြောပြော အဲဒါကို လက်ခံပေးတဲ့သူက အနည်းလေးပါပဲ။
အဲဒါကို အကြောင်းပြုပြီး ရှမ်းနယ်ဘက် ထွက်လာတဲ့ ကရင်နီစစ်ရှောင်တွေ ဒုက္ခရောက်ကြ၊ ဆက်ထွက်လာဖို့ ခက်လာကြသလို စစ်ပွဲထဲ ပအိုးဝ်တွေကို ဆွဲထည့်လို့ ကောင်းသွားတာပေါ့။ ခုဆို ပအိုးဝ်ရွာတွေမှာ စစ်သားတင်မက စစ်စရိတ်ပါ တောင်းလို့ရနေပြီလေ။ ပအိုးဝ်အောက်ခြေလူထုကတော့ စထိခိုက်လာပြီပေါ့။ စကစနဲ့ စီးပွားရေးတွေ လုပ်ထားတဲ့ပအိုးဝ်ခေါင်းဆောင်ပိုင်းတွေကတော့ အေးဆေးပါပဲ။
ခု စစ်တပ်က SSPP ရှမ်းတပ်နဲ့ တိုက်မယ့်ပွဲမှာပါ ပအိုးဝ်တွေကို သုံးလာပြန်ပါပြီ။ ဒီတခါ ပအိုးဝ်ကို ရှမ်းနဲ့ ရန်တိုက်တာ။ ဓနုဘက်မှာလည်း ပအိုးဝ်ကို ကြားခံသုံးနေတာတွေရှိသေး။ ပအိုးဝ်အရေးဟာ ရင်လေးစရာပါပဲ။
ဒီလိုဆိုတော့ ပအိုးဝ်တွေရှေ့ရေးဟာ အဆင်ပြေပါအုံးမလား။ တော်လှန်ရေးပြီးသွားရင်ကို အဆင်ပြေပါ့မလား။ တော်လှန်ရေးမှာ မပါတဲ့အပြင် စစ်ကောင်စီဘက်ကပါ ဝင်တိုက်နေတာ ဆိုတော့။ တိုက်တာကလည်း နယ်ချင်းစပ် မြေချင်းထိ၊ တရေတည်းသောက် ကရင်နီနဲ့ ရှမ်းကိုလေ။ စစ်အုပ်စုဟာ ဒီနည်းနဲ့ တိုင်းရင်းသားဒေသတွေကို အုပ်စီးထားနိုင်ခဲ့တာ မဟုတ်လား။ အကြိုက်ပေး ရန်တိုက် အုပ်ချုပ်တဲ့နည်းဟာ နည်းဟောင်းကြီး ဆိုပေမယ့် အလုပ်ဖြစ်တယ်လေ။ အင်္ဂလန်မိတ်ဆိုတော့။
ပအိုးဝ်တွေရဲ့ ကြမ်းကြားညှပ်တော့မယ့် လအုကို ပအိုးဝ်လူငယ်တွေကဘဲ ကယ်တင်နိုင်မှာပါ။ လူကြီးတွေကတော့ အေးဆေးပါပဲ။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar