မုံရွာမြို့က ကိုယ်ဝန်ဆောင် ပစ်သတ်ခံရတဲ့ လုယက်မှုနောက်ဆက်တွဲ သက်ရောက်နိုင်မှုတွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၁ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၂၊ ၂၀၂၃
မုံရွာမြို့က ကိုယ်ဝန်ဆောင် ပစ်သတ်ခံရတဲ့ လုယက်မှုနောက်ဆက်တွဲ သက်ရောက်နိုင်မှုတွေ
သြဂုတ်လ ၁၀ ရက်နေ့ညနေပိုင်းက မုံရွာမြို့ ထန်းတောရပ်က နေအိမ်တအိမ်ကို ဓားပြဝင်တိုက်ရာမှာ လက်ကိုင်ဖုန်းနဲ့ ဆိုင်ကယ်ကို ယူဆောင်သွားပြီး အမျိုးသမီးကြီးတဦးကို တွန်းလှဲခဲ့ကာ အသက် ၂၅ နှစ်အရွယ်ရှိတဲ့ မအေးငြိမ်းသူ ဆိုတဲ့ နေ့စေ့ခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို သေနတ်နဲ့ ဦးခေါင်းကို ပစ်ခတ်ခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့တဲ့ အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။
၆ ဦး ၇ ဦးလောက်ပါရှိတဲ့ ဓားပြတိုက်သူတွေဟာ မုံရွာမြို့အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ကလို့ မုံရွာမြို့ နယ် ပလဖ (Guardian Force ) လို့အတိုကောက်ခေါ်တဲ့ ပြည်သူ့လုံခြုံရေး အဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ ဓားပြ လူသတ်မှုကို ကျူးလွန်တဲ့သူတွေလို့ စွပ်စွဲခံထားရသူတွေကို မုံရွာမြိုန့ယ် ပလဖ (Guardian Force ) အဖွဲ့က စစ်ဆေးတဲ့ ဗွီဒီယိုကိုလည်း ဆိုရှယ်မီဒီယာမှာ ဖြန့်ဝေထားသလို သတင်းမီဒီယာ အချို့ နဲ့ ဖြေကြားမှုတွေအရ ဒီသေနတ်နဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ဒေသကာကွယ်ရေးအဖွဲ့လိုလို ၊ မြို့ပြပြောက်ကျားလိုလို အဖွဲ့တွေလို့ ရည်ညွှန်းပြောဆိုထားတာတွေ့ရပါတယ်။
အခုလို ဓားပြတိုက်ရာမှာပါဝင်ခဲ့တယ်လို့ ယူဆရသူတွေကို စစ်မေးတဲ့ ဗွီဒီယိုမှာ ပစ္စည်းယူချင်ယူလေကွာ၊ ဖမ်းလာခဲ့ လူသတ်လို့မရဘူး ဆိုတာမျိုး ပြောဆိုတဲ့ ပြောဆိုချက်တွေ ပါရှိနေတာက အခုလို ဓားပြတိုက်၊ လူသတ်ခဲ့တဲ့ သူတွေကို ဖမ်းဆီးစစ်မေးတဲ့ အဖွဲ့နဲ့ နဂိုကတည်းက ဆက်ဆံသိရှိခဲ့ဖူးနေသလားဆိုတဲ့ သံသယမျိုးလည်း ပေါ်ထွက်စေတာ ဖြစ်ပါတယ်။ အဖြစ်အပျက် ဖြစ်ပွားတဲ့ ည ၁၀ နာရီလောက်မှာ ကျူးလွန်တဲ့သူတွေကို မုံရွာမြို့နယ် ပလဖ အဖွဲ့က သူတို့နေထိုင်ရာ ကျေးရွာမှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေအရ သိရပါတယ်။
မုံရွာမြို့နယ် ပလဖ အဖွဲ့က ဖမ်းဆီးရမိထားတဲ့ ဓားပြ၊ လူသတ်မှု ကျူးလွန်သူတွေကို စစ်မေးနေတဲ့ ဗီဒီယိုဖိုင်မှာ ရိုက်နှက်တာ ကန်ကျောက်တာတွေ လုပ်ဆောင်တာလည်း ပါရှိသလို အချို့သောမေးခွန်းတွေကို ဖြေဆိုရာမှာ နာမည်တွေ ထည့်မပြောဖို့ တားဆီးတဲ့ ပြောဆိုမှုတွေလည်း ပါရှိနေတာကြောင့် အခု ကျူးလွန်သူတွေရဲ့ အကြောင်းအချင်းကိစ္စတွေ၊ သူတို့နဲ့ပတ်သက်သူတွေကို သိရှိထားသလားဆိုတဲ့ သံသယတွေလည်း ထွက်ပေါ်စေပါတယ်။ စစ်မေးရာမှာ ရိုက်နှက်တာ ကန်ကျောက်တာတွေကို လုပ်နေကျ ဖြစ်နေကျ ဖြစ်ရပ်မျိုးသဖွယ် ယူဆထားတဲ့ သဘောလည်း တွေ့ရတာ ဖြစ်ပါတယ်။
သတင်းဌာနတခုရဲ့ ရေးသားမှုအရ အခု ဓားပြ လူသတ်အဖွဲ့ဟာ မုံရွာမြို့ပြပြောက်ကျားအဖွဲ့ တဖွဲ့လို့ နာမည်ခံထားတဲ့ အဖွဲ့တဖွဲ့လို့ ရေးသားထားပြီး တခြားသတင်းဌာနကတော့ စစ်ကောင်စီက လက်သပ်မွေးထားတဲ့ အဖွဲ့ လို့ ရေးသားထားပါတယ်။ အခုလို အခြေအနေမျိုးမှာ သတင်းဌာနတွေ အနေနဲ့ မြေပြင်မှာ တိုက်ဆိုင်မေးမြန်း သတင်းယူနိုင်တဲ့ အနေအထားမျိုးမဟုတ်ဘဲ အွန်လိုင်းပေါ်က တဆင့် ဆက်သွယ်မေးမြန်းမှုတွေအရ သတင်းဖော်ပြကြတာဖြစ်လို့ ဖော်ပြတဲ့ အချက်အလက်တွေက မှန်ကန်မှုရှိဖို့ မသေချာတဲ့ အနေအထားဖြစ်ပြီး ထွက်ပေါ်လာတဲ့ အထောက်အထားတွေကိုသာ ဆက်စပ်တွေးဆရတဲ့ အခြေအနေမျိုးလည်းဖြစ်နေတာပါ။
တချက် ပြောနိုင်တာကတော့ စစ်အာဏာသိမ်းပြီးနောက် လက်နက်တွေက လက်လုပ်ဖြစ်စေ၊ လက်လုပ်မဟုတ်တဲ့ လက်နက်တွေဖြစ်စေ ငွေကြေးပမာဏတခုပေးရင် ဝယ်ယူလို့ ရနိုင်တဲ့အနေအထား ဖြစ်နေတာ၊ နိုင်ငံရေး ရည်မှန်းချက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့၊ လက်နက်ကိုင်အဖွဲ့တွေရဲ့ လိုက်နာရမယ့် စစ်သည်ကျင့်ဝတ်လိုမျိုး သိရှိတဲ့ လိုက်နာတဲ့အဖွဲ့တွေလည်း ရှိသလို ၊ စစ်ကောင်စီ ဆန့်ကျင်ရေး ဆိုတာထက် လက်နက်ကိုင်ပြီး ကျေးရွာ၊ မြို့နယ်တွေမှာ ငွေကြေးကောက်ခံတာ၊ ဓါးပြတိုက်တာမျိုး လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေလည်း ပေါ်ထွက်လာနိုင်တဲ့ အနေအထားမျိုး ရေခံမြေခံမျိုးလည်း ဖြစ်ပါတယ်။
တနည်းအားဖြင့်ဆိုရရင် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး လက်နက်ကိုင် ခုခံတိုက်ခိုက်မှုတွေ ဖြစ်ပွားလာပြီးနောက် ဓားပြမှုတွေ၊ လူသတ်မှုတွေ ဖြစ်ပွားခဲ့ရင် အများစုကို မဖော်ထုတ်နိုင်တဲ့ အနေအထားမျိုး ရောက်ရှိလာတာဖြစ်ပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ ရဲတွေက စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားသလို သူတို့အနေနဲ့ သူတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးကို မလုပ်တော့ဘဲ တော်လှန်ရေးတပ်ဖွဲ့တွေ နဲ့ ဆက်စပ်တဲ့ ကိစ္စတွေ၊ ထောက်ခံအားပေးသူတွေကို အရေးယူဖို့ ဖမ်းဆီးဖို့ အပြစ်ပေးဖို့သာ လုပ်ဆောင်တော့တဲ့ အနေအထားမျိုးလည်း ဖြစ်ပြီး တနည်းအားဖြင့် မြို့ရွာတွေမှာ တရားဥပဒေ စိုးမိုးရေး ယန္တရား လျော့ရဲတဲ့ အနေအထား အချို့နေရာမှာ ပျက်ပြားတဲ့ အနေအထားမျိုး ဖြစ်လာပါတယ်။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာဒေသတွေရဲ့ ကျေးရွာတွေကတော့ အဆိုးရွားဆုံး ခံစားရတာ ဖြစ်ပြီး အဲလို ဒေသတွေအနက်မှာ တိုင်းရင်းသား လက်နက်ကိုင် ဧရိယာတွေထက် မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းလို၊ မကွေးတိုင်း၊ မန္တလေးတိုင်းလို ဒေသတွေက ပဋိပက္ခ ဧရိယာတွေက ပိုမိုဆိုးရွားတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ အကွဲကွဲအပြားပြားဖြစ်နေတဲ့ အနေအထား၊ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း မရှိသေးပဲ မကြာခင်ကမှ ပေါ်ထွက်လာတဲ့ အနေအထား၊ နယ်မြေဒေသရဲ့ တရားဥပဒေ စိုးမိုးရေးကို ဘယ်လို လုပ်ကိုင်ရမယ်ဆိုတာ နားမလည်တဲ့အနေအထား တဖွဲ့ကို အခြားတဖွဲ့က သြဇာ အာဏာသက်ရောက်နိုင်ခြင်း မရှိတဲ့အနေအထားတွေက အခုလို ဓါးပြမှုတွေ လူသတ်မှုတွေ ဖြစ်ပွားဖို့ အခြေအနေ ပေးတာလည်း ဖြစ်ပါတယ်။ ဖြစ်ပွားလာရင်လည်း တရားဥပဒေအရ အရေးယူနိုင်တဲ့ အနေအထားမရှိပဲ အချုပ်ထောင်တွေ တရားရုံးတွေ မရှိတဲ့အနေအထားမှာ ရိုက်နှက်စစ်ဆေး ဝန်ခံရင် သေဒဏ်ပေးတာမျိုး သို့မဟုတ် တဖွဲ့ဖွဲ့ တယောက်ယောက်နဲ့ ဆက်နွယ်နေလို့ ငဲ့စရာအကြောင်းတွေ ရှိနေခဲ့ရင် အများအာရုံမစိုက်တဲ့ အချိန်တခုကျရင် လွှတ်ပေးလိုက်တာမျိုးတွေ ဖြစ်နိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
ကျေးရွာတွေမှာ နေထိုင်လုပ်ကိုင်စားသောက်သူတွေထဲက ငွေကြေးတတ်နိုင်သူတွေက မြို့တွေကို ပြောင်းရွှေ့ နေထိုင်ကြပြီး မြို့တွေမှာ နေထိုင်သူတွေထဲက တဖန် ပိုလုံခြုံရာ မြို့ကြီးတွေကို ပြောင်းရွှေ့ နေထိုင်ကြတာ၊ ပြည်ပ အိမ်နီးချင်းနိုင်ငံမှာ ယာယီအားဖြင့် သွားရောက်နေထိုင်ကြတာတွေကိုလည်း မြင်တွေ့နေရတာ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး ကာလကြာရှည်လာတာနဲ့အမျှ အခုလို အခြေအနေမျိုး ဖြစ်ရပ်မျိုးတွေ မဖြစ်ပွားရအောင် တတ်နိုင်သမျှ ထိန်းသိမ်းနိုင်ကြဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုအနေနဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အခြေအနေအောက်မှာ ဆက်လက်ရှင်သန်နေထိုင်ဖို့ ကြိုးစားရင်း လက်နက်ကိုင် တိုက်ခိုက်မှုတွေရဲ့ ဘေးထွက် အကျိုးသက်ရောက်မှုတွေဖြစ်တဲ့ ဓားပြမှု၊ လူသတ်မှု၊ မုဒိမ်းမှုလို အမှုအခင်းတွေ မြင့်တက်လာရာက တော်လှန်ရေးကို အားပေးထောက်ခံမှု အင်အားတွေ ကုန်ခန်းလျော့နည်းလာနိုင်တာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar