ရုတ်တရက် မြင့်တက်လာတဲ့ ကမ္ဘာ့ဆန်ဈေး နဲ့ မြန်မာရဲ့ ငွေဖောင်းပွမှု
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၂ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၂၃၊ ၂၀၂၃
ရုတ်တရက် မြင့်တက်လာတဲ့ ကမ္ဘာ့ဆန်ဈေး နဲ့ မြန်မာရဲ့ ငွေဖောင်းပွမှု
အိန္ဒိယနိုင်ငံက ဘာစမာတီလို့ ခေါ်တဲ့ အမျိုးအစားကောင်းပြီး စျေးမြင့်တဲ့ ဆန်ကလွဲပြီး ကျန်ဆန်အမျိုးအစားတွေကို ပြည်ပတင်ပို့ခွင့် ပိတ်ပင်ထားလိုက်တဲ့ အကျိုးဆက်ကြောင့် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဆန်ဈေးတွေ ချက်ခြင်းပဲ မြင့်တက်လာတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ အိန္ဒိယနိုင်ငံအနေနဲ့ ကမ္ဘာမှာ ဆန်အများဆုံးတင်ပို့တဲ့ နိုင်ငံဖြစ်တာကြောင့် အိန္ဒိယရဲ့ အချိန်ကာလတခုထိ တင်ပို့ခွင့် ပိတ်ထားခြင်းဟာ ကမ္ဘာ့ဆန်ဈေးကွက်ကို ကြီးမားတဲ့ သက်ရောက်မှုရှိတာ ဖြစ်ပြီး အိန္ဒိယအနေနဲ့ ရွေးကောက်ပွဲ မတိုင်ခင်ကာလမှာ ဆန်ဈေးနှုန်းတွေ မြင့်တက်တာ မကြုံရအောင်၊ မဲဆန္ဒရှင်တွေ အနေနဲ့ ဆန်ဈေးနှုန်းမြင့်တက်သွားလို့ လက်ရှိအာဏာရပါတီကို မဲမထည့်ပဲ အခြားပါတီကို မဲပေးမယ့် အခြေအနေမျိုးကို ရှောင်လွှဲဖို့ တားမြစ်လိုက်တာလို့လည်း ဆိုကြပါတယ်။
ကမ္ဘာ့ဆန်ဈေးတွေ မြင့်တက်လာရင် ဆန်ကို ပြည်ပတင်ပို့တဲ့အထဲ ပါဝင်တဲ့ မြန်မာနိုင်ငံ အနေနဲ့ ဘာအကျိုးအမြတ်တွေ ခံစားရနိုင်ပါသလဲ။ ဘာတွေ သက်ရောက်လာနိုင်ပါသလဲ။ မြန်မာနိင်ငံက ဆန်စပါး စိုက်ပျိုးပြီး ပြည်ပကိုလည်း တင်ပို့တဲ့နိုင်ငံတနိုင်ငံဖြစ်တာကြောင့် ကမ္ဘာ့ဆန်ဈေး မြင့်တက်ခြင်းဟာ စပါးစိုက်ပျိုးသူ လယ်သမားတွေ အတွက် အကျိုးအမြတ်ရနိုင်တဲ့ သဘောကြောင့် အကောင်းဘက်က ရှုမြင်ရမှာ ဖြစ်ပေမယ့် တဖက်မှာလည်း ဆန်ဈေးနှုန်းမြင့်တက်မှုကို လယ်သမားတွေ အမှန်တကယ် ခံစားရမလားဆိုတဲ့ မေးခွန်းတော့ ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လယ်သမားတွေ အနေနဲ့ အများစုက ဆန်စပါး ရိတ်သိမ်းခါစ ထွက်ရှိခါစမှာတင် ဆန်ကုန်သည်တွေ၊ ဆန်စက်ပိုင်ရှင်တွေထံ ရောင်းချကြရတာကြောင့် ဆန်ဈေးမြင့်တက်ချိန်မှာ ၄င်းတို့လက်ထဲ စပါး၊ ဆန်မရှိကြတော့တဲ့ အဖြစ်မျိုးလည်း ရှိနေတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး အစရှိတဲ့ ဒေသတွေက ဆန်စပါး စိုက်ပျိုးသူတွေအဖို့ လက်ရှိဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်တွေ က မကြာခဏ ကျေးရွာတွေဝင်ပြီး နေအိမ်တွေ၊ ရိက္ခာဂိုဒေါင်၊ စပါးကျီ စတာတွေကို ပစ်မှတ်ထား ဖျက်ဆီးနေတာကြောင့်လည်း စပါးရိတ်ပြီးလျင် ပြီးချင်း မြို့တွေကို ပို့ပြီး ရတဲ့ဈေးနဲ့ ရောင်းချကြရတာလို့ဆိုပါတယ်။
အခုလို လက်နက်ကိုင် တိုက်ပွဲတွေ မဖြစ်ပွားစဥ်က ဆိုရင် လောလောဆယ် ငွေမလို သေးတဲ့အခါ စပါးရိတ်သိမ်းပြီးနောက် လိုအပ်တဲ့ ငွေပမာဏလောက်သာ ရောင်းချပြီး ကျန်တဲ့ ဆန်စပါးကို သိုလှောင်ထားလေ့ရှိကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်နက်ကိုင် တိုက်ပွဲတွေ ဖြစ်ပွားလာပြီးနောက် စစ်ကြောင်းတွေ ဝင်ရောက်တာ၊ ဆန်စပါး သိုလှောင်ထားတာတွေကို ယူသွားတာ သို့မဟုတ် မီးရှို့ဖျက်ဆီးခဲ့တာတွေ ကျူးလွန်လေ့ရှိတာကြောင့် သိုလှောင်ထားတာမရှိတော့ပဲ ရွှေဘို၊မုံရွာ စတဲ့ မြို့တွေက ဆန်ကုန်သည်တွေ ဆီ ထိုးရောင်းကြရတယ်လို့ တန့်ဆည်က ဒေသခံတဦးက ပြောပါတယ်။ ဆန်ကုန်သည်တွေ၊ ပြည်ပတင်ပို့သူတွေ အနေနဲ့တော့ ဈေးကောင်းရလို့ အကျိုးအမြတ်ခံစားရနိုင်ပေမယ့် စိုက်ပျိုးထုတ်လုပ်သူတွေ အတွက်တော့ အကျိုးခံစားရဖို့ လမ်းသိပ်မမြင်တဲ့ သဘောလည်းဖြစ်ပါတယ်။
တဖန် ပြည်တွင်းဈေးကွက်မှာ ဆန်ဈေးနှုန်းတွေ မြင့်တက်လာခြင်းကြောင့် နေ့စား၊ လုပ်ခ၊ လက်ခစားတွေ အဖို့ ဝင်ငွေမမြင့်တက်ပဲ နေ့စဥ်ဝယ်စားရတဲ့ ဆန်ဈေးက မြင့်တက်သွားတဲ့ ပြဿနာဖြစ်ပွားနိုင်ပါသေးတယ်။
မြန်မာကျပ်ငွေက တန်ဖိုးကျနေချိန် ၊ ကမ္ဘာ့ဆန်ဈေးနှုန်းက မြန်ဆန်စွာမြင့်တက်သွားခြင်းကြောင့် ပြည်တွင်းက စပါးစိုက်ပျိုးခြင်းမရှိတဲ့ ဆန်စပါးစားသုံးသူတွေ အနေနဲ့ အသွား ၂ ဖက်ရှိတဲ့ ဒါးသွားလိုမျိုးနဲ့ ထိခိုက်ခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ဝင်ငွေကမြင့်တက်မလာပဲ တန်ဖိုးကျသွားချိန်မှာ နေ့စဥ်စားသုံးတဲ့ ဆန်ဈေးက ကမ္ဘာ့ဈေးမြင့်တက်မှုကို အကြောင်းခံပြီး ပြည်တွင်းမှာပါ လိုက်ပြီး မြင့်တက်လာခဲ့ရင် ကုန်ဈေးနှုန်း ပြဿနာ စီးပွားရေး ပြဿနာသာ မဟုတ်ပဲ နိုင်ငံရေး ပြဿနာအဖြစ်ကို ကူးစက်လာနိုင်ခြေလည်း ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံပြီးနောက် ဆန်တင်ပို့မှုအများဆုံး ဖြစ်ပေမယ့် စစ်အာဏာသိမ်းပြီးနောက်မှာ လက်နက်ကိုင်တိုက်ပွဲတွေ ၊ အလုပ်လုပ်နိုင်တဲ့ လူငယ်၊ လူလတ်ပိုင်း လုပ်သားအင်အားတွေ ပြည်ပကို ထွက်ခွာပြီး ပြည်ပမှာ အောက်ခြေသိမ်းအလုပ်လိုမျိုးတွေကို လုပ်ကိုင်နေကြရတာကြောင့် ဆန်စပါး စိုက်ပျိုးရေးကိုလည်း ထိခိုက်လာနေတာ ဖြစ်ပါတယ်။ ဆန်စပါး စိုက်ပျိုးရေးအပြင် ယခင်က ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေဖီ လက်ဖက်ခူးချိန်လိုမျိုးမှာ မြန်မာနိုင်ငံ အလယ်ပိုင်း အညာဒေသက လက်ဖက်ခူးဆွတ်တဲ့ လုပ်သားတွေ အများအပြား ရှမ်းပြည်နယ် မြောက်ပိုင်းမှာ သွားရောက် အလုပ်လုပ်ကိုင်တာမျိုးလည်း စစ်အာဏာသိမ်းပြီးနောက်မှာ မရှိသလောက် ဖြစ်သွားတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိနေရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခက စစ်ပွဲတွေတင်မကပဲ ဖွံ့ဖြိုးမှု နိမ့်ကျခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း ပျက်သုဥ်းခြင်းနဲ့ ရိက္ခာ မလုံလောက်ခြင်းတို့အထိ သက်ရောက်လာနေပြီဖြစ်ပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar