Breaking News

ကိုသန်းလွင် - တရုတ်နိုင်ငံ စီးပွားရေး


ကိုသန်းလွင် - တရုတ်နိုင်ငံ စီးပွားရေး

(မိုးမခ) ဩဂုတ် ၂၂ ၊ ၂၀၂၃


( ၁ )

တရုတ်ပြည်သည် စီးပွားရေးတွင်နှစ်ပေါင်း ၃၀ မျှ အမြဲတစေ တိုးတက်လာခဲ့ပြီးနောက် စူပါပါဝါ ဖြစ်လာခဲ့ပါသည်။ ယနေ့ တရုတ်ပြည် စီးပွားရေးစနစ်တွင်ရှိနေကြသော ပြဿနာများမှာ ဤအချက်ကို ပြောင်းလဲစေလိမ့်မည် မဟုတ်ပါ။ သို့သော် တရုတ်တို့ စူပါဖြစ်ရခြင်းမှာ အဘယ်မျှခိုင်ခန့်ပါနည်း။ ယခုအခါ သူသည် အမေရိကန်တို့နောက်မှာပဲ ရှိနေသလား။ သို့မဟုတ် ရှေ့သို့ ရောက်သွားပြီး ကမ္ဘာကြီးကို စိုးမိုးနိုင်ပြီလားဟု ဆန်းစစ်ကြည့်ရန် လိုပါသည်။ စီးပွားရေးတိုးတက်မှုကို တိုင်းတာသည့်ပေတံပေါ်တွင် လိုက်ပြီး အခြေအနေက ပြောင်းလဲနိုင်ပါသည်။

( ၂ )

ယနေ့ခေတ်၌စီးပွားရေးစနစ်တစ်ခု ကို အရိုးရှင်းဆုံးနည်းဖြင့် တိုင်းတာရာတွင် ဂျီဒီပီ (Gross Domesric Product) ဖြင့်တိုင်းတာရပါသည်။ တိုင်းပြည်ကထုတ်လုပ်လိုက်သည့် ပစ္စည်းအားလုံး၏ပမာဏ ကိုကြည့်ကြရပါသည်။ ဂျီဒီပီကို ထိုနိုင်ငံသုံးငွေပမာဏဖြင့် တိုင်းတာရပါသည်။ ထို့နောက် ဈေးကွက်ပေါက် ဈေးအတိုင်း အများသုံးငွေအဖြစ်ပြောင်းလဲကြရပါသည်။ ယေဘူယျ အားဖြင့်တရုတ်သုံးငွေ ယွန်ကို ဒေါ်လာ အဖြစ်ပြောင်းကြရပါသည်။ အကယ်၍ဗြောင်းပြန်ဖြစ်ပါကအဖြေမှာအတူတူပင်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် အ တွက်အမေရိကန်ပြည်၏ ဂျီဒီပီ မှာ ၂၅.၅ ထရီလီယံဖြစ်ပြီး တရုတ်တို့၏ ပမာဏမှာ ၁၈.၁ ထရီလီယံရှိသော ကြောင့် တရုတ်ပြည်မှာ ဒုတိယလိုက်ပါသည်။ အကယ်၍ တိုင်းပြည်တွင်ရှိနေသော လူနေမှုအဆင့်အတန်း (သို့) နေထိုင်စရိတ် (Cost of living) ဟုခေါ်သော PPP- Purchasing Power Pricing တို့ကြည့်၍ တိုင်းတာပါက တရုတ်ပြည်က ရှေ့ကို ကောင်းကောင်းရောက်နေပါသည်။

ကျွန်တော်တို့သည် ထိုသို့နှိုင်းယှဉ်ကြည့်နိုင်သော်လည်း ငွေလဲနှုန်းနှင့် ဈေးနှုန်းများမှာ အမြဲတစေ တည်ငြိမ်သည်ဟုမရှိဘဲ ပြောင်းလဲနေကြပါသည်။ ထိုအခါ ဂျီဒီပီ၏ တန်ဖိုးသည်လည်း လိုက်၍ ပြောင်းလဲရ ပါသည်။

အမေရိကန်နှင့် ဥရောပဈေးကွက်တို့ကို နှိုင်းယှဉ်ပါက ၂၀၀၈ ခုနှစ်တွင် ပမာဏမှာ အတူတူပင်ဖြစ်ပါသည်။ ယခုအချိန်တွင်မှု အမေရိကန်ဈေးကွက်သည် ဥရောပဈေးကွက်ထက် ၂ ဆမျှ ဖြစ်သွားသည်။ အမေရိကန်ပြည်၏ စီးပွားရေးတိုးတက်နှုန်းမှာ ဥရောပတို့ထက် ပိုမိုမြန်ဆန်ပါသည်။ ဤသို့ ကွာခြားရသည်မှာ အမေရိကန်တို့၏ တိုးတက်မှုသက်သက်မဟုတ်ဘဲ ယူရိုငွေကြေး ကျဆင်းခြင်းကြောင့်လည်း ဖြစ်ပါသည်။ စီးပွားရေးနှစ်ခုကို နှိုင်းယှဉ်သောအခါ ဂျီဒီပီနှစ်ခုကို နှိုင်းယှဉ်ရသည့်နည်းတူ လူတို့၏ နေထိုင်မှု အဆင့်အတန်းကိုလည်း ကြည့်ရပါသည်။ ဈေးထဲတွင် ရောင်းချနေကြသည့် ပစ္စည်းများ၏ဈေးကိုလည်း ကြည့်ရပါသည်။ 

ဤအချက်များမှာ ဝင်ငွေများသည့်အမေရိကန်နိုင်ငံ၊ အလယ်အလတ်ဝင်ငွေရှိသည့် တရုတ်နိုင်ငံနှင့် ဝင်ငွေနည်းသောနိုင်ငံ အိန္ဒိယကဲ့သို့သော နိုင်ငံများတွင် မှန်ကန်ပါသည်။ ဝင်ငွေနည်းသောနိုင်ငံများတွင် ပစ္စည်း နှင့် ဆားဗစ် တို့၏ ဈေးနှုန်းတို့မှာ နည်းပါးကြပါသည်။ ဤအချက်ကို ဘာလက်ဆာ-ဆင်မြူရယ်ဆန် (Balassa-Simuelson effect) ဟု ခေါ်ပါသည်။ ၁၉၆၄ ခုနှစ်က တွေ့ရှိခဲ့ကြပြီး ထိုလူပုဂ္ဂိုလ် နှစ်ယောက်လုံးက ဤအလားတူဖြစ်ရပ်ကို တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းမှုမရှိဘဲ တွေ့ကြခြင်း ဖြစ်ပါသည်။ ဆင်းရဲသောနိုင်ငံများတွင် ဈေးနှုန်းကို လျှော့ကျစေသော စနစ်တကျရှိသော သဘောကို တွေ့ရှိခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုအချက်ကို နားလည်နိုင်ရန်ကမ္ဘာကြီးတွင်လုပ်အားတခုတည်းသာအသွင်း (အရင်း) ဖြစ်ပြီးစီးပွား ရေးစနစ်တခုကို စဉ်းစားကြည့်စေလိုပါသည်။ လုပ်အားသာအရင်းရှိပြီး ထွက်ကုန်တွင်ကုန်ကူးသန်း ရောင်း ဝယ်နိုင်သော (Tradable) သံမဏိ၊ လေယာဉ်ပျံနှင့် ဆံပင်ညှပ်ခြင်း စသောဆားဗစ်ကိုသာပေးသည့် ထုတ် ကုန်တို့ဖြစ်ကြပါသည်။ ထိုကမ္ဘာတွင် ထွက်ကုန်နှစ်မျိုးလုံးအတွက် တစ်ဦးနှင့် တစ်ဦး ယှဉ်ပြိုင်ထုတ်လုပ်နိုင်ရန် ကြိုးစားကြရပါသည်။

ကျွန်တော်တို့ တွေ့ရသည်မှာ စက်မှုလက်မှုတိုးတက်သော နိုင်ငံများတွင် ဤကူးသန်းရောင်းဝယ်နိုင်သော ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် ဆားဗစ်ကဏ္ဍပိုင်းမှာထက် ပိုမို အောင်မြင်သည်ကို တွေ့နိုင်ပါသည်။ ထိုနိုင်ငံများတွင် ထုတ်လုပ်သော ပစ္စည်းပေါ်တွင် မူတည်၍ လူတို့လုပ်အားသည် ပို၍ဈေးကြီးရပါသည်။ ဆင်းရဲသောနိုင်ငံများတွင် ဆားဗစ်ကဏ္ဍ၌ ဈေးချိုနေရခြင်းမှာ ထုတ်လုပ်သောကုန်ကို ကြည့်၍ တန်ဖိုး သတ်မှတ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် တရုတ်ပြည်တွင် ဆံပင်ညှပ်ခ ဈေးနည်းခြင်းကြောင့် စီးပွားရေး အောင်မြင်သည်ဟု ပြောမရပါ။

ဆိုခဲ့သည့်အတိုင်း တရုတ်တို့၏ ဂျီဒီပီကို ဈေးနှုန်းကွဲပြားမှုနှင့် ညှိနှိုင်းလိုက်သောအခါ အမေရိကန်တို့၏ ဂျီဒီပီထက် သာလွန်နေသည်ကို တွေ့နိုင်ပါသည်။ တကယ်ကလည်း တရုတ်ပြည်တွင် အမေရိကန်မှာထက် ပစ္စည်းများကို ပိုမို၍ ထုတ်လုပ်နိုင်သည်ကို တွေ့ရပါသည်။ ထို့ကြောင့် တရုတ်တို့သည် စီးပွားရေးအရ စူပါပါဝါ ဖြစ်နေပြီး အမေရိကန်တို့ထက် သာသွားပြီးဟု ဆိုရန်ရှိပါသည်။

ကျွန်တော်တို့သည် ထိုနှစ်နိုင်ငံ၏ ပထဝီသဘောအရ (Geopolitical) လွှမ်းမိုးနိုင်မှုတို့ကို ကြည့်ရှုရန် လိုအပ်ပါသည်။ အမေရိကန်တို့ စကားပြောသည်နှင့် ထိရောက်မှုရှိ၊ မရှိကို ဆန်းစစ်ရန် လိုအပ်ပါသည်။ ၎င်းတို့၏ ဈေးကွက်အပေါ် သက်ရောက်မှုနှင့် အခြားနိုင်ငံတို့သို့ ပေးအပ်သော ထောက်ပံ့ငွေတို့ကိုလည်း ကြည့်ရှုရပါသည်။

ငွေကြေးတခု၏ ဝယ်နိုင်အား (Purchasing power) ကြောင့်အတွင်း ငွေကြေးပိုင်ဆိုင်သူတို့က စစ်ပွဲ တပွဲကို နိုင်အောင် တိုက်နိုင်၊ မတိုက်နိုင် ဆိုသည့်အပေါ်တွင်လည်း ကြည့်နိုင်ပါသည်။  လွန်ခဲ့သော နှစ်အနည်းငယ်ကထိ ဤအကျိုးသက်ရောက်မှုကို စဉ်းစားရန်မလိုခဲ့ပါ။ သို့သော် ရုရှား-ယူကရိန်း စစ်ပွဲကြောင့် ရှေးယခင်ခေတ်က ရက်များသို့ ပြန်ရောက်ရသလိုဖြစ်ပြီး နိုင်ငံတနိုင်ငံ၏ ဂျီဒီပီ နှင့် စစ်တိုက်နိုင်မှုတို့သည် အရေးကြီး လာပါသည်။

၂၀၁၉ ခုနှစ်က အခြေအနေတိုင်းဆိုလျှင် ရုရှားနိုင်ငံ၏ ဂျီဒီပီမှာ ဒေါ်လာနှင့်တိုင်းပါက အီတလီနိုင်ငံထက်ပင် ငယ်ပါသေးသည်။ Purchasing Power အနေဖြင့်ကလည်း အလွန်ကြီးသော်လည်း  အမေရိကန် အပါအဝင် အနောက်နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သေးငယ်မြဲသေးငယ်နေသည်ကို တွေ့နိုင်ပါသည်။ ထို့ကြောင့် ရုရှားတို့အဖို့ စစ်တိုက်ရခြင်းမှာ ကုန်ကူးသန်းရောင်းဝယ်နိုင်သော ကုန်များကို ထုတ်လုပ်နေရသလိုသာ ဖြစ်ပါ လိမ့်မည်။ ထိုသို့ ဟုတ်လိုမှလည်း ဟုတ်ပါလိမ့်မည်။ တရုတ်တို့၏ ထိုင်ဝမ် အရေးသည် ထိုအဖြစ်အပျက်ကို စမ်းသပ်ခြင်း ဖြစ်ပါလိမ့်မည်။ သို့သော် ဤ စမ်းသပ်မှုမျိုးကို ဘယ်တော့မှ လုပ်ဆောင်ရန် မရည်ရွယ်ပါ။

စီးပွားရေးတခုသည် ပတ်ဝန်းကျင် ရိုက်ခတ်မှုကို ကြံ့ကြံ့ခံနိုင်ရည်ရှိရန် လိုအပ်ပါသည်။ ဘယ်လိုအခက်အခဲပဲ ကြုံပါစေ၊ မိမိလမ်းကြောင်းမှ သွေဖည်မသွားဘဲ တည့်တည့်ဆက်သွားနိုင်သော စီးပွားရေးစနစ် မျိုးကို (robust) ဖြစ်သည်ဟု ခေါ်ပါသည်။ တရုတ်ပြည်တွင် ဖြစ်ပွားခဲ့သော ကိုဗစ်ကာကွယ်ရေးလုပ်ငန်းများကို ကြည့်ပါ။ ဇီးရိုးကိုဗစ် (Zero Covid) ခေါ် ခေါင်းဆောင်းကြီး ရှီကျင်ဖျင့်၏ ပေါ်လစီကြောင့် စီးပွားရေးတိုးတက်မှုမှာ အလူးအလဲခံလိုက်ရပါသည်။ စက်ရုံများ ပိတ်သိမ်းရခြင်း၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ ပိတ်ဆို့ကုန်ခြင်း၊ ကုန်ထုတ်လုပ်ရေး၊ ဖြန့်ချိရေးလုပ်ငန်းများ ပျက်ပြားရခြင်းတို့ကြောင့် တရုတ်ပြည် စီးပွားရေးမှာ ရုတ်တရက် ရပ်တန့်သွားရပါသည်။ ယခုရောဂါဖြစ်ပြီး၍ ဆန္ဒပြမှုများကြောင့် လမ်းများ ပြန်လည်ပွင့်လာခဲ့သော်လည်း ရောဂါခံစားရသော ဝေဒနာရှင်မှာ အနိုင်နိုင်ကြိုးစား၍ ရပ်တည်နေရသကဲ့သို့ ဖြစ်နေပါသည်။ ကုန်ထုတ်လုပ်သူ အများစုမှာ အစိုးရ၏လုပ်ရပ်ကို မတတ်သာ၍ လက်ခံကြရသော်လည်း မည်သည့်စီးပွားရေးလုပ်ငန်းရှင်ကမှ မိမိစီးပွားရေး ပျက်စီးသွားသည်ကို မမြင်လိုကြပါ။ ခေါင်းဆောင်ကြီးက ဇီးရိုးကိုဗစ်ကြောင့် လူပေါင်းများစွာ၏ အသက်များကို ကယ်နိုင်ခဲ့သည် ဆိုသော်လည်း လူများစွာက မယုံကြည်ကြပါ။

ယခုနှစ် မတ်လက တရုတ်ကွန်မြူနစ်ပါတီသည် အမိန့်ကြေညာစာများကို လွယ်ကူစွာ ထုတ်နိုင်ရန် စီမံခဲ့ပြန်သည်။ ဥပဒေပြင်ရန် ပါတီညီလာခံ ကိုယ်စားလှယ်များ မလိုတော့ဘဲ အုပ်ချုပ်သူ လူတန်းစားကသာ ထုတ်ပြန်နိုင်သည်ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ဇီးရိုးကိုဗစ်သည် စီးပွားရေးကို ခေတ္တခဏသာ ပိတ်ထားခြင်း မဟုတ်ဘဲ နှစ်ရှည်လများကြာအောင် ပိတ်ဆို့ထားနိုင်ခဲ့ရန် ဖြစ်သည်။

( ၃ )

တရုတ်နှင့် အမေရိကန်တို့သည် မိမိစီးပွားရေးက သာပါသည်ဟု ကြွားဝါနိုင်ကြပါသည်။ တိုင်းတာသည့် ပေတံကိုလိုက်၍ စီးပွားရေးစနစ် အောင်မြင်မှုကို တိုင်းထွာနိုင်ကြပါသည်။ တကယ်တမ်း လူနေမှုအဆင့် မြင့်မား၍ သာယာဝပြောပြီး စီးပွားရေးလုပ်ကိုင်ရန် အခွင့်အလမ်းကို ဖန်တီးပေးရန်ဖြစ်သည်။ မည်သည့်စီးပွားရေးက သာလွန်သည်ဆိုခြင်းမှာ တကယ် လက်တွေ့ လုပ်ကိုင်ရန် အခွင့်အလမ်း သာယာမှုရှိခြင်း၊ မရှိခြင်းက အဆုံးအဖြတ်ပေးပါလိမ့်မည်။

Ref: How Super is any given super Power, By Paul Krugman N.Y Times Aug 14 2023



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar