မအလရဲ့ ထွက်ပေါက်က ဒေါ်စု မဟုတ်၊ သန်းရွှေ
မအလရဲ့ ထွက်ပေါက်က ဒေါ်စု မဟုတ်၊ သန်းရွှေ
(မိုးမခ) ဩဂုတ် ၂၃ ၊ ၂၀၂၃
ခု ဒေါ်လာကိစ္စ ဥပဒေထုတ်တာက ခရိုနီကြီးတွေကို ရည်ရွယ်တာလည်း မဟုတ်ဘူး။ ခရိုနီကြီးတွေက သူ့မာရဝိဇယမှာ လှူပေးနေတယ်။ ပြီးတော့ ခရိုနီကြီးတွေက သူ လိုတဲ့ဟာတွေလဲ သူ့စိတ်တိုင်းကျထက် ပိုပိုသာသာ လုပ်ပေးနေကြတယ်။ သူ ဘယ်သူတွေကို ရည်ရွယ်လည်းဆိုရင် ခရိုနီအသေးတွေ၊ ငါတို့ကို ဘယ်သူမှ မနိုင်ဘူး၊ ခေတ်ပျက်သူဌေးဖြစ်ချင် လာဆိုတဲ့ သူ့ မြုံးထဲရောက်လာတဲ့ ခရိုနီလောင်းလျာလေးတွေကို ရည်ရွယ်တယ်။ အဲဒီ အသေးတွေဆီက ငွေတွေကို ကျစ်ချင်တယ်ကွာ။ အသေးတွေပေါင်းရင် အကြီးကြီးကွ။
ဒါပေမဲ့ အဲဒါက တကယ်တမ်းတော့ အဓိကမဟုတ်ဘူး။ သူ တကယ်ရည်ရွယ်တာက ဗိုလ်ချုပ်ကြီးတွေ၊ ဗိုလ်ချုပ်ကြီးတွေရဲ့ မျိုးဆက်တွေပေါ့နော်။ စစ်မင်းက သုံးဆက် ရှိတယ်။ နေဝင်းရယ်၊ သန်းရွှေရယ်၊ မင်းအောင်လှိုင်၊ သူရယ် ဆိုပြီး စစ်မင်း သုံးဆက်ရှိတယ်။ အဲစစ်မင်းသုံးဆက်မှာ ဒေါ်လာတွေက အများကြီး။ သန်းပေါင်း ဘယ်လောက်ရှိလို့ ရှိမှန်းမသိဘူး အဲဒီစစ်မင်းတွေမှာ။ နေဝင်းမျိုးဆက်တွေဆီမှာ ဒေါ်လာတွေ ဘယ်လောက်ရှိမှန်းမသိဘူး။ နေဝင်းမျိုးဆက်လို့ ပြောရင် နေဝင်းခေတ် ဗိုလ်ချုပ်ကြီးတွေကောပေါ့။ ကမ္ဘာပတ် ဖာချ ဖျင်ခံ ထင်သလို သုံးဖြုန်းနေကြတာကွာ။ အဲလိုပဲ သန်းရွှေရဲ့မျိုးဆက်မှာလည်း ဒေါ်လာတွေ ဘယ်လောက်ရှိလို့ ရှိမှန်း မသိဘူး။ နေရွှေသွေးအောင်က သူ MTV ရိုက်တုန်းကဆို ဒေါ်လာတွေတောင် မီးရှို့ပြနေတာပဲ။ မန်ယူတောင် ဝယ်မလိုလို အသံထွက်လာသေး။ ဘယ်နှဘဝ သုံးလို့မှ မကုန်တဲ့ ဒေါ်လာတွေလေ။ အဲလောက် ချမ်းသာတာ ဒီကောင်တွေက။ ပြောချင်တာက ဒေါ်လာတွေက စစ်မင်းမျိုးဆက်တွေဆီ ပုန်းနေတာ။ မဟုတ်ရင် ဆော်ဒီမင်းသားတွေ လိုနေချင်တာ၊ အခြေအနေမပေးလို့။
မင်းအောင်လှိုင်က အခု အဲဒါတွေကို မျက်စပစ်တာ ဒီဥပဒေက။ စီးပွားရေးသမားလေးတွေဆီက နှိုက်ချင်တာလည်း မဟုတ်ဘူး။ စီးပွားရေးသမားကြီး ခရိုနီတွေဆီက နှိုက်ချင်တာလည်း မဟုတ်ဘူး။ ဗိုလ်ချုပ်ကြီးတွေဆီက ခွဲတမ်းချချင်တာ။ ဒီဒုက္ခသုက္ခတွေကို ငါပဲ ခါးစည်းပြီးတော့ ရင်ဆိုင်နေရတာ မင်းတို့က အသာနှပ်နေတာ။ အဲတော့ မင်းတို့ကောင်တွေ ခွဲတမ်းထည့်ဆိုတဲ့ သဘောမျိုးပြောတာ။ အဲတော့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ဗိုလ်ချုပ်ဟောင်းကြီးတွေ၊ ဘောင်းဘီချွတ်ကြီးတွေ ဘာလုပ်ရမလဲဆိုရင် သူတို့လက်ထဲမှာ တထွေးကြီးရှိနေတဲ့ ဒေါ်လာတွေကို ထည့်မှာလား မထည့်ဘူးလား။ မင်းတို့ဟာ မင်းတို့ အလိုက်တသိ လာထည့်မှာလား။ ငါ လာယူရမှာလားဆိုတဲ့ သဘောပဲ။
အဲတော့ ဒီနေရာမှာ သူက အသေးလေးတွေကို သွားထိနေမှာ မဟုတ်ဘူး။ အသေးလေးတွေကို သွားထိရင် အကြီးကြီးတွေက လစ်ကုန်မှာပေါ့၊ ဖျောက်ကုန်မှာပေါ့။ သူက ခေါင်ကို ကိုင်တယ်။ ခေါင်က ဘယ်သူလဲဆိုရင် နေဝင်းအုပ်စု မဟုတ်ဘူး။ ခေါင်က သန်းရွှေအုပ်စု။ သူက သန်းရွှေကြီးကို ဇိကုပ်ချင်ပုံရတယ်။ သူဟာ သန်းရွှေ ခြေဖျားတောင် မမီဘူးတို့၊ သန်းရွှေ လက်နဲ့ရေးထားတာကို ခြေနဲ့ဖျက်တယ်တို့ သူတို့ထဲမှာ ပြောဆိုနေကြတာကိုလဲ မကျေနပ်ဖူး။ ဘာလို့ ဒီလိုလုပ်မှာလဲဆိုတော့ ဒီကောင်က သူ မထူးဇာတ်ခင်းရတော့မယ်။ သူ စစ်ရှုံးနေပြီဆိုတာကို သိပြီ။ သူ ပြေးစရာလည်း မြေမရှိဘူး။ အဲလိုဆိုတော့ ဒီကောင်အသားကုန် ရမ်းတော့မယ်။ တကယ့်ကို စွမ်းအားမြင့် တိုက်လေယာဉ်တွေ ထပ်မှာနေတာ၊ ဗုံးကြဲလေယာဉ်တွေ ထပ်မှာနေတာ။ အဲတော့ ငွေတွေကို ထုတ်ခိုင်းနေပြီ ဟိုကောင်တွေကို။ သူ့အဖို့က ဒေါ်လာလည်း ရိုက်ထုတ်လို့ရတယ်လေ။ စက်နဲ့မဟုတ်ဘူး။ ဒုတ်နဲ့။ ခုဥပဒေက ဒေါ်လာရိုက်ထုတ်မယ့်စက်ပဲ။
သတိထားကြည့်ပေါ့။ စစ်ဗိုလ်ချုပ်ကြီးတွေထဲက ကျန်းမာရေး အကြောင်းပြပြီး စောစောစီးစီး အပြင်ထွက်လို့ရတာ ရွှေမန်းတစ်ယောက်ပဲ ရှိတယ်လေ။ ပြန်မလာဇာတ်ခင်းသွားတာ။ အဲဒီတော့ ကျန်တဲ့ကောင်တွေ ဘယ်ကောင်မှ ထွက်လို့ မရတော့ဘူး။ အကုန်လုံး နေပြည်တော်နဲ့ ရန်ကုန်မှာ ဝပ်နေရတာ။ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ မကျန်းမာတဲ့ကောင် မရှိဘဲ နေမလား၊ အဘိုးကြီးတွေပဲ။ အကုန်လုံးက ကျန်းမာရေး ဘယ်ကောင်းမလဲ။ ဒါပေမဲ့ ဘယ်ကောင်မှ အပြင်ထွက်ပြီး ဆေးထွက်ကုလို့ မရဘူး။ အကုန်လုံးက ဒီကောင်က လေဆိပ်တွေမှာ သူ ချုပ်ထားတာလေ။ အဘိုးကြီးတွေ တစ်ကောင်မှ အပြင်ထွက်လို့ မရဘူး။ သူတို့သားသမီးတွေကတော့ အကုန်လုံးအပြင်မှာ ရှိမယ်။ မြေးတွေ၊ မြစ်တွေ အပြင်မှာ ရှိမယ်။ သူတို့ ပိုင်ဆိုင်တဲ့ တိုက်တာလုပ်ငန်းတွေ အပြင်မှာ ရှိတယ်။ သူတို့ ထွက်လို့ မရဘူး။ အကုန်လုံးက ဒီထဲမှာ တည့်ခံနေရတာ။ မင်းအောင်လှိုင် သေချာချုပ်ထားတာ။
မင်းအောင်လှိုင်က သူက ဘာပြောချင်တာလဲဆိုတော့ ဒီဥပဒေထုတ်လိုက်တဲ့ကိစ္စမှာ မင်းတို့တွေရဲ့ စည်းစိမ်ဥစ္စာတွေကို ငါ ကာကွယ်ပေးထားတယ်။ အဲဒီတော့ ဒီနေ့ ငါ ဒေါ်လာလိုနေတယ်။ ငါမိသားစုတွေကတော့ မင်းတို့ ကာကွယ်ရင်း အသေမခံနိုင်ဘူး။ မင်းတို့ဆီမှာရှိတဲ့ ဒေါ်လာတွေ လာထားဆိုတဲ့ အထာ။
အဲဒီတော့ နေဝင်းမျိုးဆက်နဲ့ သန်းရွှေ မျိုးဆက်က ငွေတွေနဲ့ လက်နက်တွေ၊ ခဲယမ်းတွေ ဖြည့်တင်းလိမ့်မယ်။ သူ အခု တိုက်လေယာဉ်တွေ မှာနေပြီ။ ဗုံးကြဲလေယာဉ်တွေ မှာနေပြီ။ အဲဒီငွေတွေနဲ့ သူဖြည့်တင်းမှာ။ အေးနေဝင်းက ပါးတယ်။ အစောကြီး လစ်သွားပြီ။ အဟောင်းတွေထဲက ဘယ်ကောင် ပါးလဲဆိုရင် ရွှေမန်း အစောကြီးလစ်သွားပြီ။ ကျန်းမာရေး အကြောင်းပြပြီး လစ်သွားတာ ပြန်မလာတော့ဘူးလေ။
အခုက အရင် စစ်မင်းမျိုးဆက်နှစ်ဆက်လုံးက သွေးပျက်နေပြီ။ သူတို့ကို ဟိုကောင်က အလှကြည့်မထားဘူး၊ မွေးမထားဘူး။ အမလေး သန်းရွှေက နေဝင်းမျိုးဆက်ကို ချေမှုန်းခဲ့သလိုပဲ သူ့ရပ်တည်ရေးအတွက် နေဝင်းမျိုးဆက်နဲ့ ခင်ညွန့်အုပ်စုကို ချေမှုန်းခဲ့တာမလား။ နေဝင်း အသုဘမှာ လူ ၂၅ ယောက်ပဲ ရှိတာလေ။ အေး အဲသလိုပဲ သန်းရွှေမျိုးဆက်ကို မင်းအောင်လှိုင် လုပ်လိမ့်မယ်။ သူ့သားသမီးမြေးမြစ်တွေကို ဘယ်ထိခံမလဲ။ သန်းရွှေမျိုးဆက်ကို ထိုးကျွေးမှာပေါ့။ သန်းရွှေမျိုးဆက် ထိုးကျွေးလိုက်ရင်၊ သန်းရွှေမျိုးဆက်ကို ကိုင်လိုက်ရင် သူ နာမည်ကောင်းရအုံးမှာလေ။ ခင်များတို့က ကျေးဇူးတင်အုံးမှာပေါ့။ သန်းရွှေကို မကြိုက်ခဲ့ကြတဲ့ ကောင်တွေ၊ သန်းရွှေနှိပ်စက်သမျှ ခံခဲ့ရတဲ့ကောင်တွေက ကျေးဇူးတင်အုံးမှာပေါ့။ နိုင်ငံရေးထွက်ပေါက်လေးတွေ အနည်းငယ် ရလိုရငြားပေါ့လေ။ တပ်မတော်က မဆီမဆိုင် ဒီကောင်ကြီးခြေဥ ထိန်းသိမ်းစောက့်ရှောက်နေရလို့ ဒီလိုတွေ ဖြစ်နေတာပါ။ သူသိမ်းခိုင်းလို့ သိမ်းရတာပါဆို ပြီးပြီလေ။ သူ လုပ်မှာပေါ့၊ အဲဒါတွေ အကုန်လုံးကို။ သူ့ထွက်ပေါက်။ သူ့မိသားစုထွက်ပေါက်က အများထင်နေတဲ့ ဒေါ်စု မဟုတ်ဘူး။ သန်းရွှေ။
အဲဒီတော့ ဒီကောင်က ရှင်းရှင်းပြောရင် ဒီကောင် နောက်ဆုံး လက်နက်ကြီး ထုတ်သုံးလိမ့်မယ်။ သူ့ရဲ့ အာဏာသိမ်းတဲ့အချိန်မှာ သူ့အိပ်မက်တွေက တကယ်တမ်း ဘာမှ အကောင်အထည်မပေါ်ဘူး။ ဒီလိုပြန်ပြီးတော့ တွန်းလှန်တော်လှန်မယ်လို့ သူ မျှော်လင့်မထားဘူး။ ဒါကို တရုတ်မနဲ့ တွေ့တဲ့အချိန်မှာ သူ ပြောတယ်။ သူ လုံးဝမျှော်လင့်မထားဘူးလို့ ပြောတယ်။
နောက်တစ်ချက်က သူ အင်မတန်အားကိုးတဲ့ ရုရှား၊ အဲဒီကောင်က ယူကရိန်းကို သွားပြီးတော့ ကျူးကျော်လိုက်တယ်။ သူတို့ ထင်သလို ဖြစ်မလာဘူး။ ဇလန်စကီးက ပြန်တိုက်မယ်လို့ ဆုံးဖြတ်တဲ့အခါမှာ ဥရောပတတိုက်လုံး အမေရိကန် အကုန်လုံးက ဝိုင်းကူညီတယ်။ ကူညီတော့ ပြောချင်တာက မင်းအောင်လှိုင် ရုရှားလည်း သွားလို့မရတော့ဘူး။ ဘာလို့ဆိုတော့ သူ့ကောင် ပူတင်ကိုက သက်တမ်းရှည်၊ မရှည်ကို သူ မသိတော့ဘူး။ သူ ရုရှား လစ်လို့မရတော့ဘူး။ တရုတ် မလစ်ဘူး၊ စိတ်ချ။ တရုတ်က ဖျင်ချမှာ။ သူ သိတယ်။ သူ့ ထိုးအပ်မှာ။ ဝက်သားတုတ်ထိုး လုပ်ရောင်းမှာ။ သူ့စီမံကိန်းနဲ့ယှဥ်ရင် ဒီကောင် မိသားစုက လက်နှီးစုတ်အဆင့်ပဲ ရှိတာ။
အဲဒီတော့ သူက အဆုံးတိုင် ဖျက်ဆီးတော့မယ်။ သူသေ ကိုယ်သေ တိုက်တော့မယ်။ မထူးဇာတ်ခင်းတော့မယ်ပေါ့ ပြောချင်တာကတော့။ အဲဒါဆိုရင် သူ့မှာ ငွေလိုတယ်။ မထူးဇာတ်ခင်းဖို့ဆိုရင် သူက ခဲယမ်းတွေ ဖြည့်တင်းရမယ်။ ဖျက်အားပြင်းလက်နက်တွေ ရှာဖွေရမယ်။ အဲတော့ သူ ငွေလိုတယ်။ သူ့အိတ်ထဲကတော့ ဘယ်ထုတ်မလဲ။
နေဝင်းမျိုးဆက် ထင်သလို ခံစား စံစားတာ၊ အေးနေဝင်းလိုကောင်မျိုး တွေ့တဲ့မိန်းမနဲ့ ခေါ်ကြိတ်လို့ရတဲ့ ကောင်တွေလေ။ အဲဒီလို ထင်သလို ခံစား စံစားလာတာတွေကို ဟေ့ကောင်တွေ အဲပိုက်ဆံတွေ ယူလာခဲ့တော့လို့ သူ ခေါ်တော့မှာပေါ့။ မင်းတို့ ဒီလိုနေခွင့်ရဖို့ ငါ ဆက်ပြီးတော့ ကြည့်မနေနိုင်တော့ဘူးလို့ ဆိုပြီးတော့ အဲမျိုးဆက်ကို သူ ခေါ်မယ်။
နောက်တခါ နေရွှေသွေးအောင်၊ သန်းရွှေမျိုးဆက်။ ဟာ.. မြန်မာတပြည်လုံး ကြိုက်သလိုလုပ်လာတဲ့ မျိုးဆက်။ အဲဒီမျိုးဆက်ကို သူ ကြိတ်မယ်။ နေရွှေသွေးအောင်လိုကောင် မင်း ဖြုန်းတဲ့ပိုက်ဆံတွေ အကုန်လုံး လာပေးလှည့်ဆိုပြီး သူ ခေါ်လိမ့်မယ်။ ဒီကောင်ကို ဘုရားထူးခဲ့ရတဲ့ ဗိုလ်တွေဆို အဲလိုလုပ်ရင် ပျော်ပြီပေါ့။ တပ်အုပ်စုမှာ ဒီကောင်နှိပ်စက်ခဲ့တဲ့လူတွေမှ မရေနိုင်ဘူးလေ။ သန်းရွှေတုန်းက ဒေါက်တွေ ဖြုတ်လုပ်လို့ တပ်တွေ ပျော်ခဲ့သမို့လား။ သူတို့ကို ဖြဲခဲ့ကြတာကိုး။ လက်ရှိ သူ့မျိုးဆက်ထဲက ပိုက်ဆံကို သူ မနှိုက်ဘူး။ ဘာလို့ဆိုတော့ အဲဒါတွေက သူနဲ့ အတူတိုက်မယ့်သူတွေဟာ။ ဟိုကောင်တွေက အချောင်စံစား ခံစားနေရတာတွေလို့ သူ ယူဆတာပေါ့။
အခု ကရင်နီကို တိုက်နေတဲ့ စစ်စရိတ်ဆိုရင် အဓိက ပအို့ဝ်တွေက ကျခံပေးရတာလေ။ ဘာလို့တုန်း ဦးအောင်ခမ်းထီတို့အားလုံးက ပြည်တွင်းက နာမည်ကြီးနေတဲ့ ခရိုနီတွေထက် ချမ်းသာတယ်။ ဦးအောင်ခမ်းထီတို့၊ နေဝင်းထွန်းတို့၊ ဦးစံလွင်တို့၊ နောက် ပင်လောင်းက လွှတ်တော်အမတ် ဦးလာစန်းတို့၊ ဟာ အများကြီးဘဲ။ သူတို့တွေ အများကြီး မရေမတွက်နိုင်လောက်အောင် ချမ်းသာတယ်။ အဲတော့ ကရင်နီကို တိုက်နေတဲ့ စစ်စရိတ်တွေ အဲကောင်တွေကို ကျခံခိုင်းထားတယ်။ မင်းအောင်လှိုင် သူ့အိတ်ထဲက စိုက်မယ် ထင်မနေနဲ့။
ငွေတင် မဟုတ်ဘူး။ စစ်သားပါ ပအို့ဝ်တွေအားလုံးကို သူ တောင်းထားတယ်။ ပအို့ဝ်ပြည်သူ့စစ်တွေ အားလုံးကို SSPP နဲ့လည်း ဆိုင်ပေးထားတယ်။ ကရင်နီနဲ့လည်း တိုက်ပေးထားတယ်။ တစ်ကောင်မှ မလှုပ်ရဲဘူး။ PNO တစ်ယောက်မှ မလှုပ်ရဲဘူး။ ဘာလို့တုန်း PNO ပိုင်ဆိုင်တာတွေ အားလုံးက သူ့ပြောင်းဝမှာပဲ ရှိတယ်။ ပြောင်းတကမ်းမှာ ရှိတယ်။ သူ့သေနတ်တကမ်းမှာပဲ ရှိတယ်။ တစ်ကောင်မှ မလှုပ်ရဲဘူး။ မလှုပ်ရဲတော့ သူတို့ဘာလုပ်ကြလဲ။ ပအို့ဝ်တမျိုးသားလုံးကို ပြည်သူ့စစ် ဖန်တီးမယ်ပေါ့။ ဉီးအောင်ခမ်းထီက ဒါကို သူ ပြောနေတယ်။ အခု ကရင်နီနဲ့ တိုက်နေတဲ့ စစ်စရိတ်တွေအားလုံးကို ပအို့ဝ်ရွာတွေမှာ အိမ်ပေါက်စေ့ ငွေခွဲနေတယ်။ ဒီကောင်တွေ ဒါတွေ လုပ်နေတယ်နော်။
ဟော ခု ရှမ်းမြောက်က ပြည်သူ့စစ်တွေကို ကချင်ဘက် ပို့နေပြီ။
တကယ်နော် သူ့ထွက်ပေါက်ကို ဒေါ်စုလို့ ထင်မနေနဲ့။ တကယ်လဲ စာဖတ်သူကြီးက နိုင်ငံရေးမှာ ကီးပလေယာ မဟုတ်လား။ "အန်ကယ်ရှင့်" ဆိုတဲ့ စာလေးကို မမေ့ကြနဲ့လေ။
ပြောထားတယ်နော် "သူ မလုပ်ရဲတာ ဘာမှမရှိဘူး" ဆိုတာ။
ဘဘကြီး ပြောသည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar