Breaking News

ဘသီ (တေးသီငှက်) - ရှေ့ဖြစ် နောက်ဖြစ် သက္ကရာဇ် နှစ်များ


ရှေ့ဖြစ် နောက်ဖြစ် သက္ကရာဇ် နှစ်များ
ဘသီ (တေးသီငှက်)
(မိုးမခ) ဩဂုတ် ၂၄၊ ၂၀၂၃

တနည်းမဟုတ် တနည်း နဲ့
မိမိ စိတ် နှင့်ကိုယ် ကို
ပြန်ပြန်ပြီး အားပေးနေရသည့်အချိန်ဖြစ်သည်။

ရှုတ်ထွေးပေပွ နံ့စော်နေသည့် နောက်ဖေးလမ်းကြားထဲ မှ 
အမွှေးများထောင်ထ မာန်ဖီးနေသောကြွက်ကြီးများ
မြို့ရင်ပြင်တော် ပေါ်မှာ 
စုဝေးပြည့်ကြပ်နေသည် (ဟူသော) အိပ်မက် ပုံသဏ္ဏန် ကို 
ခဏခဏမြင်မက်မိသည့်အချိန်မှစ၍
( အရက်ပျံရောမွှေထားသော)လက်သန့်ဆေးရည်တို့ဖြင့်
ကိုယ့်ခန္ဓာကိုယ်ကို ခဏခဏ ဆေးကြောမိခြင်းသည် 
အလေ့အထ ဖြစ်လာသည် ။

လေမကောင်း ရေမသန့်မှုများ 
နေ့စဉ် နှင့်အမျှ ဝိသမလောဘသမားတို့၏
လည်မြိုညှစ်တမ်း ကစားမှုများ (ကုန်ဈေးနုန်းအတက်ကြမ်းသည့် )
ကာလအချိန်များကြား 
လျှပ်စစ်မီးဖြတ်တောက်ခြင်းခံထားရသောသာ မြို့အူတိုင်းအတွင်း
မွန်းကြပ်ပိတ်လှောင် ရှုတ်ထွေး မှောင်မိုက်မှုများနှင့်အတူ
ငါ့ဝမ်းပူဆာ မနေသာကြမ်းတမ်းခက်ထန်သော 
ဇာတ်လမ်းတို့သည်လည်း ....
မြို့အတွင်းပိုင်းကျကျနေရာဒေသများမှာ 
နေ့တဓူဝ သွေးထွက်သံယို ကပြ အသုံးတော်ခံလျက်ရှိပေ၏ ။

နောက်ထပ် စက္ကန့်အနည်းငယ်အကြာတွင်
ဘာဖြစ်မယ်မှန်းမသိသော ဒွဟကိန်းတို့သည် 
ဟိုခုန်ဒီပေါက်ဖြစ်နေသည်
မီးခိုးရောင်တိမ်တိုက်တွေ ရွေ့လျားပျံသန်းနေသလို 
စိတ်တွေကလည်း ကစင့်ကလျားတပြေးထဲ ပြေးနေ၏ ။

ပြေးရင်းတွေးမိသော ခေါင်းစဉ်များထဲမှ
"အဆုံးအထိသွားမှာပါ " ဆိုသည့် 
တော်လှန်မှုတိုက်ပွဲဝင် တေးသီချင်းပါ 
ဝါကျ စကားလုံးတပိုဒ် တပါဒက
အေးစက်တော့မယောင်ပြု့လာသော ခန္ဓာကိုယ်သွေးကြောမျှင်တို့ကို
လှုတ်နှိုးလိုက်သကဲ့သို့ ပူနွေးလာ ခဲ့ ပြန်သည် ။

မှန်၏
မိမိတို့ မျိုးဆက်သစ်များ၏ အနာဂတ်သက္ကရာဇ်နှစ်များ 
ကျွန်သဘောက်ဘဝဖြင့် မှေးမှိန်အောက်ကျမဖြစ်ရန်
(လူသားစိတ်အမှန် လူ့အားမာန်အပြည့်နှင့်)
တထောင့်တနေရာ ကျရာနေမှ 
အနာဂတ်ခေတ်သစ် တရားဥပဒေအစစ်အမှန်
လွတ်လပ်ခွင့် သမိုင်းအသစ် တဖန်ပြန်ဖြစ်ရန်အတွက်
တော်လှန်နေသည့် အမှန်တရားတိုက်ပွဲအတွင်းသို့ 
စွမ်းနိုင်သည့်ဘက်မှ
ထမ်းကူဝေမျှပါဝင် ကြရမည်ဆိုသည့် အသိမှန်ဖြင့် 
တွေဝေမှုများကို ဖယ်ထုတ် အောင်စိတ်ကိုဗဟိုပြုပြီး
ရှင်သန်ကြမှသာ လူစင်စစ်ဘဝတွေကိုပြန်ရကြမည်ဖြစ်သည်။

ယခုအခါသမယ ၌
မိုးနှောင်းမုတ်သုံရဲ့ ဆုတ်ခွာရာလမ်းကြောင်းတလျှောက်
လျှပ်လက်သကဲ့သို့ အလင်းများ
ဖြိုးခနဲ ဖျတ်ခနဲ တွေ့မြင်နေရပြီဖြစ်သည် ။
အောင်စိတ်ဖြင့် လှမ်းနေသည့်ခြေလှမ်းများ မယိမ်းမယိုင်ဖြစ်ဖို့ရာ
ကြီးစွာသောသတိ အသိနှလုံးသားဉာဏ်ပညာဖြင့် ထိန်းချုပ်ပြီး
တည့်မတ်စွာရောက်ရှိလာမည့် ဆော်လမွန်ငါးတို့၏ 
အိမ်ပြန်ချိန် ရေဆန်ပြန်ခရီးကို ဝမ်းပမ်းတသာကြိုဆိုရပေဦးမည် ။

ဘသီ(တေးသီငှက်)
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar