ခွန်ကကြီး - ဦးအောင်ခမ်းထီ သို့မဟုတ် ပအိုဝ်းတမျိုးသားလုံးကို စစ်မိစ္ဆာလက် ဝကွက်အပ်သူ
ခွန်ကကြီး - ဦးအောင်ခမ်းထီ သို့မဟုတ် ပအိုဝ်းတမျိုးသားလုံးကို စစ်မိစ္ဆာလက် ဝကွက်အပ်သူ
(မိုးမခ) ဩဂုတ် ၂၀ ၊ ၂၀၂၃
အထူးဒေသ (၆)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ) စစ်ဘက်အရာရှိများနဲ့ နယ်ဘက်တာဝန်ခံများ မွမ်းမံသင်တန်းဆင်းပွဲမှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ကြီး အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဝဏ္ဏကျော်ထင် ဖြားတန်စင် ဖါအောင်ခမ်းထီက အောက်ပါ ဩဝါဒကထာများ ချီးမြှင့်၊ အဲ သူ့စကားအတိုင်းပြောရရင် အကြံဉာဏ်လေးများ ပေးသွားပါတယ်။
အကြံဉာဏ်ပေးချက်တွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြရရင်
"ပထမကမ္ဘာစစ်ကို မကြုံခဲ့ရပေမယ့် ဒုတိယကမ္ဘာစစ်ကိုတော့ အဘိုးရဲ့ အသက်က ၈၈ ရှိပြီဆိုတော့ ကြုံခဲ့ရတယ်။ စာသင်ချင် မသင်ရ။ အဲချိန်တုန်းက လူမပြောနဲ့၊ ကျွဲနွားတိရစ္ဆာန်တွေတောင် အကုန် ဒုက္ခရောက်ခဲ့ကြရတယ်။ ဒါကို သင်္ခန်းစာယူပြီး လက်ရှိ တနိုင်ငံလုံး စစ်ဘေးစစ်ဒဏ် မကြုံရတော့အောင် နယ်မြေလုတာ အတွေးချင်းပြိုင်တာ စတာတွေ မလုပ်ကြပါနဲ့။ ဒါမျိုးတွေ မရှိတော့အောင် ငါတို့ ပအိုဝ်း ရှမ်း ဗမာအားလုံး ဗြဟ္မစိုရ်တရားနဲ့ လူသားအချင်းချင်း မေတ္တာထားပြီးနေထိုင်ပါတယ်" ပေါ့။
သို့ကလို ဓမ္မကထာကို ရွတ်ဆိုပြီး နယ်မြေလုတာမလုပ်ကြဖို့ပြောပေမယ့်လို့ ရှမ်းပြည်မှာ နယ်မြေသတ်မှတ်ပိုင်းခြားဖို့ကတော့ အင်မတန်မလွယ်တဲ့ကိစ္စပါ။ အဲဒါကို ဗမာအစိုးရတွေရယ် စစ်တပ်ရယ်က သူတို့ဘဲ အုပ်ထိန်းသူလိုလို ဆရာကြီးလုပ် ဝင်ခွဲပေးရင်း အလည်သားစား တပ်ပိုင်သိမ်းထားတွေလဲ ဧကသိန်းသန်းချီရောလေ။ အဲဒီထဲကမှ ဦးအောင်ခမ်းထီနဲ့ PNOလူကြီးမင်းများ သိမ်းထား အုပ်ထားတဲ့မြေတွေကလဲ မနည်းမနောဘဲဆိုပါတော့။ ခုထိလဲ ရောင်းစားလို့ကောင်းနေတုန်း။
" ဗြဟ္မစိုရ်တရားနဲ့ အညီနေထိုင်နိုင်မှ ငါတို့လူမျိုး ငါတို့လူမျိုးမဟုတ်သူတွေ အားလုံး အတူနေထိုင်နိုင်မှာ ဖြစ်ပါတယ်" လို့ပွားပြီး နွေဦးတော်လှန်ရေးတခုလုံးက မီးရှို့ထားတဲ့ စာအုပ်စိမ်းစည်းရုံးရေး စပါတော့တယ်။ ပတ်ပျိုးလေးခင်းပြီး ကပ်တိုးလေးဗျင်းတာပေါ့လေ။
"ပအိုဝ်းတွေ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ ၁၉၉၃ မတိုင်ခင် ကြုံတွေ့ခဲ့ရတဲ့ လှုပ်ရှားခဲ့ရတဲ့ အခက်အခဲကို သင်္ခန်းစာယူပြီး အဲဒီနောက်ပိုင်းကစလို့ စိတ်သစ်လူသစ်မွေးပြီး နေထိုင်ခဲ့ကြတယ်။ ပစ္စည်းဥစ္စာ ပညာတွေ ကိုယ့်ထက်သာနေကြပြီဖြစ်တဲ့သူတွေအပေါ် ငါတို့တွေ ညီကိုအရင်းလိုမှတ်ပြီး ပေါင်းသင်းနေထိုင်ခဲ့ကြတယ်။ အဲဒီနောက် ရန်ကုန်မှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကို စတက်ခဲ့တယ်။ နောက်ဆုံး ညောင်နှစ်ပင်မှာ အဆုံးသတ်တဲ့ ခြေဥရေးနိုင်တဲ့အထိ ပါဝင်ခဲ့တယ်။ အခုထိလည်း အဲဒီ ခြေဥကို အစိုးရအဆက်ဆက်က အသုံးပြုနေကြရပါတယ်။ အဲဒီခြေဥရဲ့ အနှစ်သာရက ဘာလဲဆိုတော့ တိုင်းရင်းသားအချင်းချင်း ချစ်မြတ်နိုးပြီး ညီကိုနောင်ရင်းပမာ နေထိုင်နိုင်အောင်။ ဒါထက်မကသေးဘူး အင်အားကြီးတဲ့ တရုတ် အိန္ဒိယ၊ အဲဒါထက် အမေရိက၊ ဥရောပ၊ အင်္ဂလိပ်၊ ပြစ်သစ်၊ ရုရှားစတဲ့ အင်အားကြီးသူတွေ တိုးတက်နေတာတွေကို ကြည့်ရင်း ငါတို့လည်းတိုးတက်အောင်။ ပြီးရင် ငါတို့လို ဗြဟ္မစိုရ်တရား ကျင့်ကြံနေကြသူတွေကို ငါတို့လို မကျင့်ကြံနိုင်ကြတဲ့ သူတို့တတွေ ငါတို့အပေါ် အနိုင်ကျင့်မလာနိုင်အောင် ငါတို့ ၁၃၅ သောလူမျိုးတွေ စစ်ပညာတတ်မြောက်အောင်။ အခြေအနေအရ လိုအပ်လာလျင် အားလုံး ပြည်သူ့စစ်ပင်လယ်ကြီး ဖြစ်လာအောင်။ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးအောင် ခြေဥထဲ ထည့်သွင်း ရေးဆွဲထားခဲ့ပါတယ်။
ငါတို့ တိုင်းရင်းသား ၁၃၅ မျိုးလုံး ပြည့်သူစစ်ပင်လယ်ကြီးဖြစ်ပြီးတော့ ဘယ်တိုင်းတပါး ကျူးကျော်သူကမှ ဝင်လာလို့မရအောင်၊ ငါတို့အမျိုးဘာသာ သာသနာကို မဖျက်ဆီးနိုင်အောင် အနာဂတ် မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ပြီး တိုင်းရင်းသားအားလုံးတွေ ခြေဥထဲ ထည့်သွင်းရေးဆွဲထားခဲ့ပါတယ်" တဲ့။ ဘောဖက်တဲ့ ဟောချက်တွေ။
ပအိုဝ်းဗြဟ္မစိုရ်တရားကနေ တိုင်းရင်းသားအားလုံးပြည်သူ့စစ်ပင်လယ်ကြီးဖြစ်တဲ့အထိ လျှောက်ကြမယ်ပေါ့လေ။ ဉာဏ်ပန်းအိုးကြီးပေါ့။
"လူတွေဟာ အတိလောဘ အတိဒေါသတွေဟာ ကမ္ဘာပေါ်မှာရှိတဲ့ တနိုင်ငံမဟုတ် တနိုင်ငံ တပြည်မဟုတ် တပြည် တဒေသမဟုတ် တဒေသက လူ့သဘာဝအရ မတားဆီးနိုင်ဘဲ ငါတို့ရဲ့ ၁၃၅ မျိုးသော လူမျိုးကို လာရောက် ထိခိုက်အောင် လုပ်နိုင်လို့ ငါတို့တွေ ဆက်လက်ပြီး စည်းစည်းလုံးလုံး နေထိုင်နိုင်အောင် အားနည်းသူ အဖျားထမ်း အားကြီးသူ အရင်းဘက်သယ်ဆိုတဲ့အတိုင်း ပြည့်သူစစ်ပင်လယ်ကြီးဖြစ်အောင် လေ့ကျင့်သင်ကြားကြရပါမယ်" တဲ့။
တကယ့် ပင်လုံဂျင်း၊ အတက်ကြီး။ "ပြည်သူ့စစ်ပင်လယ်"တဲ့။ ပအိုဝ်းတမျိုးလုံးများ သေနတ်ကိုင်ခိုင်းတော့မလားမသိ။
" အားလုံး အခုကစပြီး ကိုယ်ချမ်းသာ စိတ်ချမ်းသာစွာနဲ့ ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ်ရပ်ဒေသကို ချစ်ချစ်ခင်ခင် အန္တရာယ်မှန်သမျှ တားဆီးကြရပါမယ်။ ငါတို့တတွေဟာ အများနဲ့ အတူနေထိုင်ကြတာဖြစ်တဲ့အတွက် အများက ဒုက္ခရောက်နေရင် ငါတို့တွေက စိတ်ရင်းစေတနာ အမှန်တွေနဲ့ တားဆီးပေးရမှာ ဖြစ်ပါတယ်။ တကယ်တကယ်တော့ ငါတို့တာဝန်ဟာ ကမ္ဘာ့စာမျက်နှာပြင်မှာ ငါတို့နိုင်ငံဟာ တိုးတက်အောင်မြင်တဲ့ နိုင်ငံဖြစ်ပြီး ဂုဏ်ရောင် ဂုဏ်ဝါထွန်းပလို့ သိက္ခာရှိတဲ့ နိုင်ငံဖြစ်နေဖို့ အားလုံး ချစ်ချစ်ခင်ခင် ညီညီညွတ်ညွတ် နေထိုင်လုပ်ကိုင်ကြပါ။ ရှေးစကားပုံလို တယောက်အားနဲ့ ယူမရသော် တသောင်းအားနဲ့ ယူသော်ရ၏ ဆိုသလို တယောက်နဲ့ မရရင် တသောင်း တသိန်းနဲ့ ယူကြရပါမယ်" ဆိုပြီး ဘုန်းကြီးပျံကြိုးဆွဲတာနဲ့ မိုတီဗေးရှင်း ပေးသွားသေးတယ်။
မသိရင် သူများနိုင်ငံက ကျူးကျော်စစ်ဆင်နွဲလို့ ပအိုဝ်းပြည်သူ့စစ်တွေက အခြားတိုင်းရင်းသားတွေနဲ့တွဲပြီး တိုက်ပွဲဝင်နေရသယောင်ယောင် ဂျင်းကို ကပ်တိုးလေးသွင်းသွားတာ။
ဤသို့ဤပုံ ခြေဥအမွှန်းတရားဟောပြီးနောက်
"သားတို့ အခုကစပြီး ပအိုဝ်းအမျိုးသားအတွက် သားကောင်းရတနာက အရင်းပြုပြီး ငါတို့ပအိုဝ်းရဲ့ အစ်ကိုကြီးအရာအဖြစ် နေထိုင်ကြတဲ့ ဗမာလူမျိုး၊ ညီကိုနောင်ဘွား ရှမ်းလူမျိုး၊ ကရင် ကချင် ချင်း၊ ပြီးရင် ငါတို့လူမျိုးထက် နည်းတဲ့ ဓနု တောင်ရိုး အားလုံးတို့ဟာ ကံတူအကျိုးပေးကြသူချင်းလို့တွေးပြီး နိုင်ငံတိုးတက်အောင် လက်တွဲညီညီနဲ့ ချစ်ချစ်ခင်ခင် လက်တွဲသွားစေချင်ပါတယ်" တဲ့။
သူ့ရဲ့ထူးခြားချက်ကတော့ လူမျိုးတွေအမည်ခနခနပြောပေမယ့် ကရင်နီအမည်ကို မပါအောင် ထည့်ပြောနိုင်သွားတာပါဘဲ။ သူ့ဗြဟ္မစိုရ် ညီရင်းအကိုထဲမှာ ကရင်နီ မပါ။
"ဘုရားဟောတဲ့ သမဂ္ဂါနံ တပေါ သုခေါ ဆိုတဲ့အတိုင်း ညီညွတ်ကြမယ်ဆိုရင် အားလုံး ချမ်းသာရပါတယ်။ လောကလည်းချမ်းသာပြီး ကိုယ်ကလည်း ချမ်းမြေ့ရပါတယ်။ အခုပွဲကို လာကြတဲ့ ရပခလူကြီးများ၊ ပအိုဝ်းလူကြီးများ၊ သားကောင်းရတနာများ၊ စစ်မှုထမ်းကောင်းများ၊ ရှမ်းပြည်ကို မှီခိုပြီးနေထိုင်ကြရတဲ့ ငါတို့တိုင်းရင်းသားများအားလုံ စည်းစည်းလုံးလုံးနဲ့ တာဝန်ကိုယ်စီ ယူကြပြီး ငါတို့ပိုင်ဆိုင်လာမယ့် အနာဂတ်နိုင်ငံကြီး သာယာလှပအောင် မျိုးချစ်စိတ်အပြည့်နဲ့ ကြိုးစားဆောင်ရွက်နိုင်ကြပါစေ" ဆိုပြီး ဆန္ဒပြုသွားပါတယ်။
ဦးအောင်ခမ်းထီဟာ ပအိုဝ်းအားလုံးအပေါ် ဩဇာကြီးပါတယ်။ ပအိုဝ်းလူငယ်တွေကို ကရင်နီနဲ့တိုက်နေတဲ့စစ်ထဲထည့်သုံးပြီး ပအိုဝ်းပြည်သူတွေကို စစ်စရိတ် မျှခံခိုင်းနေလို့ နာမည်ပျက်နေတာတွေကို ဖုံးလွှမ်းသွားဖို့နဲ့ ပအိုဝ်းဒေသဝန်ထမ်းတွေကို စစ်ပွဲမှာထည့်သုံးဖို့ အမိန့်စာထွက်လာတာကို အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီလိုမျိုး ထွက်ပြောလာတာပါပဲ။
ပအိုဝ်းစစ်အရာရှိတွေကို ရပခအကိုကြီးတွေနဲ့ ပူးပေါင်းပြီး ကရင်နီညီနောင်ကို တိုက်ဖို့ တိုက်တွန်းနေသလိုမျိုးဖြစ်ပါတယ်။
ပအိုဝ်းတွေရှေ့ရေးဟာ ရင်လေးစရာအကောင်းဆုံးအခြေအနေမှာ ရောက်နေပြီလို့ ဆိုနိုင်ပါတယ်။
နိုင်ငံရေးအမြင်ကျယ်သော ပအိုဝ်းလူငယ်များ ပအိုဝ်းလူမျိုးများကို စောင့်ရှောက်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar