Breaking News

ပြန်ပေးဆွဲခံထားရတဲ့ မြန်မာနိုင်ငံထဲက ပြည်သူလူထုရဲ့ ဘဝ


မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၉ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၂၀၊ ၂၀၂၃


ပြန်ပေးဆွဲခံထားရတဲ့ မြန်မာနိုင်ငံထဲက ပြည်သူလူထုရဲ့ ဘဝ

မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ ဘဝက ပြန်ပေးဆွဲခံထားရတဲ့ နယ်မြေဒေသထဲမှာ နေထိုင်နေကြရသူတွေနဲ့ အလားသဏ္ဍာန်တူနေပါတယ်။ သေသေချာချာ တွေးတောကြည့်တဲ့အခါ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်သူတွေ အနေနဲ့ မိမိတို့ ဘဝ၊ မိမိတို့ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဆုံးဖြတ်ခြင်း မပြုနိုင်ကြတဲ့ အခြေအနေအောက်မှာ စားဝတ်နေရေး၊ နောက်မျိုးဆက်တွေရဲ့ ပညာရေး၊ ဘာသာရေး၊ လူမှုရေးနဲ့ မိမိတို့ ဘဝတိုးတက်ရေးကို ကြိုးစားနေကြရတဲ့ သူတွေနဲ့ အလားသဏ္ဌာန်တူနေတယ်လို့ တွေးကြည့်မိပါတယ်။ မိမိတို့ရဲ့ နိုင်ငံရေး ယုံကြည်မှုကို ပွင့်လင်းစွာ ပြောဆိုခွင့်မရှိသလို စီးပွားရေး လုပ်ဆောင်မှုတွေကိုလည်း လွတ်လပ်စွာ လုပ်ဆောင်ခွင့်မရှိဘဲ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ယုံကြည်ကိုးကွယ်မှုတွေ မှာလည်း လွတ်လပ်စွာ ပြောဆိုခွင့်မရှိကြတဲ့ သဘောမျိုးဖြစ်ပါတယ်။ 

ဒီလို မိမိတို့ရဲ့ စိတ်ဆန္ဒ၊ ကြိုးစားမှု၊ လွတ်လပ်စွာ ယုံကြည် ပြောဆိုမှုတွေကို အုပ်ချုပ်သူဆိုတဲ့ စစ်အာဏာရှင် တွေက လွှမ်းမိုးချုပ်ကိုင်ထားကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ၄င်းတို့ကို ဆန့်ကျင်ခြင်း မပြုမှသာ စားဝတ်နေရေး၊ တိုးတက်ရာ တိုးတက်ကြောင်း ကြိုးပမ်းလုပ်ဆောင်မှုတွေကို ခွင့်ပြုထားတာ ဖြစ်ပြီး တဖက်မှာလည်း စစ်အာဏာရှင်တွေရဲ့ လွဲမှားတဲ့ စီမံခန့်ခွဲမှုတွေ၊ ၄င်းတို့ရဲ့ နိုင်ငံရေး အာဏာကို ထိပါးခြင်း မပြုမှသာ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး လုပ်ငန်းဆောင်တာတွေကို ခွင့်ပြုတာတွေ အောက်မှာ တိုးတက်အောင် ကြိုးစားကြရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံကို အိမ်ကြီးတအိမ်အဖြစ် စိတ်ကူးပုံဖော်ကြည့်တဲ့အခါ အဲဒီအိမ်ကြီးမှာ နေထိုင်ကြတဲ့ သူတွေကို အုပ်ချုပ်တဲ့ အိမ်ရှင်က သော့ခတ်ထားပြီး ၄င်းတို့ ခွင့်ပြုမှ ဒီအိမ်ထဲက ထွက်ခွင့်ဝင်ခွင့် ရှိကြတဲ့ သဘောလိုဖြစ်ပါတယ်။ ဒီအိမ်ကြီးထဲမှာ ပဋိပက္ခတွေ ဖြစ်ပွားလို့ ဒုက္ခရောက်ကြတာ ဖြစ်စေ၊ သဘာဝဘေးအန္တရာယ် ကျရောက်လို့ ဒုက္ခကြုံတွေ့ကြရတာ ဖြစ်စေ၊ အိမ်ကြီးထဲက အဖြစ်အပျက်တွေကို ပြင်ပမှာနေထိုင်သူတွေက အကူအညီပေးချင်ခဲ့ရင်တောင် အိမ်ရဲ့ သော့ကို ကိုင်ထားတဲ့ စစ်အာဏာရှင်တွေက ခွင့်ပြုမှ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ပေးခွင့်ရှိတဲ့ သဘောမျိုးလည်း နှိုင်းယှဥ် အတွေး ပေါ်မိတာ ဖြစ်ပါတယ်။ အိမ်ထဲက နေထိုင်သူတွေ အပြင်ထွက်ပြီး လည်ပတ်ချင်တာ အပြီးအတိုင် အိမ်ကြီးထဲက ထွက်ခွာချင်တာတောင်မှ စစ်အာဏာရှင်တွေရဲ့ အန္တရာယ် ပေးနိုင်ခြေ၊ တားဆီးပိတ်ပင်နိုင်ခြေတွေကို တွက်ဆပြီး လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ 

အခုလို အိမ်နဲ့ တင်စားထားတဲ့ နိုင်ငံထဲမှာ နေထိုင်ရင်း ပြန်ပေးဆွဲခံထားရသူတွေ သဖွယ် အနေအထားမှာ နေထိုင်ခဲ့ကြရတာ ၁၉၆၂ ခု စစ်အာဏာသိမ်းမှုပြီးနောက် ၂၀၁၁ ခုနှစ်လောက်ထိ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ၄င်းတို့ရဲ့ ပြုပြင်ပြောင်းလဲရေး ခေတ်ကာလမှာ ပမာဏတခုထိ လွတ်လပ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတရက်နေ့ မှာ နကို အနေအထားကို ပြန်ရောက်ခဲ့ရပြန်တာ ဖြစ်ပါတယ်။ 

ဒီ ပဋိပက္ခတွေ၊ တိုက်ခိုက်မှုတွေ၊ စီးပွားရေး ကြပ်တည်းမှုတွေ၊ ဖမ်းဆီးမှု နှိပ်စက်မှု၊ သတ်ဖြတ်မှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒုက္ခအိမ်ထဲက တဦးချင်း တစုချင်း လွတ်မြောက်ဖို့ ကြိုးစားမှုတွေလည်း ရှိကြတာ ဖြစ်ပြီး အိမ်တအိမ်လုံး လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေကတော့ အခုချိန်ထိ အောင်မြင်ခြင်းဆီ မရောက်နိုင်သေးဘူးလို့ ဆိုရမှာဖြစ်ပါတယ်။ 

အိမ်ကြီးထဲမှာ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ဘေးအန္တရာယ်က နေ တိမ်းရှောင် ထွက်ပြေးနေရသူတွေ၊ စားဝတ်နေရေးအတွက် မိမိတို့ ကျွမ်းကျင် တတ်မြောက်ရာ စိုက်ပျိုးရေး မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေး ကို မလုပ်ကိုင်နိုင်သူတွေ စစ်အာဏာသိမ်းမှုအပြီး တဟုန်ထိုး များပြားလာပြီး နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ ၁.၉ သန်းကျော်ရှိလာတဲ့ ဒုက္ခအိမ်ကြီး ဖြစ်နေတယ်လို့ ဆိုရင် မမှားပါဘူး။ 

နိုင်ငံတကာက လူသားချင်းစာနာမှု ကူညီရေးအဖွဲ့အစည်းတွေ အနေနဲ့ ဒီအိမ်ကြီးထဲက ဒုက္ခကြုံတွေ့ နေရသူတွေကို ကူညီချင်ရင် အိမ်ကြီးရဲ့ သော့ကို ကိုင်ထားတဲ့ စစ်အာဏာရှင်တွေနဲ့ ဆက်ဆံရမယ့် အခြေအနေ၊ စကားပြောရမယ့် အခြေအနေလည်း ရောက်နေတဲ့သဘောဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကုလသမဂ္ဂရဲ့ UNOCHA အေဂျင်စီ အကြီးအကဲ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင်နဲ့ တွေ့ဆုံကြတဲ့ အဖြစ်အပျက်ဟာ အထက်က သဘောမျိုးနဲ့ တထပ်တည်း သဘောသဘာဝ တူနေတယ်လို့ ဆိုနိုင်ပါတယ်။ 

ကုလ အနေနဲ့ နေအိမ်ထဲက ဒုက္ခရောက်နေသူတွေကို ကူညီချင်တဲ့အခါ အိမ်ကို စောင့်ကြပ်နေသူ တံခါးသော့ ကိုင်ဆောင်ထားသူတွေကို မဆက်ဆံချင်ပေမယ့်လည်း ဆက်ဆံနေရမယ့် အနေအထားမျိုး ဖြစ်ပါတယ်။ နေအိမ်ကြီးထဲက အဆောင်တချို့ အခန်းတချို့က အိမ်ထဲက သူတွေရဲ့ ကြိုးပမ်းမှု တိုက်ခိုက်မှုတွေနဲ့ ၄င်းတို့ အဆောင် ၄င်းတို့အခန်းကို ၄င်းတို့ဘာသာ စီမံခွင့် အတိုင်းအတာတခုထိ ရနေကြတာလည်း ဖြစ်ပါတယ်။

မည်သို့ပင် ဖြစ်စေကာမူ တအိမ်လုံးကို အပိုင်စီးပြီး ပြန်ပေးဆွဲထားသူ လက်အောက်မှာ အများပြည်သူတွေထဲက စိတ်ဓာတ်ပြင်းထန်သူတွေ ၊ ဇွဲနဲ့ အားမာန်မလျော့သူတွေ၊ ငယ်ရွယ်ကျန်းမာသူတွေက ရုန်းကန်တိုက်ပွဲဝင်နေကြတယ်လို့ ဆိုနိုင်ပြီး အိမ်ကြီးတခုလုံး ဗုန်းဗုန်းလဲ မပြိုကွဲ မပျက်စီးမီ စစ်အာဏာရှင်တွေ လက်ဆုပ်ကို ဖြည်ချနိုင်ဖို့ ဆက်လက်ကြိုးပမ်းကြရဦးမှာ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar