စစ်ကောင်စီလက်အောက်မှာ ယုံကြည်မှု ပျောက်ဆုံး၊ သံသယသားကောင်နဲ့ ဒုက္ခပင်လယ်
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၁၈ မြင်ကွင်း
(မိုးမခ) ဩဂုတ် ၁၉၊ ၂၀၂၃
စစ်ကောင်စီလက်အောက်မှာ ယုံကြည်မှု ပျောက်ဆုံး၊ သံသယသားကောင်နဲ့ ဒုက္ခပင်လယ်
သည်နေ့ ခေါင်းစဉ်ကို သည်လို တပ်လိုက်ပါတယ်။ စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်တွင်းစစ်မီးတောက်ထဲ သက်ဆင်းနေတဲ့ မြန်မာနိုင်ငံမှာ သတင်းတွေ အာဘော်တွေ တုံ့ပြန်ချက်တွေမှာ ဆိုးဝါးတဲ့ အရှိအတိုင်း အဖြစ်အပျက်တွေမို့ စိတ်သက်သာစရာ မျော်လင့်ချက်တစုံတရာ မရှိသလောက် အားနည်းတယ်လို့ ဆိုနိုင်ပါတယ်။ မြို့ကြီး ပြကြီးတွေမှာ သက်တောင့်သက်သာနေထိုင်နိုင်သူတွေက ဟန်မပျက် သွားလာ စားသောက် ရောင်းဝယ်နေကြပေမယ့် အများစုသော ပြည်သူတွေကတော့ နေ့စဉ်တက်နေတဲ့ ကုန်စျေးနှုန်းနဲ့အပြိုင် ရုန်းကန်နေရပါတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ ဒေသတွေကနေ စစ်ဘေးရှောင် မိသားစုတွေ ရန်ကုန်နဲ့ အခြား မြို့ကြီးပြကြီးတွေကို ပြောင်းရွှေ့လာကြတာမို့ စည်ကားသွားလာမှုက မပြတ်ဘူးလို့ ဆိုပါတယ်။ နေပြည်တော်၊ မေမြို့နဲ့ အခြား စစ်စခန်းတွေ စစ်အုပ်စု ခြေကုပ်ယူတဲ့နေရာဒေသတွေမှာလည်း မြေယာ အိမ်ယာ ပြောင်းရွှေ့ အခြေချတာတွေ တိုးမြှင့်လုပ်ကိုင်ကြတယ်လို့ ပြောကြပါတယ်။ အချို့က သုံးသပ်တာကတော့ သူတို့ ခြေကုပ်ယူထားတဲ့ နေရာတွေရဲ့ လမ်းကြောင်းတွေမှာ အရပ်သားအိမ်ရာတွေ ရှေ့ကနေ ခံထားပြီး လူသားရပ်ကွက်ဒိုင်းတွေ အကာအကွယ်ယူထားတာလို့ မှတ်ချက်ပေးပါတယ်။
ယုံကြည်မှု ပျောက်ဆုံးတယ် ဆိုတာကတော့ လူထုဟာ အကျပ်အတည်းမျိုးစုံအောက်မှာ နေထိုင်ရှင်သန်ရုန်းကန်နေရတော့ မနက်ဖြန်အတွက် မျှော်လင့်ချက်ကို သိပ်အများကြီး မထားနိုင်တဲ့အပြင် မိမိတို့ လုံခြုံရေးအတွက် အစစအရာရာကို သတိထားပြီး စောင့်ကြပ်နေရတာမို့ ဘယ်အရာကိုမှ စိတ်ချလက်ချ ယုံကြည်စွာ မပြုလုပ် မပြောဆိုနိုင်တော့တာ ဖြစ်ပါတယ်။ မလိုရင် မလိုသလို အနှောင့်အယှက်ပေးတဲ့ သတင်းပေးတွေ၊ ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ခြိမ်းခြောက် အကြပ်ကိုင် ငွေတောင်းယူမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ဖြတ်သန်းနေရတာမို့ လူတွေက တဦးနဲ့ တဦး သံယယနဲ့ ကြည့်နေကြရပါတယ်။ မြန်မာပြည်တွင်းမှာ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေသူတွေသာမက နယ်စပ်ဖြတ်ကျော်ပြီး တိုင်းတပါးမှာ စာရွက်စာတမ်းမရှိဘဲ စွန့်စားနေထိုင်နေရသူ မြန်မာပြည်သူအများအပြားမှာလည်း သည်လိုမျိုး တထပ်တည်း ခံစားကြုံနေရပါတယ်။ မင်းဘေး စစ်ဘေးအပြင် သဘာ၀ဘေးဒဏ်ကပါ တိုးပြီး ရင်ဆိုင်နေရတာမို့ မြန်မာပြည်သူတွေက ဒုက္ခပင်လယ် ဝေနေတယ်လို့ ဆိုလိုချင်တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဒေါ်လာကို ထိန်းချုပ်ထားပြီး ပြည်ပဘဏ်တွေကလည်း အမေရိကန်နဲ့ မဟာမိတ်များ၏ စစ်ကောင်စီအပေါ် လက်နက်ရောင်းဝယ်မှုကို ကန့်သတ်ရေးဖိအားကြောင့် မြန်မာပြည်က ဘဏ်အကောင့်တွေ လုပ်ငန်းတွေကို ဖျက်သိမ်းနေတာကြောင့် မြန်မာငွေစျေးက တောက်လျောက်ကို ကျဆင်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး မိုးမခကသတင်းတခုမှာ - ယခု ဘင်္ဂလားဒေ့ရှ်ဘဏ်က အရေးယူပိတ်ဆို့မှုဟာ မြန်မာဘဏ်များနဲ့ စီးပွားရေးလုပ်ငန်းများကို စင်ကာပူရှိ United Overseas Bank (UOB) က ဝန်ဆောင်မှုများ အားလုံးကို ကန့်သတ်ပိတ်ပင်ပြီး နောက်ဆက်တွဲ ပေါ်ထွက်လာခြင်းလည်း ဖြစ်ပါတယ်။ Sonali ဘဏ်ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးမှာ အဓိက အသုံးပြုနေတဲ့ဘဏ်လည်း ဖြစ်ပြီး ဒီလိုရပ်ဆိုင်းလိုက်ခြင်းဟာ တရားဝင် ကုန်သွယ်ရေးလုပ်ငန်းတွေအပေါ် အကျိုးသက်ရောက်နိုင်သလို တရားမဝင် ငွေပေးချေမှု၊ မတရားသဖြင့် ရှာဖွေထားတဲ့ ငွေကြေးစုဆောင်းမှုများအပေါ်လည်း ရိုက်ခတ်သွားနိုင်တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ‘ဒက်ကာ’မြို့မှာ ရှိတဲ့စစ်ကောင်စီခန့် သံအမတ်ဟာ အပူတပြင်း လာရောက် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ကြားသိရပါတယ်။ ထိန်းချုပ်ခံရတဲ့ ငွေကြေးပမာဏက မများလှပေမယ့် အမေရိကန်နိုင်ငံရဲ့ ဒဏ်ခတ်အရေးယူမှု နောက်ဆက်တွဲ အကျိုးဆက်တွေက ကမ္ဘာတဝန်း သက်ရောက်မှု ရှိနိုင်တယ် ဆိုတာကို ပြသလိုက်တာပါလို့ ရေးထားပါတယ်။
အခုလို နိုင်ငံတကာ ငွေကြေးစနစ်ထဲကနေ ကန့်သတ်ထိန်းချုပ်မှုတွေ ဆက်တိုက်ဖြစ်လာရင်တော့ စစ်ကောင်စီရဲ့ အသက်ရှူပေါက် ပိုကျဉ်းမြောင်းလာဖို့ပဲ ရှိတာဖြစ်ပါတယ်။ ပြည်ပနဲ့ သွင်းကုန်ထုတ်ကုန်လုပ် မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေကလည်း တောက်လျောက်ကျနေတဲ့ ငွေစျေးကြောင့် ရှေ့ဆက်ဖို့ အခက်အခဲဖြစ်နေကြပါတယ်။ နိုင်ငံခြားဘဏ်က သူတို့အကောင့်တွေ ဆက်ဖွင့်လှစ်ထားနိုင်ဖို့ကလည်း မရေရာလှဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ၏ လက်ကိုင်တုတ် သတင်းပေးတွေက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ပိတ်ဆို့အရေးယူမှုတွေက အထိန်းအကွပ်မဲ့ လုပ်ကိုင်နေတာရဲ့ နောက်ထပ်သက်သေကတော့ မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ပြည်ပနိုင်ငံသားနဲ့ ကူညီသူတွေကို ဖမ်းဆီးတဲ့သတင်းတခုက ပြသနေပါတယ်။ တာချီလိတ် သတင်းဌာနက ဖော်ပြထားတာမှာ - သာသနာတော်ကို ညှိုးနွမ်းစေသည်ဟုဆိုကာ "ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything)" ဇာတ်လမ်းတို ရိုက်ကူးသည့် နိုင်ငံခြားသား ဒါရိုက်တာနှင့် ၁၂ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ၁၄ ဦးကို စစ်ကောင်စီက ဖမ်းဆီးအရေးယူလိုက်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်လာပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့က လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် isi Dhamma Youtube Channel နှင့် Tiktok တို့တွင် အဆိုပါဇာတ်လမ်းတိုအား ဖြန့်ချိလာရာ ဗုဒ္ဓဘာသာ၊ သာသနာတော်နှင့် သံဃာတော်များအပေါ် အထင်အမြင်လွဲမှားစေရန် ဖန်တီးပုံဖော်ထားသည်ဟုဆိုကာ စစ်ကောင်စီလော်ဘီ ဟန်ငြိမ်းဦးက ဖြန့်ဝေလိုက်ပြီးနောက် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရတယ်လို့ ရေးသားထားပါတယ်။
ဖမ်းဆီးခံရသူများမှာ ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumerနှင့် သရုပ်ဆောင်များဖြစ်သည့် ဆန်းဝင်း(ခ)ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ)ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင်(ခ)ဂျိုးဆက်သွင်နှင့် ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန်တို့ဖြစ်ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
သတင်းထောက်တွေ သတင်းသမားတွေကိုယ်တိုင်ကလည်း မိမိတို့ နက်ဝပ်အတွင်းမှာပဲ ချိတ်ဆက်လုပ်ကိုင်ကြပြီး ယခင်ကာလများကလို မိမိတို့သတင်း စာနယ်ဇင်း အသိုင်းအဝိုင်း ကျယ်ကျယ်ပြန့်ပြန့် လက်တွဲလုပ်ကိုင်တာမျိုး မလုပ်ဖြစ်ကြတာ တွေ့ရပါတယ်။ မိမိလုံခြုံရေးနဲ့ မိမိ၏ သတင်းရင်းမြစ်လုံခြုံရေးကို ယခင်ကထက် ပိုပြီး ဂရုစိုက်ရတယ်လို့ မှတ်ချက်ပေးကြပါတယ်။ စစ်ကောင်စီ၏ သတင်းပေးများ၊ ထောက်လှမ်းရေးများ၏ အထိန်းအကွပ်မဲ့ လက်တုန့်ပြန်မှု ရန်လိုမှုတွေကို ရင်ဆိုင်နေရတာအပြင် အမှန်တရားနဲ့ မတရားမှုကို ဖော်ထုတ်သတင်းပေးသူများကိုယ်တိုင်ကလည်း ပတ်ဝန်းကျင်နဲ့ သတင်းသမားများအပေါ် ပြောဆိုတိုင်ပင်ဆွေးနွေးဖို့ တွန့်ဆုတ်တယ်လို့ ဆိုကြပါတယ်။ တဦးနဲ့ တဦး သံသယသားကောင်တွေ ဖြစ်နေရတော့ အလုပ်ကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက်မလုပ်နိုင်ဘဲ အချိန်ယူရတာ ကြန့်ကြာရတာတွေ ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။
ကမ္ဘာမှာ စီးပွားရေးကျဆင်းမှုအလားအလာနဲ့ ငွေဖောင်းပွမှုကို ရင်ဆိုင်နေရသလိုမျိုး မြန်မာပြည်ကလည်း ပုံသဏ္ဍန်တူသော်လည်း အနှစ်သာရက ကွဲပြားပါတယ်။ မြန်မာပြည်ကတော့ နိုင်ငံရေးအကြပ်အတည်းနဲ့ ပြည်တွင်းစစ်မီး တိုးမြှင့်တောက်လောင်နေလို့ ဖြစ်ပါတယ်။ ပြည်တွင်းရွှေစျေးနှုန်းဟာ နေ့စဉ်ဆက်တိုက်မြင့်တက်နေပြီး သြဂုတ်လ ၁၈ ရက် ဒီကနေ့မှာ အခေါက်ရွှေ တကျပ်သားကို ၃,၉၃၀,၀၀၀ ကျပ်နဲ့ အမေရိကန် တဒေါ်လာကို ၃,၉၀၃ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ ရန်ကုန်မြို့ ရွှေနဲ့ နိုင်ငံခြားငွေစျေးကွက်က သိရပါတယ်။
ဒါဟာ သြဂုတ်လ ၁၇ ရက် မနေ့က အခေါက်ရွှေတကျပ်သားကို ၃,၈၇၀,၀၀၀ ကျပ် ကနေ မြင့်တက်ခဲ့တာဖြစ်ပြီး အမေရိကန် တဒေါ်လာကတော့ ၃,၇၉၉ ကျပ်ကနေ မြင့်တက်ခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၇ ရက် မနေ့က ကမ္ဘာ့ရွှေ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၈၉၄ ၊ ဒီကနေ့ သြဂုတ်လ ၁၈ ရက်မှာ ကမ္ဘာ့ရွှေ တအောင်စကို ၁,၈၉၁ ဒေါ်လာအထိ ကျဆင်းနေပေမယ့် မြန်မာ့ရွှေစျေးကတော့ အတက်ဘက်ကို ဦးတည်နေတာပါ။
သည်လိုမျိုး မြန်မာငွေစျေး ကျဆင်းနေချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကြားကာလဗဟိုဘဏ်နဲ့ နွေဦးဖွံဖြိုးရေးဘဏ်ကို ထူထောင်လိုက်တဲ့ NUG ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ မြန်မာပြည်သူတွေ၏ အွန်လိုင်းငွေစာရင်းများဖွင့်လှစ်မှုကို လက်ခံနေချိန်ဖြစ်တာမို့ စစ်ကောင်စီ ရိုက်ထုတ်တဲ့ ငွေစက္ကူစျေးနဲ့ ကြားကာလ ဗဟိုဘဏ်နဲ့ နွေဦးဘဏ်တို့က အာမခံချက်ပိုပေးနိုင်တဲ့ ငွေပေး ငွေယူ စနစ်တခုနဲ့ ဘယ်လိုခြားနားမှု တုန့်ပြန်မှုမျိုး လုပ်နိုင်မလဲဆိုတာကလဲ စိတ်ဝင်စားတဲ့ မေးခွန်း ဖြစ်နေပါတော့တယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar