ခိုင်မျိုး - ရွာထဲမှာ
ခိုင်မျိုး
(မိုးမခ) ဩဂုတ် ၂၅၊ ၂၀၂၃
ငါ့အိပ်ရာဘေးမှာက
သေဆုံးနေတဲ့ဇနီး
အမေဟာခြေတရွတ်ဆွဲလျက်
ငါ့ရှေ့မှာမှေးစက်
သင်္ကန်းစလေးလွင့်သွားသလို
မြစ်ထဲရောက်သွားသူအဖေ
အလောင်းမျှမမြင်ရ
အဘိုးဟာမျက်နှာသစ်ပြီးပြန်လည်လဲလျောင်းချိန်၊ အသက်ပါသွား
သံစူးခြေ
မဖြတ်လိုတဲ့ဆီးချိုအဖွားရဲ့
ကောက်ကွေးလှိုက်စားနေတဲ့ခြေထောက်အနာကြီးဆီက
ပြည်ပုပ်နံ့
နှုတ်ခမ်းတခြမ်းရွဲ့သွားတဲ့လေမိ
ငါ့အမေရဲ့ရယ်သံ
ရှန်သားအပွင့်နွမ်းနွမ်းလေးတွေဝတ်ထားတဲ့အမေရဲ့အင်္ကျီအပြာလေး
အခုငါ့ဆီက
ဘာကိုတောင်းရမ်းယူငင်လိုပါသလဲ
ငါ့ရင်ထိုးတွေကကြေကွဲမှုကို
မျက်ရည်နဲ့မံပြီးလုပ်ထားတာပေါ့
ငါနေထိုင်ရာနေရာဆိုတာ
သံရည်ပူတွေစီးဆင်းနေတဲ့မြစ်ဘေးနားကအိမ်ပေါ့
ငါ့အသက်ကလည်းမမြဲခြင်းထဲ
ပွင့်နေတဲ့ပန်းပေါ့
ရိုးသားစွာမရှိသောငါ
ဆင်းရဲခြင်းလမ်းပေါ်မွေ့လျော်ခဲ့ပါတယ်
တိမ်ရောင်စုံကြားက
သက်တံ့နတ်စောင်းတို့
ငါ့အကြောင်းကိုစာလုံးပေါင်းကြမှာပါ
ရွာထဲမှာ ..
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar