ဆယ်ပေါင်တူ - မင်းဘယ်ဒိုးမလဲ မိကြင်စိုး
ဆယ်ပေါင်တူ - မင်း ဘယ်ဒိုးမလဲ မိကြင်စိုး
(မိုးမခ) ဩဂုတ် ၂၄ ၊ ၂၀၂၃
မိကြင်စိုးအကြောင်း ပြောရသည်မှာ မကောင်းတာတွေချည်းပဲလို့ ဆိုလိုက်လျှင် ငြင်းမယ့်သူက မရှိမသလောက်ပင်။ ရွာထဲမှာ ငွေအနံ့လေးများ မရလိုက်နှင့်၊ မိကြင်စိုးတို့ တမိသားစုလုံး နှာခေါင်းတရှုံ့ရှုံ့ အမြီးတယမ်းယမ်းနဲ့လို့ ဆိုပြီး ဥပမာ ဥပမေယျ ပေးရလောက်အောင် ဣန္ဒြေမဆည်နိုင်ကြ။ ပြောသာပြောရသည် ရွာမှာရှိသမျှ လုပ်ငန်းအားလုံး မိကြင်စိုးတို့နှင့် မကင်းနိုင်လေတော့ အတော်ကို လုပ်တတ်ကိုင်တတ် ရှိလွန်းလှသည်ဟုပင် ဆိုရမလိုလို။
မိကြင်စိုးတို့ရွာတွင် အလှူလက်ဖက်နှင့် မျက်နှာလုပ်သည်ဟု ဆိုလေ့ဆိုထမရှိ၊ အလှူထမင်းထုပ်နှင့် ကျွန်လုပ်စေသည်ဟုသာ ပြောဆိုတတ်ကြသည်။ ဒီစကားကလည်း မိကြင်စိုးဆီကသာ အစပြုသည်။ ထပ်၍ ရှင်းရပေဦးမည်။ လက်ကြောမတင်းလေသော မိကြင်စိုးတို့ မိသားစုက မိရိုးဖလာ လယ်အလုပ်ကို ကိုယ်တိုင်လုပ်လေ့ မရှိ။ အများ သူငါလို လူငှားရမ်းပြီးလည်း မလုပ်ချင်ကြ။
သို့အတွက် ရွာထဲရှိ ခိုးဆိုးလုနှိုက် တသိုက်ကို လယ်ယာလုပ်ငန်းထဲ ဝင်ရောက် လုပ်ကိုင်ပေးခြင်းသည် ရပ်ကျိုး ရွာကျိုး သယ်ပိုးခြင်းပင် ဖြစ်ကြောင်း၊ မိကြင်စိုး ဆင်ပေးမည့် စွပ်ကျယ်လက်ပြတ်၊ အာကာထွန်းဘောင်းဘီ တို့ကို ဝတ်၊ ခြင်းကြား ကျောပိုးပြီးသွားလာပါက လူဆိုးလူပေလေးများလို့ မမြင်ကြတော့ပဲ ရပ်ရွာအတွက် တန်ဖိုးထားစရာ ခြံစည်းရိုးတိုင်လေးများလို့ တရွာလုံးက မြင်လာကြမှာ ဖြစ်ကြောင်း၊ ရွှန်းရွှန်းဝေအောင် မိကြင်စိုးက ပြောဆို စည်းရုံးသည်။
မိကြင်စိုးလေတွင် မျောပါသွားဟန် ပေါက်သည်နှင့် တပြိုင်နက် ‘နေ့တိုင်း စားဖို့ထမင်းထုပ်ကို လယ်ထဲ အဆင်း ခြင်းကြားထဲ စေတနာနဲ့ ထည့်ပေးလိုက်ဦးမှာ’ လို့ ထပ်ပြောပြီး ဆွဲဆောင်သည်။ ထမင်းတနပ် သမ္မာအာဇီဝကျကျ ရှာမစားတတ်ကြသူများ ဆိုတော့ အလကားစားသောက်ရမည့်အပြင် အာကာထွန်းယူနီဖောင်းနဲ့ ခြင်းကြားတလုံးလည်း အလကားရဦးမည် ဆိုကာ မိကြင်စိုး၏လယ်ကို အလကားပဲတင်း ထွန်ယက်စိုက်ပျိုးပေးဖို့ စိတ်ဝင်စားသွားကြသည်။
မိကြင်စိုးက ဒီလောက်နှင့် ရပ်မသွား။ ရွာထဲ အိမ်စေ့လှည့်ပတ်ပြီး ကိုယ့်တရွာတည်းသား အလုပ်မရှိအကိုင်မရှိ ကလေကဝလေးတွေကို ဝိုင်းဝန်းကူညီသည့်အနေဖြင့် ထမင်းထုပ်တွေ ပြင်ပေးကြဖို့၊ ဒီကုသိုလ်ကို သူတယောက်တည်း မယူချင်လို့ အချိန်ကုန်ခံ လာပြောရတာလည်း ဖြစ်ကြောင်းဆိုပြီး သူ့ကို ပြန်ကျေးဇူးတင်အောင်ပင် လုပ်ခဲ့သေးသည်။ နားချရ ခက်သည့်သူများဆီကိုတော့ သူ့ယောကျ်ား လှကြူကို ထပ်လွှတ်သည်။
ဘာ့ကြောင့်လဲဆိုတော့ လှကြူကို သူတို့ရွာထဲမှာ စာတတ်ပေတတ်လို့ သတ်မှတ်ထားကြသည်။ သူက မိကြင်စိုး တို့၊ မိမဲလုံးတို့လို ရွာကျောင်းက သူငယ်တန်း အောင်ရုံသက်သက်မဟုတ်။ ပိုစည်ကားသည့် သင်္ဘောဆိပ်ရှိသော ရွာကြီး၏ ကျောင်းတွင် ပထမတန်းအထိ တက်ဖူးသူ ဖြစ်သည်။ မြန်မာစာမှလွဲ၍ ဘယ်ဘာသာကိုမှ မအောင်မြင်ခဲ့သော်ငြားလည်း လှကြူနံမည်နောက်တွင် ပထမတန်း(မြန်မာစာ)ဟု ဝင့်ဝင့်ကြွားကြွား တပ်ပြီး ပြောနိုင်သူက ဤရွာမှာ သူသာရှိသည့်အတွက် ရွာသူရွာသားများက နည်းနည်းပါးပါး အထင်ကြီးကြသည်။ ထို့ကြောင့် တချို့ကလည်း လှကြူပြောလျှင် ပိုနားဝင်တတ်ကြသည်။
ဤသို့ ကုလားဖန်ထိုးတတ်မှုကြောင့် သူများပေးသော ထမင်းထုပ်ဖြင့် အိပ်ကပ်ထဲမှ တပြားတောင် မကုန်လိုက်ဘဲ မိကြင်စိုး၏ လယ်အလုပ်များကို အာကာထွန်းအုပ်စုအား လယ်ကျွန်များပမာ ခိုင်းစေနိုင်ခဲ့သည်။ ထမင်းထုပ်ကို ထည့်မပေးခင် အရင်ဖွင့်ကြည့်ပြီး စားကောင်းမည့် ဟင်းများဆိုပါက သူတို့အတွက် ယူထားကာ ကုလားပဲ ရည်ကျဲ ဆမ်းထားသော ထမင်းထုပ်ဖြင့် အသာလဲပေးလိုက်သေးသည်။
‘တလုပ်စားဖူး သူ့ကျေးဇူး’ ဆိုပေမယ့် ငါ့ကို ရှိခိုးမတတ် ကျေးဇူးတင်နေဖို့လည်း မလိုပါဘူး၊တော်ရုံတန်ရုံပဲ ကျေးဇူးသိကြ’ ဆိုပြီး သူကပဲ ဒီထမင်းထုပ်တွေ စေတနာဗရပွနဲ့ အကုန်အကျခံ ကျွေးမွေးသယောင်ယောင် တင်တင်စီးစီးလည်း ပြောတတ်ပြန်သည်။ စာသံပေသံနဲ့ ပြောရလျှင် ရွာ၏ဘဏ္ဍာ၊ ရွာသူရွာသားများ၏ ငွေကြေးဖြင့် ကျွေးမွေးတာမျိုးကို ကြားမှနေ၍ မိကြင်စိုးက အမှတ်ဝင်ယူနေခြင်းပင်။ ရေမျောကမ်းတင် ထုံထူအန လူ့ဗာလနံလေးများကတော့ မိကြင်စိုးသာအမိ မိကြင်စိုးသာအဖ ဆိုပြီး ကျေးဇူးရှင်ကြီးပမာ ထင်နေရှာတော့သည်။
ရွာသူရွာသားများက ဒါကို မသိ မဟုတ်၊ မိကြင်စိုး လူလည်ကျသည်ကို နားလည်ကြသော်လည်း မိကြင်စိုးနှင့် အဖက်လုပ် အချေအတင် မပြောလိုသဖြင့် ထမင်းထုပ်ဆို ထုပ်ပေးလိုက်သည်။ ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုး ဆိုလျှင်လည်း နားပူခံမနေပဲ ပေးလိုက်ကြပြန်သည်။ အမှန်ဆိုလျှင် ပြောခဲ့ဖူးသလို မိကြင်စိုးသည် ဘာမှမဟုတ်၊ သူကြီးလည်း မဟုတ်။ သို့သော်လည်း တရွာလုံး သတိထား ဆက်ဆံနေကြရသည့် အကြောင်းက ရှိပေသည်။
မိကြင်စိုးတွင် အထက်ကပြောခဲ့သည့် ခိုးဆိုးလုနှိုက် လယ်ကျွန် ဆိုးပေတသိုက်သာ ရှိသည်မဟုတ်။ သူ့စကားသံကိုသာ နားထောင်ပြီး၊ သူ ခိုင်းသမျှ လိုက်လုပ်တတ်သည့် ခိုးဆိုးလုကိုက် တအုပ်လည်း ရှိသေးသည်။ သူရှူးတိုက်သည်နှင့် တပြိုင်နက် မာန်ဖီကာ လိုက်ကိုက်ကြသည့်အတွက် ရွာထဲကလူများ အမြဲသတိရှိကြရပြီး မိကြင်စိုးကို ရွံကြောက်ကြီးလို သဘောထားကြသည်။
သူများ မြို့ကြီးပြကြီးတွေမှာ မွေးမြူထားသလို လူ့စကားနားထောင်ပြီး လိမ်မာသိတတ် သင်ပေးလို့ရသည့် သတ္တဝါမျိုး မဟုတ်။ ဒါကလည်း မိကြင်စိုးက မျိုးကောင်းမျိုးသန့်များ ရှာဖွေမွေးထားတာ မဟုတ်ပဲ လမ်းပေါ်မှ တွေ့ရာ အလေအလွင့်များကို ကောက်ဖမ်းလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ရွာထဲက မွေးထားသည့် ကြက် ဘဲများ ဝင်ဆွဲလိုဆွဲ၊ ထမင်းဟင်းအိုး မှောက်လှန်ပြီး စားလိုစား၊ မြင်မြင်ရာ ကိုက်ချင်သလိုကိုက်၊ ချီချင်ရာချီသွားနှင့် တရွာလုံး စိတ်ညစ်ကြရသည်။
ခြောက်ကြ၊ ဟန့်ကြသည့် လူ့စကားကို နားမလည်ကြသော်လည်း မိကြင်စိုးနဲ့ကျတော့ လေပေးကို ဖြောင့်လို့ပင်။ မိကြင်စိုးက ဒါကို ကြံဖန်ဂုဏ်ယူလိုက်သေးသည်။ သူက ဘာသာစကား နှစ်မျိုးတတ်သည် ဆိုပဲ။ ပြောမည်ဆိုရင်လည်း ပြောချင်စရာ၊ သူတို့ သူတို့ချင်းကျတော့ အာဝုလိုက်၊ ဝုတ်လိုက်၊ အချင်းချင်း ဟုတ်လို့ကို နေပေသည်။
မိကြင်စိုးတို့ မိသားစု လူလည်ကျတာကတော့ သူတို့အတွက် လယ်ကျွန်ပမာ လုပ်ကိုင်ပေးသည့် အာကာထွန်း အုပ်စုကိုလည်း ချန်မထား။ အာကာထွန်းတို့က သူများရပ်ရွာမှာ သူတို့လိုလူတွေကို အခကြေးငွေ ပေးကြသည် ဆိုပြီး ပြောလာသည့်အခါ မိကြင်စိုးက တမျိုးအကြံထုတ်ပြန်သည်။
စပါး၊ ပဲ၊ နှမ်း၊ သီးနှံပေါ်လျှင် သူတို့ကို ခွဲဝေပေးမည်ဟု နားချသည်။ သို့သော် မိကြင်စိုးက သူ့အိပ်ကပ်ထဲ ပြန်ဝင်အောင် ချည်တုပ်လိုက်သည်။ အမြတ်အစွန်း ပိုရအောင်ဆိုကာ သူ၏ အရက်ပုန်းလုပ်ငန်း၊ ဆေးလိပ်ခုံလုပ်ငန်းတို့ထဲ ငွေပြန်ထည့်စေသည်။ ထို့အပြင် ပိုးထိလို့ပဲ ဖြစ်ဖြစ် တခြားအကောင်ပလောင် ကိုက်လို့ပဲ ဖြစ်ဖြစ် ဆုံးပါးသွားပါက ပြန်လျော်ပေးမည်ဆိုကာ သူ့သားကို အာမခံ ကိုယ်စားလှယ်လုပ်စေသည်။
ဒီနေရာမှာလည်း ထပ်ညစ်ပြန်သေးသည်။ ဆိုကြပါစို့၊ မိကြင်စိုးတို့ ယာမြေတွေရှိသည့် လက်ခုပ်တောဘက် ဆိုလျှင် မြွေဟောက် အလွန်ပေါသည်။ မြွေဟောက် အကိုက်ခံရပြီး ကိစ္စတုံးသွား၍ လျော်ကြေး သွားတောင်းပြန်လျှင်လည်း မြွေက အထီးလား၊ အမလား၊ လိင်တူချစ်သူလား၊ မြွေပျိုလား၊ မြွေအိုလား၊ ဘယ်နှနှစ်သားလဲ၊ မြွေရဲ့ လိပ်စာကို ပြောပြ စသဖြင့် ကတ်သီးကတ်သပ် မေးခွန်းများ မေးလေသည်။
အတိအကျ ဘယ်လိုမှ မဖြေဆိုနိုင်ကြသည့်အခါတွင် ရုံးကိုတင်ရ လျှောက်ရမှာဖြစ်၍ ရုံးကိစ္စမှာ ဒီလိုမှ အတိအကျ မဖြေနိုင်ရင် လျော်ကြေးမပေးနိုင်ဟုဆိုကာ ညစ်လိုက်ကြသည်။ ဒီလိုနှင့် မိကြင်စိုးသားဆီက ငွေပြန်ရဖူးသူ တယောက်မှမရှိ။
ခိုးဆိုး လုနှိုက်အုပ်စုကလည်း မိကြင်စိုး ဆင်ထားသည့် အာကာထွန်း ယူနီဖောင်းတွေ ဝတ်ကာ ဟန်ရေးသာပြနေသော်လည်း အသည်းကတော့ အတော်လေးငယ်ကြသည်။ တောမှာမွေး၊ တောမှာကြီးကြသူများ ဖြစ်ပေသည့် ပဒပ်လေးတွေ မြင်လျှင် သေမတတ်ကြောက်ပြီး ထွက်ပြေးတတ်ကြသည်။ ဒီလိုလူမျိုးတွေကတော့ မိကြင်စိုးဆီမှာ ထည့်ထားသောငွေများကို ပြန်ရဖို့ စိတ်မကူးကြလေနှင့်။
မိကြင်စိုး၏ သမီးကျပြန်တော့ အပေါင်ဆုံး ဖုန်းတလုံးနှင့် ဟိုရိုက်ဒီရိုက် လုပ်ကာ ဗီဒီယိုဇာတ်ကားဆိုပြီး ရွာထဲမှာ ခပ်တည်တည်ပြပြီး ငွေရှာသည်။ ထိုကားထဲတွင် ပါလိုသူများက မိကြင်စိုးသမီးကို ပိုက်ဆံပေးရပြန်သည်။ မိကြင်စိုးကို ရှိန်ကြသူများကတော့ မကြည့်ချင်လည်း ငွေကုန်ခံ၍ လာလာကြည့်ကြရလေသည်။ တမိသားစုလုံး စီးပွားသောင်းကျန်းချက်က ပြော၍ပင် မကုန်နိုင်တော့။
မိကြင်စိုး၏ အပေါင်ဆိုင်တွင် ပေါင်နှံလေ့ရှိသည့် ရွာလယ်မှ ဗိန္ဓောဆရာ၊ ရွာစွန်မှ အကြောပြင်ဆရာတို့ အတိုး လာပေးမည့် နေ့ဆိုလျှင် မိကြင်စိုးက လူနာများစုထားပြီး ကြုံကြိုက်တုန်းဆိုပြီး ခရီးသွားဟန်လွှဲ သဘောထားကာ လူနာ အလကားကြည့်စေသည်။ ထို့အတွက် သူတို့တပြားမှ ရမသွားရှာသော်လည်း မိကြင်စိုးက လူနာများဆီက ပုံမှန်စျေးထက် လျှော့ပြီး ပိုက်ဆံကောက်လိုက်သည်။ နှစ်ဦးနှစ်ဖက် အဆင်ကိုပြေလို့ပင်။
မိကြင်စိုးတို့ ဗိုလ်ကျ၊ လူလည်ကျသမျှတို့ကို တော်တော်များများက ငုံ့ခံလာကြသော်လည်း အခုတော့ အခြေအနေပြောင်းသွားပြီဟု ဆိုရပေမည်။ ရွာထဲက နောက်ပေါက်ကလေးတွေက လက်မခံနိုင်ကြတော့ပဲ မိကြင်စိုးတို့ကို ပညာပြန်ပေးကြလေပြီ။ တောထဲမှ ငှက်များကို ယဉ်အောင်မွေး၊ သင်ကြားပေးကာ မိကြင်စိုးတို့ အဖော်တသိုက် သွားလာသည့်နောက်က လိုက်စေပြီး ခေါင်းပေါ် ငှက်ချေး ပါချစေသည်။ ပြီးတော့ ချုံပုတ်ထဲ ဝင်ပုန်းကြပြီး မိကြင်စိုး တင်ပါးကို သားရေကွင်းဖြင့် ခပ်စပ်စပ် ပစ်ကြသည်။
ခပ်ဝေးဝေးမှလည်း လေးခွဖြင့် ချိန်ရွယ်ပစ်ပြီး ပညာပေးသည်။ မိကြင်စိုးတို့ မိသားစု ညည အိပ်မောကျနေချိန်မှာ အိမ်ရှေ့တွင် သံပုံး ဆူဆူညံညံတီးပြီး ခြောက်လှန့်သည်။ မိကြင်စိုးတို့ စက်ဘီးစီးလာရာလမ်းမှာ သံမှိုများထောင် ချိုင့်များတူးထားကြကာ စက်ဘီးလဲအကျတွင် ဗြောက်အိုးပါ ထပ်ဖေါက်လိုက်ကြသည်။ အလန့်တကြားနှင့် မိကြင်စိုးတို့ လူးလဲအထ ဟိုပေါ်ဒီပေါ်ဖြစ်ကြသည်များကို ဖေစ့်ဘွတ်ပေါ် တင်ကြလေသည်။
မိကြင်စိုး အသည်းကျော် ခိုးဆိုးလုကိုက် တသိုက်လည်း အမဲလုံးမိလို့ ကိစ္စချောပြီး သိပ်တောင်မကျန်တော့။ အာကာထွန်းအုပ်စုလည်း မနေရ၊ လယ်ကွင်းထဲ အိပ်နေတုန်း မြွေဟောက်တွေ ဖမ်းလာပြီး အာကာထွန်း ဘောင်းဘီထဲ အသာလေး ထည့်သွားကြသည်။ သူတို့ကြောက်တတ်သော ပဒပ်များကိုလည်း လယ်ကွင်းအနှံ့ လွှတ်ပေးကြသည်။ ဤသို့ဖြင့် သူ့လူတွေလည်း တဖြုတ်ဖြုတ်၊ သူကိုယ်တိုင်လည်း ကျီးလန့်စာစား ဖြစ်လာရသည့်အတွက် မိကြင်စိုး ဆောက်တည်ရာ မရတော့ပေ။
‘ဒီရွာမှာ ဆက်နေလို့တော့ မဖြစ်တော့ဘူး’ဟုဆိုကာ မိကြင်စိုးတို့ မိသားစု အထုပ်အပိုး ပြင်ကြကာ နွားတရှည်း ကိုလည်း အသင့်လုပ်ထားကြသည်။ ခက်သည်က ဘယ်ပြေးကြရမည် ဆိုသည်ကို မသိတာပင်။ ပေါက်ဖော်ကြီး တို့မြို့၊ ကိုပုတင်တို့မြို့ တို့ကိုစဉ်းစားကြည့်ပေမယ့် ဘယ်သူကမှ လိုလိုလားလား မဖိတ်ခေါ်ကြ။ နီးနီးနားနားရွာ ဆိုပြန်တော့လည်း ပုလင်းတူဗူးဆို့ ရွာသူကြီးက ပြုတ်သွားခဲ့လေပြီ။
အမှန်ကတော့ မိကြင်စိုးတို့ ဘယ်ကိုမှ မပြေးချင်၊ ဒီရွာမှာက လုပ်စားလိမ်စား ဗိုလ်ကျလို့ကောင်းသည်။ အခုတောင် တချို့ လူညစ်လူကောက်တွေ လုပ်သလို ရွာမှာ စကျင်ကျောက်တုံး ခြံခတ်ပြီး ဝင်ကြေးကောက် ပိုက်ဆံရှာဖို့ ပြင်ဆင်နေတုန်း အခုလိုဖြစ်လာရသည်က တကယ့်ကို မခံချိမခံသာ အသည်းယားချင်စရာ။
မရှူနိုင်မကယ်နိုင် မျက်ကလူးဆန်ပျာ ဖြစ်နေသည့် မိကြင်စိုးမှာ မြို့ပေါ် တက်တုန်းက ကြားဖူးသည့် ဟိုအကယ်ဒမီမင်းသားကြီးရှိစဉ်က နံမည်ကြီးခဲ့သော သီချင်းတပုဒ်ကို အော်ဟစ်သီဆို ပစ်လိုက်ချင်စိတ် ပေါက်နေသည်။
‘ထွက်ပေါက်တွေ ပိတ်မထားပါနဲ့ ၊ ထွက်.. ထွက်..ထွက် ပေါက်တွေ ပိတ်မထားပါနဲ့ ၊……..တံခါးတွေ ဖွင့်ပေးပါ’ ဆိုလား။ မိကြင်စိုးတို့အတွက်တော့ တကယ်ပင် ထွက်ပေါက်တွေ ပိတ်နေလေပြီ။
မိကြင်စိုးက မျက်နှာပြောင်သူပီပီ အပူရုပ်ကို ကြိုးစားဟန်လုပ်နေရှာလည်း လှကြူတယောက်ကတော့ ဟန်မဆောင်နိုင်ရှာ။ ညညဆိုလျှင် ကောင်းကင်ကို မော့ကြည့်ကာ သူ သင်ခဲ့ဖူးသည့် ဖတ်စာထဲက သတိရတာလေးတွေ နှင့် ပေါင်းစပ်ပြီး
‘ညအခါ လသာသာ
မကစားနိုင်ပါ မနားနိုင်ပါ
မကြာမီ ကဒါဖီလို ဖြစ်တော့မလား
ဆဒမ်ကြီးလို အပြန်ပြန် အတီးခံရတော့မှာလား
အမယ်မင်း အရပ်ကတို့ရဲ့ ကိုယ်ကျိုးတော့ နည်းရချေပြီ’
ဟု သံနေသံထားနှင့် အသည်းကွဲသည့် လှနု (အဲလေ) အသည်းနုသည့် လှကြူ- ပထမတန်း (မြန်မာစာ)က ရှိုက်ကြီးတငင် အော်ငိုချလိုက်သည့်အခါ လက်ကျန် ခိုးဆိုးလုကိုက်တသိုက်ကလည်း နောက်ကလိုက်ပြီး ဝိုင်းအူကြသဖြင့် ရွာလယ် နေပြည်တော်လမ်းမတလျှောက် ဆူညံပွက်သွားလေပါတော့သည်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar