ရုတ်တရက်တက်လာတဲ့ ကုန်ဈေးနှုန်းတွေထဲ ရုန်းကန်ရှင်သန်နေရတဲ့ အောက်ခြေက ပြည်သူလူထုတွေ
မြန်မာနွေဦး ခရိုနီကယ် - သြဂုတ် ၂၄ မြင်ကွင်း
ရုတ်တရက်တက်လာတဲ့ ကုန်ဈေးနှုန်းတွေထဲ ရုန်းကန်ရှင်သန်နေရတဲ့ အောက်ခြေက ပြည်သူလူထုတွေ
ခုသီတင်းပတ်တွေမှာ ရုတ်တရက်မြင့်တက်လာတဲ့ နိုင်ငံခြားငွေ၊ နေ့စဥ် စားသောက် ကုန်ပစ္စည်းတွေကြောင့် ပြည်တွင်းမှာ နေထိုင်နေကြရသူတွေ အဖို့ နေ့ချင်း ညချင်းဆိုသလို ရနေတဲ့ လုပ်အားခတွေက တန်ဖိုး ၄၀ ရာနှုန်းလောက် ကျဆင်းသွားပြီး နေ့စဥ် ထမင်းစားဖို့တောင် ခက်ခဲကြပ်တည်းလာတဲ့ အနေအထားမျိုးဖြစ် လာနေတာပါ။
နေ့စဥ် ထမင်းစားဖို့ရာ ဆန်စျေးတွေတက်ရာမှာ ငစိန်အုပ်စု ဆန်ထဲက အနည်းငယ် အရည်အသွေးကောင်းတဲ့ မနောသုခ ဆန်အမျိုးအစားတောင် တပြည်ကို ကျပ် ၅ထောင်ဖြစ်လာပြီး ဟင်းချက်ရာမှာသုံးတဲ့ စျေးအချိုဆုံးဆိုတဲ့ စားအုန်းဆီဈေးက တပိသာကို ကျပ် ၁၂၀၀၀/၁၃၀၀၀ အထိတက်လာသလို အသား၊ ငါး ဈေးတွေတက်လာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေမှာ နေမကောင်းဖြစ်ခဲ့ရင် သို့မဟုတ် ကျန်းမာရေးအတွက် ပုံမှန် သောက်သုံးနေရတဲ့ ဆေးဝါးဈေးတွေလည်း ငွေလဲနှုန်းပေါ် အမှီပြုပြီး တက်ကုန်ကြတာပါ။
တဖန် လောင်စာဆီဈေးတက်တာကြောင့် သွားလာစရိတ်တွေက သိသိသာသာ မြင့်တက်လာနေတာကြောင့် မြန်မာနိုင်ငံက အောက်ခြေအလွှာက နေ့စား အလုပ်သမားတွေ၊ ဘေးပန်းမရတဲ့ ဝန်ထမ်းတွေ၊ စက်ရုံအလုပ်ရုံက လုပ်ခစား အလုပ်သမားတွေရဲ့ ဘဝက ခု တလ နှစ်လ အတွင်းမှာကိုပင်လျင် ရနေတဲ့ ဝင်ငွေက ၄၀ရာနှုန်းလောက် အငွေ့ပျံသွားတဲ့ သဖွယ်ဖြစ်လာတဲ့ သဘောပါ။
မုန့်ဟင်းခါးတပွဲကို ကျပ် ၁၄၀၀/ ၁၅၀၀ လောက်ရောင်းချနေကြပြီး လက်ဘက်ရည်တခွက် ကျပ် ၁ ထောင်၊ ၁ ထောင်ကျော် ရှိလာတာကြောင့် တလကို ကျပ် ၁ သိန်းကျော်လောက်သာ ဝင်ငွေရှိတဲ့ သူအဖို့ မနက်ခင်း လက်ဖက်ရည်ဆိုင် ထိုင်သောက်ဖို့ မဖြစ်နိုင်တော့သလို အိမ်မှာလည်း ထမင်းကြော် ကြော်စားဖို့တောင် ဆီဈေးကကြီးတာကြောင့် ထမင်းကြမ်းသာ စားကြရမယ့် အနေအထားမျိုးလို့ ဝန်ထမ်းတယောက်က ငြီးငြူပြောဆိုပါတယ်။
အလုပ်သွားတဲ့ ဆိုင်ကယ်ဆီထည့်ဖို့ ကုန်ကျစရိတ်က မြင့်လာတာကြောင့် ဆိုင်ကယ်ကိုတောင် ခြိုးခြံချွေတာပြီး စီးနင်းရသလို၊ တနေရာရာမှာ ရပ်နားပြီးထားခဲ့ရင် ခိုးခံရမယ့်အရေး အမြဲတမ်းစိုးရိမ်နေရသလို၊ တခါတရံ လမ်းမှာ လူကိုရိုက်နှက်ပြီး ဆိုင်ကယ်လုယူခံရမယ့် အရေးလည်း စိုးရိမ်ကြရတယ်လို့ ဆိုပါတယ်။ သတင်းတွေထဲ တက္ကစီငှားစီးပြီး တက္ကစီမောင်းသူကို သတ်ဖြတ်တာမျိုး၊ ရိုက်နှက်တာမျိုးလုပ်ပြီး ကား၊ ဖုန်း၊ ငွေလုယူသွားတာတွေ၊ လူကို ရိုက်နှက်ပြီး ဆိုင်ကယ်ကို ယူသွားတာတွေ နေ့စဥ်လိုလို သတင်းတွေထဲ ကြားသိနေကြရတာ ဖြစ်ပါတယ်။
လူတွေ ခက်ခဲကြပ်တည်းလာတာကြောင့် လမ်းကြုံလိုက်ချင်လို့ လမ်းမှာ ဆိုင်ကယ်တားစီးတာမျိုးတွေလည်း အခုလပိုင်းတွေမှာ မကြာမကြာ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။ တဖက်မှာ ကိုယ့်လို ကြပ်တည်းခက်ခဲကြတာကို နားလည်ပေမယ့်လည်း တဖက်မှာ ပိုပြီးများပြားလာတဲ့ ရာဇဝတ်မှုတွေကြောင့် ကူညီချင်ပေမယ့် မယုံရဲလို့ ခရီးကြုံမတင်ရဲဘူးလို့ ဆိုပါတယ်။
ဒီလို အကြပ်အတည်းတွေ နေ့စဥ်ဘဝမှာ ထမင်းနပ်မှန်စားသောက်နိုင်ရေး၊ မကျန်းမာရင် အခြေခံ အသက်သာဆုံး ကျန်းမာရေး ဝန်ဆောင်မှုလောက်ကို ရယူခံစားနိုင်ဖို့ အနေအထားကို လက်လှမ်းမမှီတော့တဲ့ သူတွေ တနေ့ထက်တနေ့ ပိုပြီးများလာနေတာဖြစ်ပါတယ်။ ကျပ် ၂ သောင်းတန်ထုတ်ဖို့ ကြေညာလိုက်တဲ့ နောက် ဂယက်ရိုက်ခတ်တာ၊ အမေရိကန်က စစ်ကောင်စီ လက်အောက်က နိုင်ငံခြားဆက်သွယ်ဆောင်ရွက်တဲ့ ဘဏ်ကို ပိတ်ဆို့လိုက်သလို အဲဘဏ်နဲ့ ဆက်သွယ်လုပ်ကိုင်တဲ့ ဘဏ်တွေပါ ပိတ်ဆို့ခံရမယ့် အနေအထားကြောင့် စင်ကာပူနိုင်ငံက ယူအိုဘီ ဘဏ်က မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ ဘဏ်စာရင်းတွေကိုပါ ဝန်ဆောင်မှု လုပ်မပေးဖို့ လုပ်ဆောင်ရာက စီးပွားရေးပို့ကုန်၊ သွင်းကုန် ကိစ္စရပ်တွေမှာ စိုးရိမ်မှုတွေ ပေါ်ထွက်လာပြီး လောင်စာဆီတင်သွင်းတဲ့ လုပ်ငန်းတွေရော အခြားလုပ်ငန်းတွေကိုပါ သက်ရောက်မှုတွေ ရှိလာနေတဲ့ သဘောမျိုး သတင်းဖေါ်ပြမှုတွေမှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အုပ်ချုပ်နေတဲ့ အောက်မှာ စီးပွားရေးအရ ကမောက်ကမ ဖြစ်ခြင်းဟာ တော်လှန်ရေး အတွက် အကျိုးရလဒ် ရှိနိုင်တယ်ဆိုတဲ့ ယေဘုယျ အမြင်လည်း ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ တလွဲစီမံခန့်ခွဲမှု၊ စစ်စားရိတ် သုံးစွဲမှုတွေက ငွေကြေးဖောင်းပွမှု ဖြစ်စေတဲ့ အကြောင်းအချက်တွေ ဖြစ်တာ အမှန်ပင် ဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေမှာ နိုင်ငံတကာက စစ်လက်နက်ဝယ်ယူမှုနဲ့ လေယာဥ်ဆီ ဝယ်ယူမှုလိုမျိုးကို ရည်ရွယ်ကာ ပိတ်ဆို့မှုတွေ ထပ်မံလုပ်ဆောင်ခြင်းက ကျပ်ငွေ တန်ဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကို ထပ်မံတွန်းအားပေးသလို ဖြစ်စေပြီး ပြည်တွင်းက အောက်ခြေလူထုတွေ ရဲ့ အသက်ရှင်သန်နေထိုင်ရေးက ပိုပြီးခက်ခဲလာနိုင်ပါတယ်။
တဖက်မှာလည်း ပြည်သူလူထုထံက လှူဒါန်းငွေအပေါ် အဓိက မှီခိုလှုပ်ရှားနေရတဲ့ တော်လှန်ရေး အင်အားစုတွေအဖို့လည်း လူထုအနေနဲ့ စီးပွားရေးကျပ်တည်း ခက်ခဲလာခြင်းက တော်လှန်ရေးအတွက် ရံပုံငွေထည့်ဝင်ခြင်းကို ထိခိုက်လာနိုင်ခြေလည်း ရှိနေတာဖြစ်ပါတယ်။ အခုကြုံတွေ့နေရတဲ့ စီးပွားရေး အကျပ်အတည်းက နိုင်ငံရေး အုံကြွမှုကို ပိုပြီးအထောက်အပံ့ ဖြစ်စေမလား သို့မဟုတ် အသက်ရှင်သန်ရေး ကျပ်တည်းမှုတွေကြောင့် ထိန်းသိမ်းရခက်ခဲတဲ့ လုယက်မှုတွေလို အငတ်ဘေးတွေလို အခြေအနေမျိုး ကြုံတွေ့နိုင်သလား ဆိုတာလည်း နိုင်ငံရေး အရဦးဆောင်နေသူတွေအဖို့ ထည့်သွင်းစဥ်းစားကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar